News

POST TYPE

EDUCATION

တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်အတွက် ဆရာများကို သင်တန်းပေးမည်
23-May-2018

နေပြည်တော်၊ မေ ၂၂

ယခုပညာသင်နှစ်စတင် ပြောင်းလဲမည့် တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်အတွက် အထက်တန်းပြဆရာ၊ ဆရာမများကို ဘာသာရပ်ဆိုင်ရာ မွမ်းမံသင်တန်း ပေးသွားမည်ဖြစ်ကြောင်း အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ပြောကြားသည်။

ပညာရေးဝန်ကြီးဌာန၏ ဒုတိယတစ်နှစ်တာဆောင်ရွက်ချက်များနှင့် ပတ်သက်၍ မေလ ၂၁ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန စုပေါင်းအစည်းအဝေးခန်းမတွင် ရှင်းလင်းစဉ် ၎င်းက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံလုံးတွင် ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ်၊ ဒီဂရီကောလိပ် ၄၈ ကျောင်းရှိပြီး ယင်းတက္ကသိုလ်များမှ ဘာသာရပ်ပါမောက္ခများက နီးစပ်ရာအလိုက် အထက်တန်းပြဆရာ၊ ဆရာမများကို သင်တန်းပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

အချိန်နှင့်တစ်ပြေးညီ ဘာသာရပ်မွမ်းမံသင်တန်းများ ပေးသွားမည်ဟု ဖြေဆိုသော်လည်း အချိန်အတိအကျနှင့် သင်တန်းကိစ္စအသေးစိတ်ကိုမူ ပြောကြားခြင်း မရှိပေ။

တက္ကသိုလ်ဝင်စာမေးပွဲတွင် စိတ်ကြိုက်မြန်မာစာ ဘာသာရပ်မှလွဲ၍ ကျန်ဘာသာများကို မေးခွန်းပုံစံသစ်ဖြင့် စစ်ဆေးမည်ဖြစ်ပြီး ယင်းမေးခွန်းပုံစံသစ်များကို မေလ ၂ ရက်မှစကာ နိုင်ငံပိုင် သတင်းစာမှတစ်ဆင့် ပြည်သူလူထုထံ အသိပေးခဲ့သည်။

ထိုသို့ မေးခွန်းပုံစံသစ်ဖြင့် ပြောင်းလဲစစ်ဆေးမည်ကို သတင်းမထုတ်ပြန်မီက ပညာရေးဝန်ကြီး သိရှိ၊ မသိရှိနှင့် ၎င်းက ညွှန်ကြားခြင်း ဟုတ်၊ မဟုတ် မေးမြန်းသော်လည်း ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ဖြေကြားခြင်းမရှိပေ။

မေးခွန်းပုံစံသစ်ကို ပညာရေးဝန်ကြီး ချမှတ်ပေးထားသောမူဝါဒအရ ဘာသာရပ်အလိုက် သက်ဆိုင်ရာ ပါမောက္ခဌာနမှူးများနှင့် ဆွေးနွေးကာ ပြောင်းလဲခြင်းဖြစ်ကြောင်း ပညာရေးဝန်ကြီးကိုယ်စား ဒေါက်တာသိန်းဝင်းကသာ ဖြေကြားသည်။

J-19

  • VIA