News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ ( တက္ကသိုလ် တိုက်ရိုက်ဝင်ခွင့် )
24-May-2018 tagged as ပညာရေး

ရန်ကုန်နှင့် မန္တလေးမှ တက္ကသိုလ် ၁၁ ခုကို ယခုနှစ်မှစ၍ တိုက်ရိုက်လျှောက်ထားခွင့်ပြုလိုက်ပြီဖြစ်သည်။ ထိုသို့ တိုက်ရိုက်လျှောက်ထားခွင့်ပြုလိုက်သည့်အပေါ် တက္ကသိုလ်ဆရာများ၏ သဘောထားအမြင်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။



“ရွေးချယ်ရေးမှုနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ လိုအပ်ပါတယ်”
ဦးလှိုင်တင့် (ကထိက၊ နိုင်ငံတကာဆက်ဆံရေးပညာဌာန၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်)

ဒီလိုတိုက်ရိုက်လျှောက်ခွင့်ပြုလိုက်တဲ့ အားသာချက်က ကျောင်းသားကျောင်းသူတွေအနေနဲ့ ကိုယ်တက်ချင်တဲ့တက္ကသိုလ်နဲ့ ဘာသာရပ်ကို ရွေးပြီးလျှောက် ခွင့်ရသွားတယ်။ အရင်လို အမှတ်နဲ့ဖြတ်ပြီး ချပေးလိုက်လို့ တက်ချင်သည်ဖြစ်စေ မတက်ချင်သည်ဖြစ်စေ တက်ရတာမျိုး မဟုတ်တော့ဘူး။ ဒါကတော့ ကောင်းတဲ့အချက်ပါပဲ။ ဒါပေမဲ့ တက်ခွင့်ရဖို့ ရွေးချယ်ခံရဖို့ဆိုတဲ့ အပိုင်းမှာကျတော့ ကျွန်တော်နားလည်သလောက် တက္ကသိုလ်ဝင်တန်းရမှတ်ကိုပဲ ပြန်ပြီးအခြေခံထားပြန်တယ်။ နောက် တက္ကသိုလ်တစ်ခုနဲ့တစ်ခု ရွေးချယ်တဲ့ပုံစံမတူဘူး။ ရေးဖြေမရှိဘူး၊ နှုတ်ဖြေပဲရှိမယ်လို့တော့ ပြောတယ်။ ဒါပေမဲ့ လျှောက်တဲ့ကျောင်းသားများရင် ဥပမာ- စီးပွားရေးဆိုရင် နှစ်ထောင်ကျော်လောက် လက်ခံတာ။ လျှောက်တဲ့သူသိပ်များရင် လူတွေ့စစ်ဆေးတာ ရွေးချယ်တာမှာ ပြဿနာရှိနိုင်ပါတယ်။ ဒါ အားနည်းချက်ပေါ့။ လတ်တလော တွေ့ရတာပေါ့လေ။ တကယ် အကောင်အထည်ဖော်ပြီဆိုတဲ့အခါ မမျှော်လင့်တဲ့ပြဿနာတွေ ထပ်ပြီးကြုံရနိုင်ပါတယ်။ ရွေးချယ်ရေးမူနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိဖို့နဲ့ တာဝန်ယူမှု တာဝန်ခံမှုရှိဖို့ လိုအပ်ပါတယ်။ နောက်ဝင်ခွင့်အတွက် ကျူရှင်တွေ လာဘ်ပေး လာဘ်ယူကိစ္စတွေ ရှိလာနိုင်တယ်လို့မြင်တယ်။ ဘာလို့လဲဆိုတော့ ဥပမာ- မိဘအများစု ကျောင်းသား ကျောင်းသူအများစုက သူတို့လျှောက်ထားတဲ့ တက္ကသိုလ်မှာ အရွေးခံရအောင် ကျူရှင်လို လာဘ်ပေး လာဘ်ယူလို ကိစ္စမျိုး မသမာတဲ့နည်းလမ်းတွေနဲ့ ကြိုးပမ်းလာနိုင်တယ်။ ဒါက ကျောင်းဘက်မှာလည်း ဖြစ်လာနိုင်တယ်။ ဒါမျိုးက တက်ချင်တဲ့သူဘက်က စပြီးကြိုးပမ်းလာနိုင်တဲ့အတွက် စုံစမ်းဖော်ထုတ်ဖို့တောင် ခက်မယ်ထင်တယ်။ ဒီစနစ်အပြောင်းအလဲနဲ့ ပတ်သက်လို့ကတော့ အခုလို ဝင်ခွင့်စနစ်အပြောင်းအလဲသည် အကောင်းဘက်ကို ဦးတည်နေတာမျိုးဆိုရင် တက္ကသိုလ်အားလုံးမှာ လုပ်နိုင်ရင်တော့ နေရာဒေသအသီးသီးက ကျောင်းသား ကျောင်းသူတွေအတွက် ပိုကောင်းမယ်ထင်ပါတယ်။ သို့သော်လည်းပဲ ၂၀၁၃-၂၀၁၄ လောက်ကလုပ်ခဲ့တဲ့ COE (Center of Excellent) ကိုတောင် ဝန်ကြီးက အခုမရှိခဲ့ပါဘူးလို့ ပြောနေပြန်တော့ ဒီဝင်ခွင့်စနစ်ကိစ္စက သိပ်မျှော်လင့်လို့ ရပါမလားလို့ပဲ မြင်မိပါတယ်။


