News

POST TYPE

EDUCATION

ကိုယ်ပိုင်ကျောင်းနဲ့​ကျောင်းထွက်လက်မှတ် ယူရမယ့်ပြဿနာ
19-May-2018

သြော် ... ဒါနဲ့စကားမစပ်။

တစ်ရက်သားမှာ ကျွန်တော့်ဆီကို တစ်ရပ်ကွက်တည်းနေ ကျောင်းသားမိဘ ဖခင်တစ်ဦး ရောက်လာတယ်။ သူက ကျွန်တော်နေတဲ့ ရပ်ကွက်ထဲကို အခုနွေရာသီရောက်မှ ပြောင်းလာတာ။ သိပ်တော့ မကြာသေးဘူး။ အိမ်ချင်း သိပ်မဝေးတော့ သွားရင်းလာရင်းနဲ့ မျက်မှန်းတန်းမိနေတော့တာပေါ့။ 

“ဆရာကြီးကို ကျွန်တော် မသိတာလေး မေးချင်လို့ပါ”

“ဟုတ်ကဲ့ ... မေးပါခင်ဗျာ”

“ဒီလိုဆရာကြီးရဲ့ ...။ ကျွန်တော့်သားကို မနှစ်က အရင်နေခဲ့တဲ့ ရပ်ကွက်နဲ့နီးတဲ့ ကိုယ်ပိုင်အထက်တန်းကျောင်း တစ်ကျောင်းမှာ နဝမတန်း ထားခဲ့တယ်။ ဒီနှစ်ရောက်တော့ အဲဒီကျောင်းမှာ ပြန်ထားဖို့ ခရီးက ဝေးသွားတယ်။ ကျောင်းထွက်လက်မှတ် သွားတောင်းတော့ ဘယ်ကျောင်းမှာထားမှာလဲလို့ မေးတယ်။ ပြီးတော့ ဒီနှစ်မှာထားမယ့်ကျောင်းက ထောက်ခံစာ ယူခဲ့မှ ကျောင်းထွက်လက်မှတ် ထုတ်ပေးမယ်လို့ ပြောတယ်။ သူတို့တောင်းသလို ထောက်ခံစာယူပေးမှ ကျောင်းထွက်လက်မှတ် ထုတ်ပေးတယ်ဆိုတာ ပညာရေးဝန်ကြီးဌာနက ညွှန်ကြားချက်လားလို့ သိချင်လို့ပါ” 

သူက စကားကို ဆက်တိုက်ဆိုသလို ပြောလိုက်ရလို့ အတော့ကို မောသွားဟန် တူပါရဲ့။ 

“သူတို့ပြောသလို ထောက်ခံစာယူခဲ့မှ ကျောင်းထွက်လက်မှတ် ထုတ်ပေးရမယ်လို့ ဝန်ကြီးဌာနက ညွှန်ကြားထားတာ မရှိပါဘူး။ သူတို့က သူတို့ အကျိုးစီးပွားအတွက် စတန့်ထွင်ပြီး ရစ်နေကြတာပါ”

“ဒါဆိုရင် ကျွန်တော် ဘာဆက်လုပ်ရမလဲ ဆရာကြီး”

“နောက်တစ်ကြိမ် မေတ္တာရပ်ခံပြီး တောင်းကြည့်ပေါ့ဗျာ။ ပြောင်းပြီးထားမယ့်ကျောင်းကိုလည်း အကျိုးအကြောင်းပြောပြပြီး ကြိုတင်အပ်ထားပေါ့။ ကျောင်းထွက်လက်မှတ်ဆိုတာ ပေးကိုပေးရမယ့် အခွင့်အရေးပဲ။ အချိန်တန်လို့ ထုတ်မပေးဘူးဆိုရင် သူတို့မှာ တာဝန်ရှိတယ်။ နောက်ဆုံး သိပ်ပြီးခက်ခဲနေမယ်ဆိုရင် မြို့နယ် ပညာရေးမှူးဆီကို တင်ပြပြီး ဖြေရှင်းခိုင်းလို့ရတယ်”

“ဟုတ်ကဲ့ ... ကျေးဇူးတင်ပါတယ် ဆရာကြီး။ ပြန်ခွင့်ပြုပါဦး” 

