News

POST TYPE

EDUCATION

ပညာရေးအတွက် တက်ဘလက်
02-Jun-2018
ခေတ်မီစာသင်ခန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် ကျောင်းသားများ ကွန်ပျူတာနည်းပညာကို ပညာရေးအတွက် အကျိုးရှိစွာအသုံးပြုနိုင်ရန် Apple ကုမ္ပဏီက တန်ဖိုးသင့် တက်ဘလက်များကို ထုတ်လုပ်လိုက်ပြီဖြစ်သည်။ တန်ဖိုးသင့်ဟု ပြောရခြင်းမှာ အကြောင်းရှိပါသည်။ Apple ကုမ္ပဏီ ထုတ်နည်းပညာပစ္စည်းများသည် ဈေးမပေါပါ။ ကလေးတစ်ယောက် တက်ဘလက်တစ်လုံးဆိုပြီး ကြံဆောင်နေသူတွေက ဒေါ်လာ ၁၀၀ တန် ပေါပေါများများ တက်ဘလက်တွေကို ထုတ်ရန် ကြိုးစားနေချိန်တွင် ယခု Apple က ထုတ်လိုက်သည့် ပညာရေးအတွက် iPad တက်ဘလက်များကလည်း ဒေါ်လာ ၃၀၀ ကျော်လောက်နှင့် ထုတ်ပေးမည်ဖြစ်သောကြောင့် တန်ဖိုးသင့်ဟူ၍ ပြောရမည်ထင်ပါသည်။

Apple က ယခုပညာရေးအတွက် သီးသန့်ထုတ်လိုက်သည့် iPad တက်ဘလက်များသည် အရွယ်အစားမျက်နှာပြင်က (9.7-inch) ဖြစ်သည်။ ထူးခြားသည်မှာ တက်ဘလက်ပေါ်တွင် စာရေးနိုင်၊ ပုံဆွဲနိုင်မည့် (Pencil) လို ကလောင်တံတစ်ချောင်းနှင့် ဆော့ဖ်ဝဲကို ထည့်ပေးလိုက်ခြင်းဖြစ်သည်။ ထို့ကြောင့် တက်ဘလက်ပေါ်တွင် စာရွက်တစ်ရွက်ကဲ့သို့ ကျောင်းသားများရေးမှတ်ခြင်း ပုံဆွဲခြင်းတို့ကို အလွယ်တကူ လုပ်ဆောင်လာနိုင်ပေတော့မည်။

ယခုအသစ်ထုတ် iPad တွင် Processor ကိုလည်း နောက်ဆုံးပေါ် (A10 Fushion chip) ကို ထည့်သုံးထားသည်။ အသုံးပြုထားသည့် OS (ကွန်ပျူတာ လုပ်ဆောင်ရေးစနစ်) က iOS 11 ဖြစ်သည်။ ကွန်ပျူတာဖွင့်သည့် Touch ID စနစ်နှင့် ဘက်ထရီကလည်း ၁၀ နာရီသုံးနိုင်မည်ဖြစ်သည်။ ဒေတာသိုလှောင်စနစ်မှာ အမျိုးမျိုးကွဲပြားသွားမည်။

ယခုဆိုလျှင် Apple ၏ iPad အသစ်ကို အမေရိကန်ပြည်ထောင်စု၊ အီလီနွိုက်စ်ပြည်နယ်၊ ချီကာဂိုမြို့ရှိ Lane Tech College Prep High School ကျောင်းတွင် အသုံးပြုနေကြသည်။ ပုံမှန်နှုန်းအားဖြင့် အပြင်လူများ ဝယ်သုံးမည်ဆိုလျှင် ၃၂၉ ဒေါ်လာပေးရသည်။ ကျောင်းသားတွေအတွက် ရောင်းချပေးနေသည့်နှုန်းမှာ ၂၉၉ ဒေါ်လာဖြစ်သည်။ Pencil တစ်ခုတည်း သီးခြားဝယ်မည်ဆိုလျှင် အရပ်ထဲက ၉၉ ဒေါ်လာနှင့် ဝယ်ရမည်ဖြစ်ပြီး၊ ကျောင်းသားဆိုလျှင် ၈၉ ဒေါ်လာဖြစ်သည်။ ပညာရေးအတွက် အသုံးပြုရန် ဆော့ဖ်ဝဲတွေလည်း ထည့်ပေးထားသေးသည်။ 

