News

POST TYPE

EDUCATION

၂၁ ရာစု ပညာရေးနှင့် ကွန်ပျူတာကုတ် သင်ကြားရေး
26-May-2018



သြစတြေးလျနိုင်ငံတွင် နိုင်ငံရေးသမားတစ်ဦးက မဲဆွယ်စဉ် ပြောကြားသွားသည့် စကားတစ်ခွန်းမှာ သူတို့ပါတီသာ အာဏာရခဲ့လျှင် မူလတန်းကစတင်ပြီး ကွန်ပျူတာကုတ် (Code) ရေးသားနိုင်အောင် ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲပေးမည်ဟု ဖြစ်သည်။ နိုင်ငံရေးသမားတွေလည်း ကမ္ဘာ့ပညာရေးစနစ်ကို ကောင်းစွာ ရှုမြင်သုံးသပ်တတ်သူများဖြစ်လာပြီဟု ဆိုရမည်။ 

အက်စတိုးနီးယားနိုင်ငံတွင် ကွန်ပျူတာ Code ရေးသားခြင်းကို ၂၀၁၂ ခုနှစ်ကတည်းက မူလတန်းအဆင့်တွင် စတင်ခဲ့သည်။ ဗြိတိန်ကလည်း ၂၀၁၄ ကတည်းက ကြိုးပမ်းနေသည်။ အမေရိကန်ပြည်ထောင်စုက Code.org အဖွဲ့အစည်းတစ်ခုကို ထူထောင်ထားပြီး Hour of Code ဆိုသည့် ကျောင်းချိန်အတွင်း ကွန်ပျူတာကုတ် လေ့ကျင့်သင်ကြားခြင်းကို အနည်းဆုံး တစ်ပတ်တစ်ကြိမ် လုပ်ဆောင်ရန် သမ္မတအိုဘာမား လက်ထက်ကတည်းက လုပ်ဆောင်ခဲ့သည်။ ကမ္ဘာကျော် နည်းပညာကုမ္ပဏီကြီးများဖြစ်သည့် Google နှင့် Microsoft တို့ကလည်း ပညာရေးတွင် ကွန်ပျူတာကုတ် ရေးသားနည်းများကို ကျောင်းသားများ လေ့လာစေနိုင်ရေးအတွက် နည်းမျိုးစုံဖြင့် အထောက်အပံ့ အကူအညီများပေးနေသည်။

နိုင်ငံတိုင်း၏ အနာဂတ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် အိုင်တီနှင့် နည်းပညာအပေါ်တွင် များစွာမှီခိုမှ ရတော့မည်ဖြစ်ကြောင်း နိုင်ငံခေါင်းဆောင်များ သဘောပေါက်လာကြသည်။ ဝန်ဆောင်မှုနှင့် ထုတ်လုပ်မှုလုပ်ငန်းတိုင်းတွင် ကွန်ပျူတာစနစ်ဖြင့် ထိန်းချုပ်ရသည့် စက်ပစ္စည်းများနှင့် AI စနစ်များသာ နေရာယူလာကြတော့မည်ဖြစ်သည်။ လူသားတို့ အလုပ်ကို ခြိမ်းခြောက်လာသည့် စက်များကို စီမံခန့်ခွဲခြင်း၊ ထိန်းချုပ်ခြင်း၊ တီထွင်ခြင်း၊ ဖန်တီးခြင်းတို့ကို လုပ်ဆောင်နိုင်သည့် ပညာတတ်များကို မွေးမထုတ်ထားနိုင်သည့် နိုင်ငံများသည် နောက်ကျ ကျန်နေခဲ့မည်သာဖြစ်သည်။

ကွန်ပျူတာပရိုဂရမ်နှင့် ဆော့ဖ်ဝဲများကို တွန်းအားအဖြစ်အသုံးပြုကာ ကုန်ထုတ်လုပ်မှုများကို မလုပ်ဆောင်နိုင်သည့် နိုင်ငံများသည် သူတစ်ပါးအပေါ်တွင် မှီခိုရသည့်နိုင်ငံများဘဝ ရောက်လာပြီး သူများမလုပ်ချင်သည့် အလုပ်များကို အောက်ကျနောက်ကျ လုပ်ဆောင်ရသူများ ဖြစ်လာပေလိမ့်မည်။