ကျွန်တော်က ပြန်သွားတဲ့ မိဘရဲ့ကျောပြင်ကို ငေးကြည့်မိရင်း သားသမီးပညာရေးအတွက် ပူပင်သောက ရောက်နေရပုံကို စာနာလိုက်မိတယ်။ ပြီးတော့ အဲ့ဒီကိုယ်ပိုင်ကျောင်းရဲ့ မဟုတ်မဟတ်လုပ်ရပ်တွေကို ပြန်လှန်ပြီး သုံးသပ်ကြည့်မိတယ်။ 


ကိုယ်ပိုင်ကျောင်းဆိုတာ အများအားဖြင့် ကျူရှင်တွေက ဘဝပြောင်းလာတာ များကြတယ်။ ကျူရှင်ပညာရေးဟာ ပညာရည်မြင့်မားဖို့ထက် သူတို့စီးပွားရေး တိုးတက်ဖို့ကိုသာ စောင်း(ဇောင်း)ပေးနေတယ်ဆိုတဲ့ အချက်က ငြင်းလို့မရတဲ့အချက်ပဲ။ ဆိုရရင် ကိုယ်ပိုင်ကျောင်းတချို့ဟာ ကျူရှင် အငွေ့အသက်တွေ ထုံမွှမ်းနေဆဲပါပဲ။ ကျူရှင်ဆန်ဆန် ပြုမူနေကြတယ်။ 

စာသင်ကောင်းတာ တစ်ခုတည်းနဲ့ ပညာရေးကောင်းတာ မဟုတ်ပါဘူး။ ကလေးတစ်ယောက်ဟာ သူ့အရွယ်နဲ့သူ လိုက်လျောညီထွေဖြစ်မယ့် စာလည်းတတ်မှ၊ တွေးခေါ်တတ်မှ၊ တီထွင်တတ်မှ၊ ပြည်သူ့နီတိတွေကို လိုက်နာတတ်မှ ပညာရေးကောင်းတယ်လို့ ပြောလို့ရပေတော့မပေါ့။ အခုဆိုရင် ပညာရေးလမ်းဟောင်းထဲကနေ လမ်းသစ်ကိုဖောက်ထွက်ဖို့ ကြိုးပမ်းရုန်းကန်နေကြပေမယ့် ကိုယ်ပိုင်ကျောင်းတွေက အောင်ချက်ကောင်းအောင် ပြိုင်နေကြတယ်။ အောင်ချက်ကောင်းတဲ့ကျောင်းတွေဟာ စာကျက်ကောင်းတဲ့ကျောင်းတွေလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ ငါးဘာသာ၊ ခြောက်ဘာသာ ဂုဏ်ထူးထွက်အောင် စာကျက်ခဲ့ရတဲ့ ကလေးတွေခမျာ ဘယ်လောက်ပင်ပန်းရှာလိုက်မလဲ။ စာနာကြည့်ကြစမ်းပါ။ 

အောင်ချက်ကောင်းတဲ့ကျောင်းတွေကို မိဘတွေက အထင်ကြီးကြတယ်။ အဲဒီကျောင်းမှာ သူ့တို့သားသမီးတွေကို ပညာရေးအတွက် စိတ်အေးရမယ်ဆိုတဲ့အတွေးနဲ့ အားကိုးတကြီး ကျောင်းအပ်ကြတယ်။ ကျောင်းအပ်တုန်းကတော့ ဘယ်အတန်းကိုမဆို ရွှန်းရွှန်းဝေအောင် စကားတွေဖောင်ဖွဲ့ပြီး လက်ခံကြပေမယ့် ကျောင်းထွက်မယ်လည်းလုပ်ရော ပြဿနာက စတော့တာပဲ။ 

အားမနာတမ်း ပြောရမယ်ဆိုရင် သူတို့ကျောင်းကနေ ဘယ်ကျောင်းသားကိုမှ မထွက်စေချင်တာ အမှန်ပဲ။ အဲဒီကျောင်းသားကို သံယောဇဉ်ရှိလို့ ၊ ပညာရေးအတွက် တာဝန်ယူပြီး မြေတောင် မြှောက်ပေးချင်လို့များ ထင်နေသလား။ ဝေးသေး ... ။ 