iPad အသစ်ထဲတွင် ဆရာများအတွက် သီးခြားဆော့ဖ်ဝဲဖြစ်သည့် Schoolwork ဆိုသည့် ဆော့ဖ်ဝဲကို ထည့်ပေးထားသည်။ Cloud ကို အခြေခံထားသည့် ဆော့ဖ်ဝဲဖြစ်ပြီး အခမဲ့ရယူနိုင်သည်။ ဆရာများအတွက် အချက်အလက်များကို PDF ပြောင်းပြီး ကျောင်းသားများကို ဖြန့်ဝေပေးနိုင်ခြင်း၊ ကျောင်းသားများကို Assignment များ ချပေးနိုင်ခြင်း၊ ကျောင်းသားများနှင့်ချိတ်ဆက်ပြီး အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းတို့ကို ပြုလုပ်နိုင်သည့် ဆော့ဖ်ဝဲလ်ဖြစ်သည်။ အကယ်၍ ကျောင်းသားက သင်္ချာတွက်၍မရဆိုလျှင် ကျောင်းသားလုပ်နေသည့် အိမ်စာသင်္ချာကို ဆရာက တိုက်ရိုက်စောင့်ကြည့်နိုင်သည်။ ဆရာက အကြံပြုနိုင်သည်။ ကျောင်းသားက ဆရာနှင့် ဆွေးနွေးပြီး သင်ခန်းစာကို ပြီးစီးအောင် ဆက်လုပ်သွားနိုင်သည်။ Schoolwork ဆော့ဖ်ဝဲက ကျောင်းသား ဘာတွေလုပ်နေသည်ကိုလည်း တိတ်တဆိတ်ထောက်လှမ်းပြီး စောင့်ကြည့်နိုင်သည်ဟုဆိုသည်။ ထိုဆော့ဖ်ဝဲကို ဇွန်လတွင် စတင်ပြီးဖြန့်ချိပေးတော့မည်။ 

Apple ကုမ္ပဏီက ပညာရေးနှင့်ပတ်သက်သည့် ဆော့ဖ်ဝဲပေါင်း ၂ သိန်းခန့်ကို သူ၏ App Store တွင် တင်ထားပေးသည်။ အွန်လိုင်းကတစ်ဆင့် သုံးစွဲနိုင်ရန် စီစဉ်ပေးထားခြင်းဖြစ်သည်။ 

လက်ရှိအနေအထားတွင် Google ကလည်း Chromebook ဆိုပြီး Notebook လေးတွေ ထုတ်နေသည်။ Google က ထုတ်သည့် Chromebook များ၏ အားသာချက်များမှာ ကီးဘုတ်ပါခြင်း၊ Wi-Fi ကို အလွယ်တကူ အသုံးပြုနိုင်ခြင်းတို့ကြောင့် Apple ထက် ဈေးကွက်ကိုပိုရသည်။ တန်ဖိုးကလည်း ဒေါ်လာ ၂၀၀ လောက်နှင့် ဖြန့်နေသောကြောင့် Apple ထက်လည်း ဈေးပိုပြီးသက်သာနေသည်။ 

အမေရိကန်ပြည်ထောင်စုတွင် နည်းပညာကို ပညာရေးတွင် အသုံးပြုနေမှုများက အားရစရာဖြစ်သည်။ ကျောင်းတိုင်းလိုလိုတွင် တက်ဘလက် သို့မဟုတ် Notebook တွေကို ထည့်ပေးနိုင်ရန် ကြိုးစားနေကြသည်။ နောက်ပိုင်း Google ၏ Chromebook တွေကလည်း နေရာရလာသည်။ ဈေးကိုလျှော့ပေးပြီး ကျောင်းသားတိုင်း အသုံးပြုနိုင်စေရန် ရည်ရွယ်ကာ ထုတ်နေခြင်းကြောင့်ဖြစ်သည်။ 

