News

POST TYPE

EDUCATION

တရုတ်တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း
26-May-2018



တရုတ်နိုင်ငံ ပညာရေးဝန်ကြီးဌာနက နိုင်ငံအတွင်း နှစ်စဉ်ကျင်းပနေသည့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲစနစ် ကောင်းခေါင် (Gaokao) ကို တိုးတက်နေသော ခေတ်ပညာရေးစနစ်ကြီးနှင့် ကိုက်ညီသော ပြုပြင်ပြောင်းလဲမှုများ လုပ်သွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။ ယခုနှစ်တွင် ကျင်းပမည့် ကောင်းခေါင် စာမေးပွဲက စတင်ပြီးအားကစား၊ သင်္ချာနှင့် သိပ္ပံရမှတ်များကို ထူးချွန်ရမှတ်များ ဖြည့်ပေါင်းပေးခြင်းအား ရပ်ဆိုင်းလိုက်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့သည်။ 

ပြည်နယ်ဒေသတိုင်းတွင် အားကစားချွန်၊ သင်္ချာချွန်၊ သိပ္ပံချွန်များကို ကောင်းခေါင်စာမေးပွဲ ရမှတ်တွင် အပိုထည့်ပေါင်းပေးခြင်းဖြင့် တက္ကသိုလ်ကောင်းများကို တက်ရောက်နိုင်စေမည်ဆိုသည့် သဘောတရား တစ်ခုကို တရုတ်တို့စတင်ပြီး ပြုပြင်ပြောင်းလဲနိုင်ရန် ကြိုးစားနေခြင်းဖြစ်သည်။ ထိုသို့ထူးချွန်းသူများကို အမှတ်ဖြည့်ပေါင်းပေးခြင်းက ဝေးလံခေါင်သီသည့် ဒေသများရှိ ကျောင်းသားများအတွက် ယှဉ်ပြိုင်ရာတွင် အခွင့်အလမ်းနည်းစေခဲ့သောကြောင့် ဖြုတ်ပစ်ခဲ့ခြင်းဖြစ်သည်။ မည်သို့ဆိုစေ တရုတ်နိုင်ငံတွင် ကောင်းခေါင်ခေါ် တက္ကသိုလ်ဝင်ခွင့် စာမေးပွဲကြီးကတော့ ရှိနေဦးမည်သာဖြစ်ပြီး ထိုရမှတ်နှင့်ပင် ဝင်ခွင့်ကို အဆုံးအဖြတ်ပေးနေဦးမည်ဆိုသည့် သဘောဖြစ်သည်။

သို့သော် လာမည့် ၂၀၂၀ ပြည့်နှစ်တွင် တရုတ်နိုင်ငံ၏ နှစ်ပေါင်းများစွာ စိုးမိုးခဲ့သော ကောင်းခေါင် စာမေးပွဲစနစ်ကြီးကို အပြီးတိုင် ပြုပြင်ပြောင်းလဲနိုင်လိမ့်မည်ဟုယူဆထားသည်။ ပညာရေးဝန်ကြီး ချန်ပေါင်းရှန်က ၁၉ ကြိမ်မြောက် ကွန်မြူနစ်ပါတီ၏ အမျိုးသားညီလာခံတွင် စာမေးပွဲစနစ်ကြီး ပြုပြင်ပြောင်းလဲရေးကို လုပ်ဆောင်သွားမည်ဟု ကတိပေးထားသည်။