ကျောင်းသားတစ်ယောက်ထွက်ရင် အဲ့ဒီတစ်ယောက်စာအတွက် သူတို့ဝင်ငွေ လျော့သွားမှာစိုးလို့ပါပဲ။ ကျောင်းထွက်လက်မှတ်ဆိုတာ ရစ်လို့ ညစ်လို့ မဟုတ်တန်းတရား လုပ်လို့ရတဲ့အရာမှမဟုတ်တာ။ ဒါ့အပြင် ကျောင်းထွက်လက်မှတ်ကိုင်ထားပြီး ကျောင်းသားတစ်ယောက်ကို အနိုင် ကျင့်လို့မှမရတာ။ 

ကျောင်းထွက်လက်မှတ် အရှုပ်တော်ပုံနဲ့ပတ်သက်လို့ ကျွန်တော့်ဆီကို လာပြီးတိုင်ပင်တဲ့ မိဘပြောစကားလေးကို ပြန်ဆက်ကြရအောင်။ 

သူ့အလုပ်က အတည်တကျ မရှိဘူး။ နေ့စဉ်လိုလို ရရာကျပန်းအလုပ် လုပ်ပြီး မိသားစုတာဝန်ကို ထမ်းပိုးနေရတယ်။ အိမ်လခဈေးချိုတဲ့ ရွှေပြည်သာမြို့နယ်ထဲက နှစ်ခန်းတွဲ အိမ်လေးတစ်လုံးမှာ တစ်ခြမ်းအိမ်ငှားနေရတယ်။ သူကိုယ်တိုင် ပညာနည်းပေမယ့် သားသမီးတွေကို ပညာတတ်စေချင်လွန်းလို့ မရှိမဲ့ ရှိမဲ့ငွေကလေးနဲ့ ကျောင်းထားပေးတယ်။ သားအကြီးဆုံးလေးက ကိုးတန်းရောက်ပြီဆိုတော့ အခြေခံကောင်းအောင်ဆိုပြီး ရွှေပြည်သာမြို့နယ်ထဲက နာမည်ကြီးတဲ့ ကိုယ်ပိုင်ကျောင်းတစ်ကျောင်းမှာ မဖြစ်ဖြစ်အောင် ထားခဲ့တယ်။ 

ခုနှယ်ခါမတော့ စီးပွားရေး အခြေအနေအရ ရွှေပြည်သာမြို့နယ်မှာ မနေနိုင်တော့ဘဲ လုပ်ငန်းခွင်နဲ့နီးတဲ့ လှိုင်သာယာမြို့နယ်ကို ပြောင်းရတော့မယ်။ အဲဒါကြောင့်လည်း သားကြီးဖြစ်သူကို ပြောင်းရွှေ့တဲ့ရပ်ကွက်နဲ့ နီးတဲ့ကျောင်းမှာ ကျောင်းပြောင်းထားဖို့ ကျောင်းထွက်လက်မှတ် တောင်းရတော့တာပေါ့။ အဲ့ဒီမှာ အခုလို ကျောင်းထွက်လက်မှတ်ရဖို့ အခက်အခဲမျိုးနဲ့ ကြုံရတော့တာပါပဲ။ 

အခုပြောနေတဲ့ ရွှေပြည်သာမြို့နယ်ထဲက ကိုယ်ပိုင်အထက်တန်းကျောင်းရဲ့ နာမည်ကိုတော့ စည်းစောင့်တဲ့အနေနဲ့ မပြောလိုတော့ပါဘူး။ ဒါပေမဲ့ အဲ့ဒီကျောင်းဟာ ပညာရေးဌာနက ထုတ်ပြန်ထားတဲ့ ဥပဒေနဲ့ ညွှန်ကြားချက်တွေကို လျစ်လျူရှုနေတယ်၊ လိုက်နာမှု အားနည်းနေတယ်လို့ သုံးသပ်ရတယ်။ သူတို့လုပ်ရပ်တွေက ငါထောင်ထားတဲ့ကျောင်းဆိုပြီး လုပ်ချင်ရာ လုပ်သလို ဖြစ်နေတယ်။ ကိုယ်ပိုင်ကျောင်းဆိုတာ ပညာရေးဝန်ကြီးဌာနက ပြဋ္ဌာန်းထားတဲ့ ကိုယ်ပိုင်ကျောင်း နည်းဥပဒေ ပုဒ်မ (၈)အရ ခွင့်ပြုမှ ဖွင့်ခွင့်ရတာ။ ဆိုလိုချင်တာက ကိုယ်ပိုင်ကျောင်းတွေဟာ ပညာရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာ ရှိနေတယ်လို့ သိစေချင်တာ။ 