ကျောင်းသားလူငယ်များကို အခြေခံအဆင့်လောက်ကတည်းက ကွန်ပျူတာကုတ်ရေးနည်း၊ ပရိုဂရမ်များကို ကျွမ်းကျင်စွာ ဖန်တီးနိုင်သည့် အခြေခံများ ချပေးထားရန်လိုသည်။ နေ့စဉ်ဘဝတွင် လူသားတို့သည် ကွန်ပျူတာနှင့်နည်းပညာကို ကင်းပြီး မနေနိုင်သည့် ဘဝမျိုးကို ရောက်လာသည်။ ကွန်ပျူတာဘာလုပ်နိုင်သနည်း၊ ကွန်ပျူတာကို ဘယ်လိုအသုံးချနိုင်သနည်း၊ ကွန်ပျူတာကို မည်သို့ခိုင်းနိုင်သနည်း၊ ကွန်ပျူတာကို မည်သို့ထိန်းချုပ်နိုင်သနည်းဆိုသည့် အချက်များကို ကျောင်းသားများ ကောင်းစွာသိရှိထားရန်လိုသည်။ 

ကွန်ပျူတာနှင့် ကုတ်ဟုဆိုလိုက်လျှင် ဆရာများ နောက်တွန့်သွားကြသည်။ ကွန်ပျူတာ ကုတ်ဆိုသည်မှာ ကွန်ပျူတာကြီးရှိမှမဟုတ်။ အခြေခံဖြစ်ရန် စနစ်တကျလုပ်နိုင်သည့် နည်းလမ်းများကို သိသူရှားသည်။ ခေတ်သစ်တွင် ဖုန်းနှင့်လည်း ကုတ်ရေးနိုင်သည်။ ဖုန်းပေါ်တွင် ကုတ်ရေးနိုင်၊ လေ့လာနိုင်သည့် နည်းလမ်းတွေ အများကြီးရှိသည်။ လူတိုင်းလိုလို ဖုန်းကိုင်နိုင်သည့် ခေတ်တွင် လိုလျှင်ကြံဆ၊ နည်းလမ်းကတော့ ရှိနေသည်။ လုပ်ချင်ကိုင်ချင်စိတ် ရှိရန်သာလိုသည်။ 

ဩစတြေးလျနိုင်ငံ Swinburne University of Technology တွင် Workshop သဘောမျိုးဖြင့် ကျောင်းသားများကို လေ့ကျင့်ပေးနေသည်။ သူတို့လုပ်နေသည့် ပရိုဂရမ်မှာ NAO Robots  ဖြစ်သည်။ ကျောင်းသားတိုင်း စက်ရုပ်တစ်ရုပ်ကို လုပ်ဆောင်ခိုင်းနိုင်သည့် ပရိုဂရမ်များကို ကြိုက်သည့်ပရိုဂရမ် အသုံးပြုပြီးရေးရန် ခွင့်ပြုထားသည်။ များသောအားဖြင့် C++ နှင့် Python ဆိုသည့် ကွန်ပျူတာ ပရိုဂရမ်များဖြင့်သာ ရေးကြသည်။ ဆိုလိုသည်မှာ ကျောင်းသားများကို လမ်းစကိုဖော်ပေးပြီး ပူးပေါင်းဆောင်ရွက်ခိုင်းသည့် နည်းများဖြင့်လည်း အကောင်အထည်ဖော်နိုင်ကြောင်း သိစေလိုသည်။ 

ကွန်ပျူတာပရိုဂရမ်များသည် ဖန်တီးမှုတစ်ခုခုကို အကောင်အထည်ဖော်ပေးနိုင်မည့်စနစ် (Algorithm) တစ်ခုဖြစ်သည်။ စနစ်ကိုသိခြင်းနှင့် တွေးတောဖော်ထုတ်တတ်ခြင်းသည် ကွန်ပျူတာကုတ်ရေးသူတစ်ဦးအနေနှင့် အလွန်အရေးကြီးသည်။ ကျောင်းသားများကို တွေးဆတတ်ရန် သင်ကြားနိုင်ဖို့လိုသည်။ အလွတ်ကျက်ခိုင်းပြီး မှတ်မိသမျှ ပြန်ရေးခိုင်းသည့်စနစ်ဖြင့် ကွန်ပျူတာကုတ် သို့မဟုတ် ပရိုဂရမ်းမင်းရေးနိုင်သူများ မွေးထုတ်ရန်မလွယ်ပါ။ ပညာရေးအခြေခံကအစ ပြုပြင်ပြောင်းလဲနိုင်ရန် စဉ်းစားပြီးမှ ကျောင်းများတွင် ကုတ်ရေးနည်းကို သင်ကြားရန် လမ်းကြောင်းချနိုင်မည်ဖြစ်သည်။  

