News

POST TYPE

EDUCATION

ပညာရေးသည် အပြေးပြိုင်ပွဲမဟုတ်
19-May-2018 tagged as ပညာရေး ထိုင်း



ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အာနန်ပန်ယရာချွန်က ထိုင်းပညာရေးနှင့် ပတ်သက်ပြီး မိဘများ၏ ပညာရေးအပေါ် ခံယူထားသည့် သဘောထားများကို ပြုပြင်ပြောင်းလဲရန် လိုနေပြီဖြစ်ကြောင်း ထောက်ပြထားသည်။ အထူးသဖြင့် ပညာရေးနှင့်ပတ်သက်ပြီး အစိုးရက တာဝန်ယူထားလွန်းခြင်းနှင့် ထိန်းချုပ်ထားမှုအပေါ် သူက ထောက်ပြဝေဖန်နေရုံမက ကျောင်းသားများကို ကျောင်းထားသည်မှာ အပြေးပြိုင်ပွဲတစ်ခုကို ဝင်ခိုင်းသလို သဘောထားနေခြင်းအပေါ် အပြစ်တင်နေခြင်းဖြစ်သည်။ ကျောင်းသွားထားခြင်းသည် အပြေးပြိုင်ခိုင်းနေခြင်းမဟုတ်ဟု သူကဆိုသည်။ 

ပညာရေးကို အစိုးရက ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုကဲ့သို့ ပခုံးပေါ်ထမ်းထားခြင်းမှာ မှန်ကန်မှုရှိပါသလား။ ပြုပြင်ပြောင်းလဲမှုကို လုပ်မည်ဆိုလျှင် ထိုအချက်ကစပြီး ပြောင်းရမည်ဟု အာနန်က ထောက်ပြပြီး မိဘများကပါ ထိုအချက်ကို သတိပြုကာ ကမ္ဘာ့နှင့် ရင်ပေါင်တန်းနိုင်စေရေးအတွက် အားပေးရမည်ဟုဆိုသည်။ 

အာနန်က Thailand Education Partnership (TEP) ပွဲတွင် စကားပြောရာ၌ မိဘများ၏ အတွေးအမြင်ကစပြီး ပြုပြင်ပြောင်းလဲရန်လိုမည်ဟု ဆိုသည်။ ကျောင်းထားလျှင် တော်ရမည်၊ ပြိုင်ရမည်၊ နိုင်ရမည်ဆိုခြင်းကို မိဘများသာမက အစိုးရကလည်း လမ်းကြောင်းကိုသွေဖည်ပြီး ခွင့်ပြုထားခြင်းက မှားနေသည်။ ယနေ့ကမ္ဘာတွင် အမှတ်ကောင်းမှ အလုပ်ကောင်းကောင်း ရမည်ဆိုသည့် လမ်းကြောင်းက ပြောင်းလာပြီဖြစ်သည်။ အလုပ်ရှင်တိုင်းကလည်း အမှတ်ကောင်းသူများထက်၊ အလုပ်အကြောင်း ကောင်းကောင်းနားလည် ကျွမ်းကျင်သူတွေကို လိုအပ်နေကြသည်။ အလုပ်ရှာဖွေသူများကအစ ပုံစံပြောင်းပြီး ရှာဖွေနေသည်။ တက္ကသိုလ်ရလဒ်သည် အရေးမပါတော့ဟု အာနန်က ဆိုသည်။

