News

POST TYPE

EDUCATION

ဂျပန်နိုင်ငံ၏ Tokkatsu ပညာရေးစနစ်
26-May-2018 tagged as ပညာရေး ဂျပန်



၂၀၁၈ ခုနှစ် ဧပြီလ ၂၈ ရက်နေ့က အီဂျစ်နိုင်ငံ ပညာရေးဝန်ကြီးဌာနသည် ဂျပန်နိုင်ငံမှ Tokkatsu ပညာရေးစနစ်ကို အီဂျစ်နိုင်ငံမှ ဆရာများအား သင်တန်းပေးရန် ဂျပန်နိုင်ငံသို့ စေလွှတ်မည် ဖြစ်ကြောင်းပြောကြားသည်။ အီဂျစ်နိုင်ငံတွင် လာမည့်စက်တင်ဘာလက စတင်ပြီး ကျောင်းပေါင်း ၄၅ ကျောင်း၌ Tokkatsu စနစ်ကို စတင်ကျင့်သုံးကာ သင်ကြားနိုင်ရန်ဖြစ်သည်။ 

အီဂျစ်နိုင်ငံတွင် ဂျပန်နိုင်ငံမှာ Tokkatsu စနစ်အတိုင်း ၂၀၁၆ နှင့် ၂၀၁၇ ခုနှစ်များတွင် ကျောင်းပေါင်း ၁၂ ကျောင်းကို ကိုင်ရို၊ ဂီဇာနှင့် ကာလီဘီယာမြို့များတွင် ဖွင့်လှစ်ခဲ့ပြီးဖြစ်သည်။ ထိုစနစ်ကို သဘောကျသောကြောင့် အီဂျစ်ပညာရေးဝန်ကြီးက အခြားကျောင်းများကိုလည်း Tokkatsu စနစ်များ ပြောင်းလဲသင်ကြားရန် စီစဉ်နေခြင်းဖြစ်သည်။ လာမည့် ၂၀၁၈-၂၀၁၉ စာသင်နှစ်ကစတင်ပြီး ဂျပန်နိုင်ငံ ပညာရေးစနစ်အတိုင်း ကျောင်းပေါင်း ၅၅ ကျောင်းအထိ တိုးမြှင့်ဖွင့်လှစ်သင်ကြားနိုင်ရန် စီစဉ်ထားကြောင်းလည်း ပြောကြားသည်။

အီဂျစ်တွင် ဆရာပေါင်း ၂၀၀၀၀ အား ဂျပန် Tokkatsu ပညာရေးစနစ်အတိုင်း သင်တန်းပေးရန် စီစဉ်နေသည်။ ဤစနစ်သည် ကျောင်းသားကျောင်းသူတိုင်းကို ဘက်စုံကျွမ်းကျင်ရန် သင်ပေးသည်။ အထူးသဖြင့် ပညာရေးတွင် ရိုက်သွင်းသည့် ပုံစံမဟုတ်ဘဲ၊ ဖောက်ထွက်ပြီး ထိုးထွင်းဖန်တီး တွေးခေါ်တတ်သော ပညာရေးစနစ်မျိုးဖြစ်စေရန် Tokkatsu စနစ်က ကောင်းစွာ အထောက်အကူပြုနိုင်သောကြောင့် အီဂျစ်နိုင်ငံက ဂျပန်စနစ်အတိုင်း ပုံတူကူးချပြီး အီဂျစ်တွင်သင်ကြားရန် ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

Tokkatsu ပညာရေးစနစ်သည် ကျောင်းသား ကျောင်းသူများကို အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်စေရန် ဦးစားပေးထားသည်။ အားလုံးဆောင်ရွက် အများအတွက်၊ အောင်မြင်မှုအတွက် ပူးပေါင်းဆောင်ရွက်၊ အများနှင့်လုပ်ဆောင် ပန်းတိုင်ရောက်အောင်ဆိုသည့် သဘောတရားများသည် Tokkatsu တွင် ပါဝင်နေပြီးသားဖြစ်သည်။ ဤပညာရေးစနစ်က စာသင်ခန်းတစ်ခန်းတွင် ကျောင်းသား ၄၀ သာ လက်ခံသင်ကြားပေးရန်လည်း သတ်မှတ်ထားသည်။

ကျောင်းတွင်း လှုပ်ရှားလုပ်ဆောင်ခိုင်းသမျှမှာ ကိုယ်ရည်ကိုယ်သွေး ကောင်းမွန်စေရေး၊ အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်တတ်စေရေး၊ အများပိုင်ပစ္စည်း တန်ဖိုးထားတတ်စေရေး၊ ထိုက်တန်သည့် ကြိုးပမ်းမှုဖြင့် အောင်မြင်မှုကို ရယူရေး၊ တစ်ကိုယ်ရေသန့်ရှင်းရေးကို တန်ဖိုးထားတတ်စေရေး၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်အဝရှိရေး၊ တာဝန်ယူမှု တာဝန်ခံမှု ရှိစေရေးနှင့် တွေးတောနိုင်စွမ်း ရှိရေးတို့ကိုဖြစ်စေရေးမှာ Tokkatsu ပညာရေးစနစ်၏ ဦးတည်ချက်ဖြစ်သည်။