ကျောင်းသားများကို ကွန်ပျူတာကုတ်သင်ကြားရေးတွင် အရေးအကြီးဆုံးမှာ ကွန်ပျူတာကုတ်ရေးနိုင်သည့် ပစ္စည်းရှိရေးဖြစ်ပါသည်။ Laptop သို့မဟုတ် ဖုန်းတစ်ခုခုရှိနေရန်လိုသည်။ ပိုပြီးအရေးကြီးသည်မှာ သင်ကြားလမ်းညွှန်ပေးနိုင်မည့် ဆရာဖြစ်သည်။ ခေတ်ပြောင်း စနစ်ပြောင်းလိုလျှင် ထိပ်ဆုံးက ဆရာတွေ၏ စိတ်ဓာတ်နှင့် ပညာကစပြီး ပြုပြင်ပြောင်းလဲကာ ဆရာတို့၏ အသိပညာအနေအထားကို ဦးစွာမြှင့်တင်ပေးရန်လိုသည်။ ကွန်ပျူတာဆိုသည်မှာ လူတိုင်းနှင့် ရင်းနှီးကျွမ်းဝင်စေရန် ဖန်တီးတီထွင်ထားသော ပစ္စည်းဖြစ်သဖြင့် ကွန်ပျူတာတတ်ရန် ဝိဇ္ဇာ၊ သိပ္ပံ၊ ပါရဂူ၊ ဒေါက်တာ ခွဲခြားရန် လိုမည်မဟုတ်ပါ။ စိတ်ပါဝင်စားသူတိုင်းကို ကွန်ပျူတာ သင်ခိုင်းနိုင်ပါသည်။ 

အရေးကြီးသည်က လုပ်နိုင်သည့်နေရာက စရန်သာဖြစ်သည်။ ကွန်ပျူတာမရှိလို့၊ ဆရာမရှိလို့ဆိုသည့် ပြဿနာကို အိမ်နီးချင်းနိုင်ငံများတွင် မည်သို့ဖြေရှင်းနေသည်ကို လေ့လာကြည့်စေချင်ပါသည်။ ထိုင်းနိုင်ငံတွင် ကျောင်းတိုင်းကို ကွန်ပျူတာ Laptop တွေရောက်အောင် အစိုးရက ကြံဆောင်နေသည်။ သူတို့နိုင်ငံတွင် ကလေးတစ်ယောက် Laptop တစ်လုံး ကိုင်နိုင်ရေး ပရောဂျက်တွေ အကောင်အထည်ဖော်နေဆဲဖြစ်သည်။ Laptop တွေ လက်ထဲရောက်လာပြီး မသင်နိုင်ဆိုကာ ထိုင်နေသည့် ကျောင်းများမရှိ။ သူတို့တွင် NGO အဖွဲ့အစည်းတွေက အားကောင်းသည်။ ကွန်ပျူတာ ကုတ်ရေးနည်းတတ်သည့် လူငယ်တွေက ကျေးလက်အထိဆင်းပြီး ကွန်ပျူတာကုတ်တွေ သင်နေသည်။ ကျောင်းသားတွေကို စက်ရုပ်တွေ ဖန်တီးခိုင်းနေသည်။ ကမ္ဘာ့ပြိုင်ပွဲတွေကို ဝင်နေကြသည်။ 

၁၉ ရာစုနှင့် ၂၀ ရာစုသည် ရုပ်လောကကိုသိအောင် ကြိုးစားအားထုတ်နေရသေးသည့် ကာလဖြစ်သည်။ ၂၁ ရာစုသည် အရာရာကို ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည့် ခေတ်ဖြစ်သည်။ အသိပညာလမ်းကြောင်းက အနာဂတ်ကို မည်သို့ထိန်းချုပ်ခိုင်းစေရ မည်နည်းဆိုသည့် လမ်းကြောင်းပေါ် ရောက်လာသည်။ ခိုင်းမလား၊ အခိုင်းခံမလားဆိုသည်မှာ အနာဂတ်အတွက် တွေးဆရန်သာဖြစ်သည်။ 

E-01
(Ref: 21st century means teaching coding in schools)


  • VIA