ပြိုင်ဆိုင်မှုဆိုသည့် အတွေးအမြင်က ထိုင်းနိုင်ငံပညာရေးကို လွှမ်းမိုးနေခဲ့သည်မှာ နှစ်ကာလကြာခဲ့ပြီဖြစ်သည်။ ကျောင်းတွင် အမှတ်ကောင်းစွာရရေးအတွက် ဘာသာရပ်တိုင်းလိုလိုကို စိတ်ပါသည်ဖြစ်စေ၊ စိတ်မပါသည်ဖြစ်စေ မိဘတွေက ကျူရှင်တက်ခိုင်းနေကြသည်။ သူတို့ကို မိဘတွေက ခြိမ်းခြောက်နေသလို၊ ဆရာတွေကလည်း ဖိအားတွေပေးနေကြသည်။ တော်ရမည်၊ အောင်ရမည်၊ အမှတ်များရမည်ဆိုသည့် ဖိစီးမှုတွေကို ကျောင်းသားတိုင်း ခံနေကြရသည်။ ကလေးက ဘာကိုစိတ်ဝင်စားသည်၊ ဘာကိုသင်ယူချင်သည်ကို သူတို့စိတ်မဝင်စား၊ အားလုံးက သတ်မှတ်ထားသည့် ဘာသာရပ်များတွင် အမှတ်ကောင်းရမည်ဆိုသည်ကိုသာ တွန်းအားပေးနေကြသည်။ ထိုင်းပညာရေးက အမှတ်ကောင်းကောင်း မွေးထုတ်ရေးကို လိုက်ရင်းက တကယ့်ပညာရေးနှင့် ကင်းဝေးမှန်းမသိ ကင်းဝေးသွားရသည်။ 

ပညာရေးတွင် အရေးကြီးသည်မှာ ကလေးများ၏ အရည်အသွေးကို ထုတ်ဖော်နိုင်ရေးဖြစ်သည်။ တီထွင်ဖန်တီးနိုင်စွမ်းရှိသည့် ကလေးမျိုးတွေကို မွေးထုတ်မလား၊ စာကျက်နိုင်စွမ်းရှိသည့် ကလေးများကို မွေးထုတ်ကြမည်လား ရွေးချယ်ကြရတော့မည်။ ကျောင်းတွေက ကလေးတွေကို ဉာဏ်ဖွင့်ပေးပြီး ပျော်ရွှင်စွာ လေ့လာသင်ယူနိုင်သည့် နေရာဖြစ်ရမည့်အစား ထိတ်လန့်စရာကောင်းသည့် နေရာတစ်နေရာ ဖြစ်လာအောင် ဖန်တီးနေကြသည်။ ထို့ကြောင့် ပညာကို နည်းနည်းသင်ပြီး စာတွေကို များများသင်နေကြသည်။ 

ကလေးတွေကို ဘာသင်ရမည်၊ ဘာမသင်ရဆိုခြင်းကို တားဆီးကန့်သတ် ပိတ်ပင်ပိုင်ခွင့်မှာ မိဘရော ဆရာများတွင်ပါ မရှိပါ။ ကျောင်းကိုရောက်လာသည့် ကလေးက သူဘာသင်ယူချင်သည်ဆိုခြင်းကို ဆုံးဖြတ်ပိုင်ခွင့်ရှိရေးမှာ ကမ္ဘာ့ပညာရေးလမ်းကြောင်း ဖြစ်လာသည်ကို သဘောပေါက်ထားရန်လိုသည်။ စာကျက်ခြင်းထက် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းဆီကို ပို့ဆောင်ပေးရမည့်ခေတ်ဖြစ်လာသည်။ 

အရေးအကြီးဆုံးအချက်မှာ ပညာရေးကို အစိုးရက မထိန်းချုပ်ရန်ဖြစ်သည်။ အစိုးရက ထိန်းချုပ်မည့်အစား အဆင်ပြေစွာ လည်ပတ်လုပ်ဆောင်နိုင်ရေးအတွက် အထောက်အပံ့ပေးခြင်းသာ ဖြစ်သင့်သည်။ ထိုင်းနိုင်ငံ ပညာရေးက တကယ့်ဘဝနှင့် ကင်းကွာနေသူများ၏ အကြံဉာဏ်အတိုင်းလိုက်ပြီး အကောင်အထည်ဖော်ပေးနေရသလို ဖြစ်နေသည်။ ပေါ်ပင်ပညာရေးအဖြစ် လုပ်ဆောင်နေရင်းက ပြောင်းလဲသင့်သည့်ကိုမပြောင်း ရေသာများပြီး ငါးမတွေ့သည့် အနေအထားကိုရောက်နေသည်။ 

