News

POST TYPE

EDUCATION

စာဖတ်သည့် နိုင်ငံ
19-May-2018



“ဖင်လန်သည် စာဖတ်သူများ၏နိုင်ငံ” ဖြစ်ကြောင်း အတည်ပြုနိုင်သည့်အချက်ကို ကုလသမဂ္ဂက ၂၀၁၆ ခုနှစ်ကတည်းက ထုတ်ပြန်ပေးထားသည်။ ကုလသမဂ္ဂက ဖင်လန်ကို ကမ္ဘာ့စာအတတ်ဆုံးနှင့် စာအဖတ်ဆုံးအဖြစ် အသိအမှတ်ပြုထားသည်။ တစ်နှစ်တွင် လူပေါင်း ၅ ဒသမ ၅ သန်းသည် စာအုပ်ပေါင်း ၆၈ သန်းကို စာကြည့်တိုက်များက ငှားဖတ်နေကြသည်။ သူတို့လူမျိုးတွေက အစိုးရကဖွင့်လှစ်ထားသည့် စာကြည့်တိုက်များကို အားကိုးအားထားစရာ နေရာများအဖြစ် သတ်မှတ်ထားကြသည်။ ထို့ကြောင့်လည်း ပညာရေးတွင် ထိပ်တန်းရောက်နေသည့် နိုင်ငံတစ်နိုင်ငံဘဝတွင် ရပ်တည်နေရခြင်းဖြစ်သည်။ 

နိုင်ငံတကာတွင် စာကြည့်တိုက်များ ကပ်ဆိုက်နေကြရသည်။ အထူးသဖြင့် ထောက်ပံ့ကြေး ဘတ်ဂျက်များ ဖြတ်တောက်မှုများနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။ ပြီးတော့ စာဖတ်သူအရေအတွက်ကလည်း အင်တာနက်နှင့်နည်းပညာကြောင့် လျော့နည်းပြီးရင်း လျော့နည်းနေရသည်။ 

၂၀၁၆ ခုနှစ်တွင် ဗြိတိန်နိုင်ငံသည် ထိပ်တန်း စာကြည့်တိုက်ကြီးများက ဒေသအတွင်းရှိ စာလာဖတ်သူ တစ်ဦးလျှင် ၁၆ ဒေါ်လာခန့်သာ အသုံးပြုနိုင်ချိန်တွင် ဖင်လန်နိုင်ငံက တစ်ဦးလျှင် ဒေါ်လာ ၆၀ ခန့်အထိ အသုံးပြုနိုင်ခြင်းနှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။ အင်္ဂလန်တွင် ယခုအခါ တောနှင့်မြို့ပါမကျန် စာကြည့်တိုက်ပေါင်း ၄၇၈ ခု ပိတ်လိုက်ရသည်။ သို့သော် ဖင်လန်နိုင်ငံတွင် ယူရို ၉၈ သန်းကျော် စာကြည့်တိုက်အတွက် တိုးမြှင့်သုံးစွဲနေကြရသည်။ စာကြည့်တိုက်ကြီးတွေ တိုးချဲ့ဆောက်နေကြရသည်။ 

ဖင်လန်နိုင်ငံ၏ မြို့ပြစာကြည့်တိုက်ကြီးများသည် စာဖတ်သူအများဆုံးဖြစ်သည်။ ဖင်လန်နိုင်ငံ၏ လူဦးရေ ၈၄ ရာခိုင်နှုန်းသည် မြို့ပြတွင် နေထိုင်ကြသူများဖြစ်သည်။ သူတို့မြို့ပြ စာကြည့်တိုက်ကြီးများတွင် စာဖတ်ခြင်း၊ စာအုပ်ငှားခြင်းများသာမက လူမှုရေးဆိုင်ရာ ဟောပြောပွဲများ ပြပွဲများလည်း လာလုပ်နေကြသည်။ စာကြည့်တိုက်ဆိုသည်မှာ ရှေးကတည်းက တိတ်ဆိတ်သည့် နေရာများဖြစ်သော်လည်း ခေတ်သစ်တွင် လူများစည်ကားနေပြီး ပွဲလမ်းတွေ လာလုပ်နေကြသည်။ သူတို့က ပွဲတွေအတွက် နေရာသီးသန့် စီစဉ်ပေးကြသည်။ အရေးကြီးသည်က စာကြည့်တိုက်ကို လူတွေ စိတ်ဝင်စားစွာဖြင့် လာနေရမည်ဆိုသည့်မူကို ကျင့်သုံးနေကြခြင်းဖြစ်သည်။ 

ဖင်လန်နိုင်ငံက ပညာရေးကို မြှင့်တင်ပေးထားသည်။ သူတို့ပညာရေးက စာအုပ်ကြီးအတိုင်း ပညာရေး မဟုတ်တော့။ ကိုယ်သင်ယူချင်သည့် ပညာရေးကို ဆရာတွေက လမ်းညွှန်ပေးသည့် ပညာရေးဖြစ်လာသည်။ ကျောင်းသားက သမိုင်းသင်ယူလိုသည်။ ဒုတိယကမ္ဘာစစ်အကြောင်း သိချင်သည်။ ဆရာက ဘယ်မှာရှာနိုင်သည်၊ ဘယ်လိုသိနိုင်သည်ဆိုသော လမ်းညွှန်ပေးသည့် ပညာရေးလမ်းကြောင်းကို ချပေးထားသည်။ ကျောင်းသားက ကိုယ်လိုချင်သည့်ပညာကို ကိုယ်တိုင်ရှာဖွေရမည့် ပညာရေးဖြစ်နေသောကြောင့် စာကြည့်တိုက်များ၏ အခန်းကဏ္ဍက ပိုပြီး အရေးပါလာသည်ဟု ထင်ရသည်။ 