ရှေ့ပြေးအစီအစဉ်တစ်ရပ်အနေနှင့် ရှန်ဟိုင်းနှင့် ဇီကျင်းပြည်နယ်တို့တွင် တက္ကသိုလ်ဝင်ခွင့်များကို ယခုနှစ်က စတင်ပြီး ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်တော့မည်ဖြစ်သည်။ ပြုပြင်ပြောင်းလဲမှု စနစ်အရ အထက်တန်းကျောင်းသားများသည် တက္ကသိုလ်ဝင်ခွင့်ကို မိမိတို့စိတ်ကြိုက်ဘာသာရပ်များအား ရွေးချယ်ပြီး ဖြေဆိုခွင့်ရရှိမည်ဖြစ်သည်။ တစ်နိုင်ငံလုံးတွင် ကိုယ်ကြိုက်သည့်ဘာသာကို ကိုယ့် စိတ်ကြိုက်ရွေးချယ်ဖြေဆိုခွင့်ကို ယခုနှစ်က စတင်ပြီး ပြည်နယ်လေးခုတွင် စတင်ကျင့်သုံးမည်ဖြစ်သော်လည်း လာမည့် ၂၀၂၀ ပြည့်နှစ်တွင် တစ်နိုင်ငံလုံး ပြောင်းလဲကျင့်သုံးရမည်ဖြစ်သည်။ 

ပညာရေးဝန်ကြီးက ကောင်းခေါင်စာမေးပွဲကို လွန်ခဲ့သည့် ငါးနှစ်ကတည်းက ဖြည်းဖြည်းချင်း ပြုပြင်ပြောင်းလဲခဲ့ကြောင်း၊ သို့သော် နှစ်ပေါင်း ၄၀ ကျော် အခြေခိုင်ခဲ့သည့် စနစ်ကြီးကို ချက်ချင်းကြီး ပြုပြင်ပြောင်းလဲရန် မလွယ်သေးကြောင်း ပြောကြားသည်။ လွန်ခဲ့သည့် ငါးနှစ်ကတည်းက ကျေးလက်နေပြည်သူများသည် မြို့ပြနေကျောင်းသားများနှင့် ပညာအခွင့်အရေးကို တစ်တန်းတည်းဖြစ်စေရန် စီစဉ်ဆောင်ရွက်ပြီး ပြုပြင်ပြောင်းလဲနေခြင်းဖြစ်သည်။ ယခင်ကလို မြို့ပြရှိ စာမေးပွဲစင်တာကြီးများကို လာရောက်ပြီး စာမေးပွဲဖြေရခြင်းထက် ကျေးလက်များတွင် စာမေးပွဲဖြေဆိုနိုင်ရန် တရုတ်အစိုးရက စီစဉ်ပေးခဲ့သည်။

၂၀၁၇ ခုနှစ်တွင် တစ်နိုင်ငံလုံး၌ ကောင်းခေါင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသူ ကျောင်းသားပေါင်း ၉ ဒသမ ၄ သန်းခန့်ရှိကြောင်း ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။ ထိုအရေအတွက်ထဲမှ ၃ ဒသမ ၇ သန်းခန့်မှာ ကောလိပ်ဝင်ခွင့်ဖြေဆိုအောင် မြင်လိမ့်မည်ဟု ခန့်မှန်းထားသည်။ ထိုအရေအတွက်သည် ၂၀၁၆ ခုနှစ် ကထက် ၁၀၀၀၀ ခန့်ပိုများသည်။ 

တရုတ်တက္ကသိုလ်ဝင်စာမေးပွဲစနစ်သည် ယှဉ်ပြိုင်မှုများနှင့် ရင်ဆိုင်နေရဦးမည်သာဖြစ်သည်။ အထူးသဖြင့် နာမည်ကြီး တက္ကသိုလ်များသို့ ဝင်ခွင့်ရရေးမှာ တရုတ်ကျောင်းသားများအတွက် သေရေး ရှင်ရေးရုန်းကန်နေရမည့် အနေအထားဖြစ်သည်။ ထိုကြောင့်လည်း တရုတ်အစိုးရသည်စာမေးပွဲတွင် မသမာမှုများနှင့် ဖြေဆိုခြင်းမပြုနိုင်ရန် ယခုနှစ်တွင် ပိုပြီးတင်းကျပ်စွာဆောင်ရွက်ခဲ့ရသည်။ ယမန်နှစ် ကတည်းက စာမေးပွဲခိုးချခြင်းကို ရာဇဝတ်မှုကျူးလွန်ခြင်းဖြစ်သည်ဟု ဥပဒေများ သတ်မှတ်ပြဋ္ဌာန်းပေးခဲ့ ပြီးဖြစ်သည်။ 