 
“ကျောင်းအုပ်ချုပ်သူတွေကို ချဉ်းကပ်တာမျိုးတွေ ရှိကောင်းရှိလာနိုင်ပါတယ်”
ဦးတင်မျိုးအောင် (လက်ထောက်ကထိက၊ မြန်မာစာဌာန၊ မုံရွာတက္ကသိုလ်) 

ကျွန်တော်တို့ကတော့ ဒီလိုဝင်ခွင့်စနစ်ကို ကြိုဆိုပါတယ်။ ဒါပေမဲ့ သူတို့ (ပညာရေးဝန်ကြီးဌာန) ဘက်က ဘယ်လောက်ပြင်ဆင်ထားလဲ။ ကျောင်းသား၊ မိဘ၊ ပညာရေးလောကက လူတွေ ဘယ်လောက်ထိ ပြင်ဆင်ထားလဲပေါ့။ အဲဒါတွေကို မသိရသေးဘူး။ ကျွန်တော်တို့က နဂိုကတည်းက အမျိုးသားပညာရေးဥပဒေ နောက်ဆက်တွဲဖြစ်လာမယ့် အရာတွေကို မျှော်လင့်ထားပါတယ်။ ဒါတွေကိုလုပ်တဲ့အခါမှာ ဌာနအနေနဲ့ ကြိုတင်အကြောင်းကြားတာပဲဖြစ်ဖြစ်၊ အသိပေးတာပဲဖြစ်ဖြစ် မရှိပဲ သူတို့လုပ်ချင်တဲ့အချိန် လုပ်လိုက်တဲ့ပုံစံမျိုး ဖြစ်နေတယ်။ အဲဒီအခါ နောက်ဆက်တွဲလုပ်ရမယ့် ဥပဒေတွေလည်း ပြင်ဆင်ရမယ့်အချက်တွေရှိသလို ပါရမယ့်ဟာတွေ မပါတာမျိုး လစ်ဟင်းချက်တွေရှိတယ်။ အမျိုးသားပညာရေး မူဝါဒကော်မရှင်က လုပ်ရမယ့် အပိုင်းတွေလည်း ရှိတယ်။ ဒါကိုပြည့်စုံအောင် မပြင်ဆင်ဘဲနဲ့ လုပ်လိုက်တဲ့အတွက် အားနည်းချက်တွေ ရှိတယ်။ ဒီသတင်းတွေကို ပညာရေးအသိုင်းအဝိုင်းက လူတွေအကုန်လုံး သိထားရမယ်။ သူတို့က သူတို့ဘာသာ ပြင်ဆင်ပြီးလုပ်သလို ဖြစ်နေတဲ့အခါကျတော့ လုပ်ငန်းဆောင်ရွက်ရမှာ အောက်ကလူတွေအတွက် ပြင်ဆင်ရမယ့်အပိုင်းတွေမှာ အဆင်မပြေမှုတွေ ရှိနိုင်တယ်။ ကျွန်တော်တို့အနေနဲ့က ဂျာနယ်တွေမှာ သတင်းတွေပါလာမှ ဝင်ခွင့်စနစ်ပြောင်းမယ်ဆိုတာ သိရတာပါ။ ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေက နဂိုကအတိုင်း အမှတ်နဲ့ဖြတ်တာကို မျှော်လင့်ထားတဲ့ သူဆိုရင် ရုတ်တရက် လက်ခံဖို့ခက်ခဲမယ်။ ဘာကြောင့်ဆိုတော့ သူတို့က တက္ကသိုလ်ဝင်စာမေးပွဲမှာ အမှတ်ကောင်းကောင်းရအောင် လုပ်ခဲ့ကြပြီး ဒီအမှတ်တစ်ခုတည်းပေါ်မှာ အားကိုးတဲ့သူတွေပေါ့။ ကျန်တဲ့ကျောင်းသားတွေနဲ့ ကျောင်းသားမိဘတွေအနေနဲ့ကတော့ ရွေးချယ်စရာ ပိုများလာတယ်။ အမှတ်တစ်ခုတည်းနဲ့ ဝင်ခွင့်ပြုတာမဟုတ်တဲ့အတွက် အမှတ်နည်းမယ်ဆိုရင်တောင် ထပ်ပြီးကြိုးစားဖို့ အခွင့်အရေးတစ်ခု ထပ်ရတာကြောင့် ဝမ်းသာကြမှာပါ။ 