ဖင်လန်နိုင်ငံတွင် စာကြည့်တိုက်ဆိုသည်မှာ ပညာရှာနိုင်သော၊ တန်းတူညီမျှ အခွင့်အရေးခံစားပိုင် ခွင့်ရှိသော၊ နိုင်ငံသားကောင်း တစ်ယောက်ဖြစ်စေသော နေရာဌာနကြီးတစ်ခုအဖြစ် မှတ်ယူထားကြသည်။ အားလုံးအတွက် ပညာရေး၊ အားလုံးအတွက် ပညာပေး၊ ဘဝတစ်သက်တာ ပညာရှာဖွေနိုင်သည့် နေရာတစ်ခုဖြစ်သည်ဟုလည်း ခံယူထားကြသည်။ သူတို့က စာကြည့်တိုက်ဖြင့် ခွန်အားဖြစ်စေမည်ဟုလည်း လက်ခံထားသည်။

“စာကြည့်တိုက်လောက် ဒီမိုကရေစီကျသော နေရာမရှိပါ။ စာကြည့်တိုက် လသာဆောင်တွင်ရပ်ပြီး ပြည်သူတွေကို ကြည့်ခြင်းသည် လွှတ်တော်တွင် ပြည်သူတွေကို ရှုမြင်ခြင်းနှင့် တန်းတူဖြစ်သည်”ဟု သူတို့က ခံယူထားကြပြန်သည်။ 

ဖင်လန်စာကြည့်တိုက်များတွင် စာအုပ်တွေချည်း သက်သက် ဖတ်နိုင်သည်မဟုတ်ပါ။ ကွန်ပျူတာတွေ ထားပေးသည်။ အင်တာနက်လည်း သုံးနိုင်သည်။ e-Book  တွေလည်း ငှားဖတ်နိုင်သည်။ အွန်လိုင်း စာအုပ်အငှားဝန်ဆောင်မှုတွေလည်း ရှိသည်။ Vantaa ရှိ စာကြည့်တိုက်တွင် ကာရာအိုကေပါ ဆိုနိုင်အောင် စီစဉ်ပေးထားသည်။ 

သူတို့ဆီက စာကြည့်တိုက်များတွင် ဆူပါမားကက်ကြီးများနှင့် တွဲထားသည်လည်းရှိသည်။ ကလေးစင်တာ၊ လူကြီးစင်တာတွေလည်း ဖွင့်ပေးထားသည်။ သက်ကြီးပညာရှာလိုသူတို့အတွက် နေရာလည်းပေးထားသည်။ ကော်ဖီဆိုင်လည်းရှိသည်။ စားသောက်ဆိုင်လည်း တွဲဖွင့်ထားသည်။ ကွန်ပျူတာ၊ ပရင်တာတွေလည်း ထားပေးထားသည်။ ရုပ်ရှင်ရုံတွေလည်း တွဲဖွင့်ထားသည်။ 

ကမ္ဘာကြီးက ပြောင်းလဲနေသည်။ သူတို့က စာကြည့်တိုက် ခေတ်တစ်ခေတ်ကို ပြောင်းလဲထူထောင်နိုင်စေရန် စီစဉ်ပြီး စာဖတ်သူ ပွားများလာစေရန် လုပ်ဆောင်နေကြသည်။ အရေးကြီးသည်မှာ လူတွေက ဆုံတွေ့ရန် နေရာတစ်ခုခုလိုသည်။ အလုပ်လာလုပ်ရန် နေရာတစ်ခုခု လိုနေသည်။ သူတို့တတ်မြောက်ထားသည့် ဒစ်ဂျစ်တယ်နှင့် ကွန်ပျူတာကျွမ်းကျင်မှုများကို လာရောက်လေ့ကျင့်ရန် နေရာလိုသည်။ 

စာကြည့်တိုက်တွေက စာအုပ်ငှားရန်သက်သက် မဟုတ်။ လူတို့၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးပြီး သူတို့အတွက် အသုံးဝင်မည့် စာအုပ်များ ငှားသွား၊ ဖတ်သွားနိုင်ရေးအတွက် ဝန်ဆောင်ပေးနိုင်သည့် နေရာတစ်နေရာအဖြစ် ဖန်တီးပေးနိုင်ရန် ကြံဆောင်ရပေလိမ့်မည်။

စာကြည့်တိုက်ဆိုသည်မှာ ပျော်ရွှင်စွာဖြင့် တစ်ခုခုကို လာရောက်သင်ယူ ဖွေရှာလေ့လာနိုင်သော နေရာတစ်ခုအဖြစ် ပြောင်းလဲနိုင်ခြင်းမှာ ဖင်လန်နိုင်ငံ၏ ပညာရေးအမြော်အမြင်များဖြစ်သည်ဟု ဆိုချင်သည်။

E-01
(Ref: The Guardian)


  • VIA