တရုတ်နိုင်ငံတွင် ကောင်းခေါင်စာမေးပွဲကို စာမေးပွဲထိပ်ခေါင် အရေးအကြီးဆုံး စားမေးပွဲကြီးအဖြစ် ကျောင်းသား၊ မိဘ၊ ဆရာ၊ နိုင်ငံတော်ကပါ လက်ခံပြီး ပြုလုပ်နေကြသည်။ ထိုစာမေးပွဲသည် ကျောင်းသားတစ်ယောက်၏ အနာဂတ်ကို ထောင်တက်သွားစေနိုင်သလို၊ ကျဆုံးသွားစေသည့် စာမေးပွဲကြီးလည်း ဖြစ်သွားနိုင်သည်။ နိုင်ငံအတွင်းရှိ ဆင်းရဲချမ်းသာလူတန်းစားခွဲခြားမှုတွင် ကောင်းခေါင် ကလည်းဘဝကို အဆုံးအဖြတ်ပေးမည့် စာမေးပွဲအဖြစ် အားလုံးကယူဆကာ ဖြေဆိုနေကြသည်။

ကောင်းခေါင် (Gaokao) ဆိုသည်မှာ တရုတ်လို အမြင့်ဆုံးစာမေးပွဲဆိုသည့် အဓိပ္ပာယ်ရသည်။ တရုတ်ရိုးရာ စာလုံးက ပိုရှည်သော်လည်း ကောင်းခေါင်ဟုပင် သုံးစွဲလာခဲ့ကြသည်။ အမျိုးသားအဆင့်မြင့် ပညာရေးဝင်ခွင့် စာမေးပွဲ NHEEE (National Higher Education Entrance Examination) ဟုလည်း ခေါ်ကြသည်။ ကောလိပ် သို့မဟုတ် တက္ကသိုလ် အဆင့်ကို တက်လှမ်းနိုင်ရေးအတွက် လှေကားတစ်ထစ် စာမေးပွဲအဖြစ်ဖြေဆိုကြရခြင်းဖြစ်သည်။ 

တရုတ်နိုင်ငံတွင် ဝင်ခွင့်စာမေးပွဲစနစ်ကို တရုတ် ပြည်သူ့သမ္မတနိုင်ငံလက်ထက် ၁၉၅၂ ခုနှစ်ကတည်းက စတင်ကျင့်သုံးခဲ့ခြင်းဖြစ်သည်။ သို့သော် ကျင်းပပြီး ၁၄ နှစ်အကြာတွင် ဥက္ကဋ္ဌကြီး မော်စီတုံးက ပညာတတ်လူငယ်များအတွက် အမိန့်တစ်ခု ထုတ်ပြန်ခဲ့သည်။ ပညာကို ကျောင်းတွင်သာမက ပြည်သူ့ဘဝသို့ လက်တွေ့ကွင်းဆင်းလေ့လာရန်ဖြစ်သည်။ အထက်တန်း ရောက်သူတိုင်း တောင်သူလယ်သမားဘဝလေ့လာရေးအတွက် ကျေးလက်များကိုဆင်းရန် အမိန့်ထုတ်ခဲ့သဖြင့် ကျောင်းသားတွေ ကျေးလက်ကို ရောက်ကုန်ကြသည်။ 

၁၉၇၇ ခုနှစ်မှ ယဉ်ကျေးမှုတော်လှန်ရေးကို ပြင်းထန်ခါးသီးစွာ ခံစားခဲ့ရပြီး ကျောင်းပြန်တက်၊ စာမေးပွဲပြန်ဖြေသည့်စနစ်ကို ကျင့်သုံးခဲ့ရာ ကောင်းခေါင်သည် ၂၀၁၇ ခုနှစ်တွင် နှစ်ပေါင်း ၄၀ ရှိသွားပြီဖြစ်သည်။ ၂၀၀၁ ခုနှစ်တွင် ကောင်းခေါင်ဖြေဆိုရမည့် အသက်ကန့်သတ်ချက်ကို လျှော့ပေါ့လိုက်သည်။ ထို့ကြောင့် အထက်တန်းအဆင့် ကျောင်းထွက်လက်မှတ်ရပြီးသူတိုင်း ကောင်းခေါင်ကို ဝင်ရောက်ဖြေဆိုခွင့်ရှိသွားသည်။ 