ခုဝင်ခွင့်စနစ်မှာက ရေးဖြေမပါဘူးဆိုတာသိရတယ်။ နှုတ်ဖြေတစ်ခုတည်းဖြစ်တဲ့အတွက် ကျောင်းသားမိဘတွေ စိုးရိမ်နေသလို ဝင်ခွင့်သင်တန်းတွေပေါ်ဖို့က သိပ်မဖြစ်နိုင်ဘူး။ နှုတ်ဖြေဆိုတာက ကြိုတင်ပြင်ဆင်ဖို့ခက်ခဲတယ်။ ဒါပေမဲ့ တက္ကသိုလ်ဝင်ခွင့်အတွက် မိဘတွေဘက်က ကျောင်းအုပ်ချုပ်သူတွေကို ချဉ်းကပ်တာမျိုးတွေ ရှိကောင်းရှိလာနိုင်ပါတယ်။ ဒါမျိုးတွေကို ကြပ်ကြပ်မတ်မတ် မကိုင်တွယ်နိုင်ရင်တော့ ပြဿနာတစ်စုံတစ်ရာဖြစ်လာနိုင်တာပေါ့။ ကျွန်တော်တို့ကတော့ ဝင်ခွင့်ပုံစံသစ်ကို လုပ်ငန်းစဉ်အရ ကြိုဆိုပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး လိုအပ်တဲ့ပြင်ဆင်မှုတွေ အသိပေးမှုတွေကို သေသေချာချာ လုပ်စေချင်တယ်။ နောက်တစ်ခုက ဒါမျိုးလုပ်မယ်ဆိုရင် အတွေ့အကြုံရှိတဲ့သူတွေ၊ တခြားတက္ကသိုလ်တွေနဲ့ ပူးပေါင်းတာမျိုးဖြစ်ဖြစ် လုပ်ရင်တော့ ပိုကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ တစ်ခုတစ်ခုဆိုရင် ပညာရေးဝန်ကြီးဌာနအနေနဲ့က ကြိုတင်အသိပေးတာမျိုး လိုအပ်တဲ့အခြေအနေမျိုး ပြင်ဆင်ထားတာမျိုးဖြစ်သင့်တယ် လို့ထင်ပါတယ်။ ဖြစ်လိုဇောနဲ့ ပြောင်းလဲလိုက်တာမျိုးက အဆင်မပြေမှုတွေ မသိနားမလည်မှုတွေ ဖြစ်လာနိုင်ပြီး အားလုံးနားမလည်မှာ စိုးရိမ်တယ်။ 




“ကျောင်းသားတွေအနေနဲ့လည်း တကယ်ကြိုးစားချင်စိတ်နဲ့လာပါ”
ဦးနေလင်းဝေ (နည်းပြ၊ မြန်မာစာဌာန၊ ရန်ကုန်တက္ကသိုလ်) 