ကျောင်းသား ကျောင်းသူများကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိရေးအတွက် လှုပ်ရှားမှုပေါင်းများစွာကို ကျောင်းတွင်းလှုပ်ရှားမှုတစ်ရပ်အနေနှင့် လုပ်ခိုင်းသည်။ ကျောင်းသားများကို လက်ဆေးခိုင်းခြင်း၊ စာသင်ခန်းကို ကိုယ်တိုင်သန့်ရှင်းရေးလုပ်စေခြင်း၊ ကျောင်းသန့်ရှင်းရေးတွင် အားလုံးပါဝင်စေခြင်း၊ အစားအစာများကို ကိုယ်တိုင်စီမံစေခြင်း၊ မိမိကိုယ်မိမိ ကာကွယ်တတ်စေရန် သင်ကြားခြင်း၊ အပြုအမူ အပြောအဆို အနေအထိုင် ယဉ်ကျေးစေရန် သင်ကြားခြင်းတို့သည် နေ့စဉ်လှုပ်ရှားမှုတစ်ရပ်အနေနှင့် မဖြစ်မနေ လုပ်ဆောင်ရမှုများဖြစ်သည်။ ကျောင်းသားများ၏ ကျောင်းရောက်လာချိန် လှုပ်ရှားမှုတိုင်းသည် ကိုယ့်အားကိုယ်ကိုးစနစ်များဖြစ်သည်။

ကျောင်းရောက်လာလျှင် မနက်တိုင်း အစည်းအဝေးထိုင်ရသည်။ ကျောင်းလွှတ်ခါနီးတွင် ယနေ့လုပ်ဆောင်ချက်များကို ပြန်သုံးသပ်သည်။ မနက်ဖြန် ဘာလုပ်မည်ကို ဆုံးဖြတ်သည်။ သူတို့လုပ်ဆောင်သမျှမှာ ပျော်ပျော်ရွှင်ရွှင်ဖြင့် ကျောင်းသို့လာပြီး လုပ်ငန်းခွင်ဝင်နေသလို စိတ်ခံစားကာ လုပ်ဆောင်ကြရန်သာဖြစ်သည်။

Tokkatsu ၏ ရည်ရွယ်ချက်မှာ ကလေးတစ်ယောက်၏ ကိုယ်ကာယရော စိတ်ဓာတ်ကိုပါ ဖွံ့ဖြိုးတိုးတက်စေရန် သင်ကြားပေးခြင်းဖြစ်သည်။ အဖွဲ့အစည်းနှင့် ပေါင်းသင်းဆက်ဆံရေးကို အလေးထားပြီး ဘဝနေနည်းများကို လက်တွေ့ကျကျ သင်ကြားပေးသည်။ Tokkatsu ပညာရေးသည် အချက်သုံးချက်အပေါ်တွင် အခြေခံထားကြောင်းလည်း တွေ့ရသည်။ (၁) အသိပညာ ဗဟုသုတရရှိရေးနှင့် ကျွမ်းကျင်စွာ ပြန်လည်အသုံးပြုနိုင်ရေး၊ (၂) တွေးခေါ်နိုင်စွမ်း၊ ခွဲခြမ်းစိတ်ဖြာနိုင်စွမ်း၊ ထုတ်ဖော်ပြောဆိုနိုင်စွမ်းရှိရေး၊ (၃) သင်ယူလေ့လာမှုတွင် ကိုယ်စွမ်းကိုယ်စဖြင့် မဖြစ်မနေ သိချင်တတ်ချင် လေ့လာချင်စိတ်ရှိရေးတို့မှာ Tokkatsu ပညာရေးတွင် အဓိကကျသည့် ဦးတည်ချက်ဖြစ်သည်။

Tokkatsu ပညာရေးတွင် ကျောင်းသင်ပြဋ္ဌာန်းချက်များထက် ပိုလွန်ပြီး လေ့လာသင်ယူနိုင်ရေးကိုလည်း ဦးစားပေးထားသည်။ မည်သို့ လေ့လာသင်ယူသည်ဖြစ်စေ ကိုယ်လိုချင်သည့် အကြောင်းအရာကို ကိုယ်တိုင်ရှာဖွေရမည်ဆိုသည့် ကိုယ့်အားကိုယ်ကိုးလိုစိတ်ကိုတော့ ဖြစ်စေသည်။ သို့သော် တစ်ကိုယ်ကောင်းစိတ်နှင့် တစ်ကိုယ်တော်ဝါဒများဖြင့် လုပ်ဆောင်ရေးကိုလည်း ဦးစားမပေး။ ကျောင်းရောက်လာကတည်းက အများနှင့်ပူးပေါင်းပြီး စနစ်တကျဖြင့် အားလုံးဆောင်ရွက် အားလုံးအတွက်ဆိုသည်မှာ Tokkatsu ပညာရေးစနစ်၏ ထူးခြားချက်များဖြစ်ပါသည်။ 

E-01
(Ref: Egypt Independent)