၂၀၀၈ ခုနှစ်တွင် ကောင်းခေါင်စာမေးပွဲဝင် ဖြေသူပေါင်း ၁၀ ဒသမ ၅ သန်းခန့်အထိ မြင့်တက်ခဲ့သည်။ ထိုမှ အရေအတွက် တဖြည်းဖြည်း ကျဆင်းလာပြီး ၂၀၁၇ ခုနှစ်တွင် ၉ ဒသမ ၄ သန်း ဖြစ်လာခဲ့သည်။ 

ကောင်းခေါင်စာမေးပွဲဖြေဆိုမည့်သူများသည် မဖြေမနေရ သုံးဘာသာကို ဖြေဆိုကြရသည်။ ယင်းသုံးဘာသာမှာ တရုတ်စာ၊ သင်္ချာနှင့် အင်္ဂလိပ်စာတို့ ဖြစ်သည်။ အပိုဘာသာတွဲအဖြစ် ဝိဇ္ဇာ သို့မဟုတ် သိပ္ပံဘာသာရပ်ထဲမှ တစ်ခုခုရွေးကြရသည်။ နှစ်စဉ် ဇွန်လ ၇ ရက်နေ့တွင် စာမေးပွဲကျင်းပတတ်ပြီး ၂ ရက်ဖြေဆိုကြရသည်။ စုစုပေါင်းဖြေဆိုချိန် ၉ နာရီသတ်မှတ်ထားသည်။ ၉ ရက်နေ့တွင် တိုင်းရင်းသားလူမျိုးစုတို့အတွက် သက်ဆိုင်ရာဘာသာစကားနှင့် ဖြေဆိုနိုင်ရန် စီစဉ်ပေးထားသည်။ 

ကောင်းခေါင်သည် တက္ကသိုလ်အဆင့်တက်လှမ်းနိုင်ရေးအတွက် အဆုံးအဖြတ်ဆိုသည်မှာ ထိုစာမေးပွဲ ရမှတ်များက အရေးကြီးသောကြောင့်ဖြစ်သည်။ သူတို့တက်ချင်သည့် တက္ကသိုလ်တွေက ထိပ်တန်း တက္ကသိုလ်ကြီးတွေဖြစ်နေလျှင် အကောင်းဆုံး ကြိုးစားပြီး အမှတ်အများကြီး ရထားရန်လိုသည်။ အမှတ်များများရမှ နာမည်ကြီး တက္ကသိုလ်ကြီးတွေက လက်ခံခြင်းသည် တရုတ်၏ မပြောင်းလဲသေးသော စနစ်ဖြစ်သည်။ သူတို့ တက္ကသိုလ်ကောင်းကောင်းရမှ အလုပ်ကောင်းကောင်းရမည်၊ ရာထူးကောင်းကောင်းရမည်၊ ချမ်းသာကြွယ်ဝမည်ဆိုသည့် အတွေးအမြင်များက ကျောင်းသားတွေကိုသာမက မိဘများကိုပါ လွှမ်းမိုးလျက်ရှိသည်။

တရုတ်နိုင်ငံတွင် အများစုမှာ နောက်ခံအားနည်းပြီး ချမ်းသာသူနည်းသည်။ ကောင်းခေါင်က သူတို့ဘဝကို အလှည့်အပြောင်းတစ်ခုဖြစ်စေရန် ဖန်တီးပေးထားသောကြောင့်လည်း ထိုစာမေးပွဲကို နတ်ကြီးသည့် စာမေးပွဲတစ်ခုအဖြစ် မှတ်ယူကြသည်။ 