ပညာရေးသည် အပြေးပြိုင်ပွဲတစ်ခု မဟုတ်ပါ။ ကျောင်းရောက်လာသည့် ကလေးများကို ပြေးခိုင်းခြင်းထက် တွေးခိုင်းခြင်းက ပိုကောင်းသည်။ တွေးခေါ်ဖန်တီး တီထွင်တတ်အောင် သင်ရမည့်အစား ဆရာတွေက ပြေးခိုင်းနေကြသည်။ မိဘတွေကလည်း ပြေးရင်း လဲသေသေ သဘောတွေကျနေကြသည်။ 

ကျောင်းသားတွေက ပူးပေါင်းလုပ်ဆောင်ခြင်းဖြင့် အကြံကောင်းများ ရနိုင်သည်ဆိုခြင်းနှင့် ပိုပြီး အသိအမြင်ကောင်းစေသည်ဆိုသော သဘောတရားကို နားမလည်။ သူတို့တွင် Teamwork ဆိုသည့် သဘောတရားကို မသိ။ တစ်ယောက်တည်း ပထမရအောင် ပြေးဖို့ကိုသာ သိကြသည့် တစ်ကိုယ်ကောင်းပညာရေးကို ရင်ဆိုင်နေရသည်။

ပညာရေးကို ပြုပြင်ပြောင်းလဲခြင်း မလုပ်နိုင်လျှင် နိုင်ငံရေးသမားကောင်း ထွက်ရန်မလွယ်။ ထိုင်းနိုင်ငံ၏ နိုင်ငံရေးကို စစ်တပ်က အာဏာသိမ်းပြီး အုပ်စိုးနေရချိန်တွေက များသည်။ အဘယ်ကြောင့်နည်း။ ပညာရေးစနစ်၏ ပူးပေါင်းလုပ်ဆောင်တတ်မှု သဘောတရားများ နည်းခြင်းကြောင့် တစ်ကိုယ်တော် ခေါင်းဆောင်မြော်ဝါဒကို သဘောကျနေကြခြင်းဖြစ်သည်။ နိုင်ငံရေးဖွံ့ဖြိုးစေချင်လျှင် ပညာရေးကို ပြုပြင်ရမည်။ ပညာရေးကို ပစ်ပယ်ထားလျှင် နိုင်ငံရေးလည်း သေနေလိမ့်မည်။

ကလေးများသည် သစ်ပင်တွေလိုဖြစ်သည်။ နှစ်ရှည်လများ ပြုစုပျိုးထောင်မွေးမြူ စောင့်ရှောက်လာရသည်။ အပင်ကောင်း၊ သန်စွမ်းလာမှ အနာဂတ်ကို စိတ်ချစွာဖြင့် လွှဲအပ်နိုင်မည်။ မျိုးစေ့ကလည်းမမှန်၊ မြေဩဇာကလည်းမကောင်း၊ အပင်ကလည်းမသန်၊ ရေကလည်း ကောင်းစွာမလောင်းသဖြင့် ပိန်လှီနေသော အပင်များဖြင့် အနာဂတ်ကမ္ဘာသည် စိမ်းလန်းစိုပြည်ရန်မှာ မရေရာ မသေချာဖြစ်လိမ့်မည်။ 

E-01
(ထိုင်းနိုင်ငံ ဝန်ကြီးချုပ်ဟောင်း အာနန်ပန်ယရာချွန်၏ Thailand Education Partnership (TEP)  ဖိုရမ်တွင် ပြောကြားသည့် မိန့်ခွန်းကို ရည်ညွှန်းပါသည်)