ဒါ့အပြင် ကိုယ်ပိုင်ကျောင်းနည်းဥပဒေ ပုဒ်မ(၁၆)၊ အပိုဒ်ခွဲ(ဎ)အရ-

စာမေးပွဲများ မှန်မှန်ကျင်းပ၍ ကျောင်းသားများကို ပညာအရည်အချင်းအလျောက် အတန်းတင်၊ အတန်းခွဲပေးခြင်းနှင့် ကျောင်းပြောင်း၊ ကျောင်းထွက်လက်မှတ်များ ထုတ်ပေးခြင်းဆိုတဲ့အချက်ကို အတိအလင်း ပြဋ္ဌာန်းထားပြီးဖြစ်တယ်။ 

ဒါ့ကြောင့် ကျောင်းပြောင်းမယ့် ကျောင်းသားတစ်ယောက်ကို ကျောင်းထွက်လက်မှတ် ထုတ်ကိုထုတ်ပေးရမယ်။ နောက်ပြောင်းရွှေ့ရမယ့် ကျောင်းက ထောက်ခံစာ ယူရမယ်လို့ မပါဘူး။ ဒီလိုလုပ်ဆောင်ချက်ဟာ ထုတ်ပြန် ထားတဲ့ဥပဒေကို ဆန့်ကျင်ကာ ကျောင်းသားအပေါ်မှာ ရစ်နေသလို အနိုင်ကျင့်ရာ ရောက်နေတယ်။ 

နောက်တစ်ချက်က ထုတ်ပေးရမယ့် ကျောင်းထွက်လက်မှတ်ကို ခုတုံးလုပ်ပြီး သူ့စီးပွားရေးအတွက် ကျောင်းသားကို အတင်းဆွဲထားသလို ဖြစ်နေတယ်။ အဲလိုလုပ်ခြင်းဟာ ကျောင်းသားတစ်ယောက်ရဲ့ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာပဲ။ ဒီမိုကရေစီခေတ်မှာ လူ့အခွင့်အရေး ချိုးဖောက်တာဟာ ကြီးမားတဲ့ပြစ်မှုကို ချိုးဖောက်ရာရောက်နေတာကို သိနေရက်နဲ့ ပမာမခန့် လုပ်နေသလားဆိုတာ တွေးရမယ့်အချက်ပေါ့။ 

ဒါကြောင့် ပညာရေးနဲ့ဆက်နွှယ်လာရင် မိဘတွေလည်း အမြင်ကျယ်ကြပါ။ နိုးကြားကြပါ။ ကိုယ်မသိရင် သိတဲ့လူကိုမေးပါ။ ဆွေးနွေးပါ။ ဘယ်သူကမှ အနိုင်ကျင့်တာကို မခံကြပါနဲ့။ အာဏာရှင်ခေတ် မဟုတ်တော့သလို အမှောင်ခေတ်လည်း မဟုတ်တော့ဘူးဆိုတာ မျက်စိဖွင့်ထားကြပါ။ 

နော့ဖြင့် ... အခုအချိန်က ကျောင်းပြောင်းမယ့် ကလေးတွေကို စာသင်ကျောင်းတွေက ကျောင်းထွက်လက်မှတ် ထုတ်ပေးရမယ့်ရာသီပဲ။ ကိုယ့်ကလေးအတွက် ယူရမယ့် ကျောင်းထွက်လက်မှတ်ကို နည်းမှန်လမ်းမှန်နဲ့ အလွယ်တကူ မရဘူးဆိုရင် ဥပဒေဘောင်အတွင်းက ဘယ်လိုနည်းလမ်းနဲ့ ယူရမယ်ဆိုတာကို တွေးထားကြဖို့ မိဘတွေကို တိုက်တွန်းလိုက်ပါရဲ့ဗျာ။

ကိုသောင်း (ပညာရေး)