ကျေးလက်နေကလေးများအနေနှင့် သူတို့ဘဝလွတ်မြောက်ရေးကလည်း ကောင်းခေါင်တွင် အမှတ်ကောင်းကောင်းရရေး ဖြစ်နေသည်။ အမှတ်ကောင်းကောင်းရ၊ ကျောင်းကောင်းကောင်းတက်၊ ဘွဲ့ရလျှင် အလုပ်အကိုင်ကောင်းကောင်းရပြီး ဂုဏ်ရှိသည့်ဘဝတစ်ခုကို ပိုင်ဆိုင်လိုရေးသည် သူတို့အတွက် အနာဂတ်စိတ်ကူးအိပ်မက်များဖြစ်နေသည်။ ကျေးလက်နေပြည်သူများနှင့် ကလေးများအတွက်လည်း ပညာရေးသည်သာ သူတို့ဘဝအတွက် လွတ်မြောက်ရန် အားကိုးအားထားဖြစ်နေသည်။

ထို့ကြောင့် ကောင်းခေါင်အောင်မြင်ရေးကို မိဘတွေကလည်း ဖိအားပေး၊ ဆရာတွေကလည်း တွန်းအားပေး၊ ကျောင်းသားတွေကလည်း ရူးမတတ်စာကျက်နေကြရရှာသည်။ အထက်တန်းပြီးလျှင် ကျောင်းသားတွေက တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ပြင်ဆင်ကြရသည်။ ကျူရှင်တွေသွားတက်ရသည်။ စခန်းသွင်းဘော်ဒါတွေ သွားထားရသည်။ 

သူတို့မျှော်လင့်ချက်က ပီကင်းတက္ကသိုလ်နှင့် ဆင်ဟွာတက္ကသိုလ်ဝင်ခွင့်ရရေးဖြစ်သည်။ ထို့ကြောင့် မအိပ်မနေ ကြိုးစားရင်းဆေးရုံရောက်သူတွေရှိသည်။ မိန်းကလေးတွေဆိုလျှင် စာမေးပွဲရာသီရောက်လျှင် သူတို့ရာသီကိုပင် မလာစေရန် ဆေးတွေသောက်ပြီး စာကျက်နေကြသည်။ ဆေးပုလင်းချိတ်ပြီး စာကျက်နေရသူတွေလည်း တွေ့နေရသည်။

မိဘတွေကလည်း ပိုပြီးသောကများသည်။ သူတို့ကလေးတွေ စာမေးပွဲဖြေနိုင်ရေးမှာ သူတို့အတွက်လည်း သေရေးရှင်ရေးဖြစ်သည်။ ကလေးတွေ ကျူရှင်တက်နေသည့် ကျောင်းအနီး မိဘတွေကလည်း တည်းခိုခန်းများတွင် လာရောက်တည်းခို နေထိုင်ကြသည်။ ကျူရှင်တွေကလည်း တစ်နေ့နှစ်ကြိမ်လောက် စာမေးပွဲဖြေခိုင်းပြီး လေ့ကျင့်နေသည်။ မိဘတွေက ကျူရှင်ရှေ့တွင် မျှော်တော်ယောင်လုပ်ကြရရှာသည်။

စာမေးပွဲဖြေသည့် ကာလတွင် ဒေသဆိုင်ရာ အာဏာပိုင်တွေကလည်း စာမေးပွဲအတွက် အထူးအစီအစဉ်တွေ လုပ်ပေးရသည်။ ယာဉ်ကြောရှင်းလင်းခြင်း၊ စာဖြေဌာနများအနီး စောင့်ရှောက်ခြင်း၊ စာဖြေဌာနအနီး မော်တော်ယာဉ်များ ဖြတ်သန်းမသွားနိုင်စေရန် လမ်းပိတ်ထားခြင်းများကို စီစဉ်ဆောင်ရွက်ပေးသည်။ အင်္ဂလိပ်စာဖြေဆိုသည့်နေ့တွင် အကြားစစ်ဆေးသည့်အခါ အင်္ဂလိပ်စာကို နားထောင်ပြီး ဖြေရသောကြောင့် ယာဉ်သံများဆူညံလျှင် ကလေးများ မကြားရမည်ကို စိုးရိမ်သောကြောင့်ဖြစ်သည်။ 