IDC ၏ သုတေသနပြုချက်အရ အမေရိကန်ပညာရေးတွင် K-12 အဆင့်ကျောင်းများ၌ ၂၀၁၅ ခုနှစ်က ဟာ့ဒ်ဝဲဝယ်ယူရန် အသုံးပြုသည့်ငွေပမာဏမှာ ဒေါ်လာ ၄ ဒသမ ၉ ဘီလီယံဖြစ်သည်။ ထိုနှစ်ထဲမှာပင် ဆော့ဖ်ဝဲအတွက် အသုံးပြုသည့်ပမာဏမှာ ဒေါ်လာ ၈ ဒသမ ၄ ဘီလီယံဖြစ်သည်။ 

Google သည် ၂၀၁၈ ခုနှစ် ဇန်နဝါရီလကတည်းက Chromebook ဈေးကွက်ကို ချဲ့လာသည်။ ယနေ့ဆိုလျှင် Chromebook ကို သုံးနေသူ ကျောင်းသားပေါင်း ၂၅ သန်းကျော်ရှိသည်။ ပညာရေးအတွက် သတ်မှတ်ထားသည့် ဆော့ဖ်ဝဲများဖြစ်သော Google Classroom ကို အသုံးပြုနေသူပေါင်း သန်း ၃၀ ကျော်ရှိပြီး၊ G Suit for Education ကို အသုံးပြုနေသူပေါင်း သန်း ၈၀ ကျော်နေပြီ။ Google Expedition ကို အသုံးပြုပြီး ကလေးတွေကိုလည်း စာသင်ခန်းထဲကတစ်ဆင့် ဒေသပေါင်းစုံကို ခရီးထွက်နေသည့်အလား ခေါ်ဆောင်သွားနိုင်ပြီ။ ထို့ကြောင့် Google ၏ ဈေးကွက်ထိုးဖောက်နေမှုကလည်း ကြောက်စရာကောင်းသည်။

နည်းပညာကုမ္ပဏီကြီးများသည် ပညာရေးလောက၏ အနာဂတ်ကို ကောင်းစွာ ရှုမြင်လာကြပြီဖြစ်သည်။ အစဉ်အလာလမ်းကြောင်းက မလွဲမသွေခွဲထွက်ပြီး စာသင်ခန်းများတွင် နည်းပညာကို မဖြစ်မနေအသုံးပြုလာရန် အပြိုင်အားထုတ်ပေးနေကြသည်။ 

ပညာရေးဆိုသည်မှာ ဆရာကိုဗဟိုပြု၊ ကျောက်သင်ပုန်းကို မျက်မှောက်ပြုနေရမည့် ခေတ်မဟုတ်တော့မှန်း သူတို့ကောင်းစွာ သဘောပေါက်လာသည်။ သို့သော် နှစ်ပေါင်းများစွာ အရိုးစွဲနေသည့် ပညာရေးစနစ်ကို ဖက်တွယ်ထားလိုသူများ နည်းပညာ၏ စွမ်းအားနှင့်တွန်းအားများကို ရှောင်ထွက်လိုနေ ကြသည်။ ထို့ကြောင့်လည်း ငါတို့ကဆင်းရဲသေးသည်။ ငါတို့တွင် အဆင်သင့်မဖြစ်သေး။ ငါတို့ဒီအတိုင်းနေလို့ရနေသေးတယ်ဟု ဆင်ခြေပေးကြသည်။

ကမ္ဘာကြီးကပြောင်းလဲနေသည်။ ပြောင်းလဲမည်ကိုကြောက်ပြီး တစ်တီတူးလို မိုးပြိုမှာကြောက်ကာ ခြေနှစ်ချောင်းထောင်အိပ်နေသူတွေက ရှိနေသေးသည်။ 

E-01
(Ref: Tablets in Education)



  • VIA