ကျွန်တော်တို့ တက္ကသိုလ်ဝင်ခွင့် ပုံစံသစ်နဲ့ပတ်သက်ပြီး အင်တာဗျူးထားတာတွေ တွေ့ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီပြောင်းလဲလိုက်တဲ့ ဝင်ခွင့်စနစ်ကို သဘောကျပါတယ်။ ကျွန်တော်ပြောချင်တာက ကျောင်းသား၊ ကျောင်းသူတွေဘက်က ပြောချင်တယ်။ တက္ကသိုလ် ၁၁ ခုရဲ့ ဝင်ခွင့်ပုံစံသစ်မှာ ကိုယ်တကယ်ဝါသနာပါတဲ့ ဘာသာရပ်ကို ရွေးချယ်တတ်ဖို့လိုတယ်။ ဥပမာ- ရန်ကုန်တက္ကသိုလ်မှာဆိုရင် အမှတ်များတဲ့သူတွေ လာတက်ကြတယ်။ ဒီတက္ကသိုလ်က နှစ်ပေါင်းများစွာ အရှိန်အဝါနဲ့တည်ရှိခဲ့တယ်။ လူကြိုက်လည်းများတယ်။ မိဘတွေကိုယ်တိုင်ကလည်း ရန်ကုန်တက္ကသိုလ်မှာ တက်ရတဲ့ဂုဏ်ကို နှစ်သက်ကြတယ်။ တစ်ခုပြောချင်တာက မိဘတွေက တက်ခိုင်းလို့ပဲ ဖြစ်ဖြစ်၊ ကျောင်းသားကိုယ်တိုင်က ရန်ကုန်တက္ကသိုလ်က ဘွဲ့ရရင် ကောင်းတယ်ဆိုတဲ့ စိတ်တွေနဲ့တော့ တက္ကသိုလ်ကို မရွေးချယ်စေချင်ဘူး။ ဥပမာ- ဓာတုဗေဒ ဝါသနာပါတယ်ဆိုရင် သူ့အနေနဲ့ ရန်ကုန်တက္ကသိုလ်ကနေ ဒီပညာရပ်နဲ့ အသက်မွေးဝမ်းကျောင်းအနေနဲ့ပဲ ရွေးချယ်စေချင်တယ်။ တက္ကသိုလ်တွေအနေနဲ့ ဝင်ခွင့်ပြောင်းတဲ့အခါမှာလည်း တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်သတ်မှတ်ချက်က ရှိနေဦးမှာဖြစ်တယ်။ ဒါပေမဲ့ ကျောင်းသားက ဓာတုဗေဒ အထူးပြုလျှောက်တယ်ဆိုရင် ဒီဘာသာရပ်မှာ တကယ်ဝါသနာပါလို့ လျှောက်တာလားဆိုတာကို နှုတ်ဖြေမေးခွန်းတွေမေးမယ်။ 

ရန်ကုန်တက္ကသိုလ်ပါချုပ်ကလည်း ကျောင်းသားသမဂ္ဂတွေနဲ့ တွေ့တဲ့အခါ ဝင်ခွင့်ပုံစံအကြောင်းကို ရှင်းပြပြီဖြစ်တယ်။ ဒါကြောင့် ကျောင်းသားတွေအနေနဲ့လည်း Information တွေ ရနေလောက်ပါပြီ။ ခြုံပြီးပြောရရင် ကျွန်တော်တို့အနေနဲ့ ရန်ကုန်၊ မန္တလေးမှာရှိတဲ့ တက္ကသိုလ် ၁၁ ခုကို တိုက်ရိုက်ဝင်ခွင့် လျှောက်ခွင့်ပြုလိုက်တဲ့စနစ်ကို ကြိုဆိုပါတယ်။ ကျောင်းသား တွေအနေနဲ့လည်း တကယ်ကြိုးစားချင်စိတ်နဲ့လာပါ။ ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်နဲ့ ဆရာ၊ ဆရာမတွေက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုနေပါတယ်။ ဝင်ခွင့်စာမေးပွဲက ရေးဖြေမရှိတာကြောင့် ဝင်ခွင့်သင်တန်းတွေ မလိုပါဘူး။ ကျောင်းသားကိုယ်တိုင် တက္ကသိုလ်ဝင်တန်းမှာကတည်းက ဒီဘာသာရပ်ကို တကယ်စိတ်ဝင်စားလား ဆိုတာပဲလိုပါတယ်။ အဓိကတော့ အမှတ်ကန့်သတ်ချက် တော့ရှိပါတယ်။ ဒါကလည်း လျှောက်တဲ့သူဦးရေပေါ် မူတည်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့တက္ကသိုလ်မှာ စာသင်ခန်းတွေထပ်ဖြည့်ဖို့ လိုအပ်ချက်တွေရှိသေးတယ်။ ဒါကြောင့် ကျွန်တော်တို့ တက္ကသိုလ်အနေနဲ့က အဆောက်အအုံတွေ ထပ်ဖြည့်ဖို့ လိုပါသေးတယ်။ ကျောင်းသားတွေအများကြီး လက်ခံလို့မရသေးဘူး။ အဲဒါကိုတော့ နားလည်ပေးစေချင်ပါတယ်။ 

မြဇာခြည်သင်း

  • VIA