စာမေးပွဲဖြေဆိုသည့်အချိန်ကာလတွင် ထိုမြို့တစ်မြို့လုံး တိတ်ဆိတ်နေသည်။ စားသောက်တန်းတွေ၊ အကခန်းတွေ ပိတ်ရသည်။ ဆောက်လုပ်ရေးဆိုဒ်တွေလည်း လုပ်ငန်းရပ်ဆိုင်းထားရသည်။ မိခင်တွေကလည်း ကလေးများ ကံကောင်းစေရန်ဆိုကာ အနီတွေဝတ်ကြသည်။ ဘုရားကျောင်းသွားပြီး အမွှေးတိုင်များဖြင့်ဆုတောင်းကြသည်။ ကန်တော့ကြသည်။ 

ကျောင်းသားတွေ စာမေးပွဲဖြေနေချိန်တွင် မိဘတွေနှင့် ဆရာတွေက အပြင်တွင် သောကတွေရောက်နေကြရရှာသည်။ တရုတ်တွင် ထိုသို့သော စာမေးပွဲ၏ ဖိစီးမှုကို အရသာတစ်ခုလို ခံနေကြသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဝန်ကြီးဌာနအနေနှင့် ပြုပြင်ပြောင်းလဲမည်ဟုပြောသော်လည်း စနစ်ကို အတင်းမပြောင်းနိုင်သေးကြောင်း ဝန်ခံထားသည်။ သို့သော် နိုင်ငံတော်အကြီးအကဲတွေက ပညာရေးကို ပြုပြင်ပြောင်းလဲမှ ရတော့မည်ဟု အစီအစဉ်တွေချမှတ်ထားသည်။

တရုတ်ခေါင်းဆောင်တွေက အနာဂတ်ပညာရေးကို AI ခေါ် ဉာဏ်ရည်တုဖြင့် စက်ရုပ်လူမှုလောက သစ်တစ်ခုထူထောင်ရန် ပြင်ဆင်နေသည်။ ထို AI ခေတ်ပြောင်းတော်လှန်ရေးအတွက် ကောင်းခေါင်စာမေးပွဲစနစ်သည် မှန်ချင်မှလည်း မှန်မည်၊ ဆီလျော်ချင်မှလည်း ဆီလျော်မည်။ သို့သော် ပညာရေးတွင် ရွေးချယ်ခွင့်ရမည် ဆိုခြင်းကို မိဘတွေ စိတ်ဝင်စားလာသည်။

အနာဂတ်သည် တက္ကသိုလ်ကောင်းကောင်းကထွက်သည့် ကျောင်းသားတွေက အဆုံးအဖြတ်ပေးမည်လား၊ စက်ရုပ်တွေကို ဖန်တီးတည်ဆောင်နိုင်သည့် ကျောင်းသားတွေက အဆုံးအဖြတ်ပေးမည်လားဆိုခြင်းက တရုတ်ခေါင်းဆောင်များကို ယှဉ်ပြိုင်ခိုင်းရန် စီစဉ်နေသည်။ စာကျက်ခြင်းနှင့် တီထွင်ခြင်းသည် မည်သူ့အတွက် အကောင်းဆုံး အနာဂတ်ဖြစ်မည်နည်း။ ကျောင်းသားတွေလည်း နားလည်သဘောပေါက်ရန် လိုသလို၊ မိဘတွေလည်း မြင်တတ်ရန် လိုနေသည်။ မည်သို့ဆိုစေ ခေါင်းဆောင်ပိုင်းက AI ကို ဦးတည်သည်။ ရှေးရိုးစွဲပြီး ကောင်းခေါင်မှာ ပျော်မွေ့နေသူများ နောက်ကျန်ခဲ့မည်ကို တရုတ်တို့လည်း မြင်စပြုနေပြီဖြစ်သည်။

E-01

(Ref: South China Morning Post)