POST TYPE

EDUCATION

တရုတ်တို့သွားနေသည့် ပညာရေးလမ်းကြောင်း
19-May-2018



ကမ္ဘာ့ပညာရေးလမ်းကြောင်းသည့် AI (Artificial Intelligence) ခေါ် ကွန်ပျူတာဖြင့် အရာရာကိုဖန်တီးသည့် ဉာဏ်ရည်တုလမ်းကြောင်း သို့မဟုတ် လူသားအတိုင်း တုပလုပ်ဆောင်နိုင်သည့် စက်ရုပ်နှင့်ကွန်ပျူတာများ ဖန်တီးနိုင်သည့် ပညာလမ်းကြောင်းသို့ ဦးတည်နေပြီဖြစ်ကြောင်း သိထားရန်လိုပါသည်။

တရုတ်တို့က အနာဂတ်ပညာရေးလမ်းကြောင်းကို AI ဘက်သို့ပြောင်းနေသည်။ ခေါင်းဆောင်ပိုင်းကလည်း လမ်းကြောင်းသတ်မှတ်ပေးထားသလို အမေရိကကို ကျော်ရမည်ဆိုသည့် ရည်မှန်းချက်များဖြင့် လုပ်နေသည်။ လက်ရှိအနေအထားတွင် အမေရိကန်ပြည်ထောင်စုသည် AI လမ်းကြောင်းတွင် ထိပ်တန်းနိုင်ငံတစ်နိုင်ငံဖြစ်နေသည်။ တရုတ်က လာမည့် ဆယ်စုတစ်စုအတွင်း အမေရိကကို ကျော်တက်နိုင်ရန် အကောင်အထည်ဖော်နေသည်။

၂၀၁၀ ပြည့်နှစ်မှ ၂၀၁၄ ခုနှစ်အတွင်း တရုတ်၏ ကွန်ပျူတာနှင့် နည်းပညာဖြင့် AI ကို အကောင်အထည်ဖော်နေမှုသည် လွန်ခဲ့သည့် ၅ နှစ်ကထက် သုံးဆတိုးတက်လာသည်ကို တွေ့ရသည်။ AIနည်းပညာကို တီထွင်ထုတ်လုပ်သည့် အပိုင်းတွင်လည်း ၄၈ ရာခိုင်နှုန်းခန့် ရင်းနှီးမြှုပ်နှံလာကြောင်းတွေ့ရသည်။ AI နှင့်ပတ်သက်သည့် စာအုပ်များကိုလည်း တရုတ်ဘာသာဖြင့် အပြိုင်ထုတ်လာကြသည်။ AI နှင့်ပတ်သက်သည့် Deep Learning အပိုင်းကို အမျိုးအစားပိုင်းအရ အမေရိကန်ပြည်ထောင်စုက ၆၅၂ မျိုးထုတ်လျှင် တရုတ်က ၁၀၀ မျိုးထုတ်ထားသည်။ Artificial Intelligence အပိုင်းတွင် အမေရိကန်ပြည်ထောင်စုက ၆၄၁ မျိုး၊ တရုတ်က အမျိုးပေါင်း ၁၃၀၊ Machine Learning အပိုင်းတွင် အမေရိကန်ပြည်ထောင်စုက ၈၈၂ မျိုးထုတ်ထားပြီး တရုတ်က အမျိုးပေါင်း ၇၇၀ ထုတ်ထားသည်နှင့် နှိုင်းယှဉ်ကြည့်နိုင်သည်။

တရုတ်နိုင်ငံ၏ အကြီးဆုံးစီးပွားရေးအုပ်စုကြီး တစ်ခုဖြစ်သည့် Alibaba ကလည်း နိုင်ငံတကာတွင် AI နှင့်ပတ်သက်သည့် စမ်းသပ်မှုများ လိုက်လုပ်ရန်အတွက် ဒေါ်လာ ၁၅ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံပေးထားသည်။ အမေရိက၊ ရုရှား၊ အစ္စရေးနှင့် စင်ကာပူနိုင်ငံများတွင် တရုတ်စမ်းသပ်ခန်းများကို လိုက်ဖွင့်ပေးထားပြီး နည်းပညာများကို စုဆောင်းနေသည်။ နိုင်ငံတကာ နည်းပညာအားလုံးကို လိုက်ပြီးအတုယူကာ ပြည်တွင်း၌ ပြန်လည်အသုံးချရန် စီစဉ်နေကြသည်။

နိုင်ငံ၏ ပညာရေးဘက်တွင်လည်း AI ကို ဦးစားပေးသည့် ပညာရေးဖြစ်လာစေရန် နိုင်ငံတော်ဗျူဟာ တစ်ရပ်အနေနှင့် အကောင်အထည်ဖော်နိုင်ရေး ကြိုးစားနေသည်။ ပညာရေးတွင် AI ဖြင့် မည်သို့ပြုပြင်ပြောင်းလဲရမည်ကို သုတေသနတွေ စလုပ်နေသည်။ ခေတ်မီစာသင်ခန်းများအဖြစ် ပြုပြင်ပြောင်းလဲရေးကို အလေးပေးဆောင်ရွက်ရန်လည်း စီစဉ်နေသည်။ ယခင်က IT ကို တတိယအဆင့် သဘောလောက်ထားပြီး ဆေးပညာနောက်တွင်ထားခဲ့ရာမှ နည်းပညာကို ပထမအဆင့်သို့ရောက်လာရန် လုပ်ဆောင်နေခြင်းမှာ AI ကြောင့်ဖြစ်သည်ဟု ဆိုရမည်။ 

တရုတ်နိုင်ငံမှ ဟူကျင်းကုမ္ပဏီဆိုလျှင် အွန်လိုင်းပညာရေးအတွက် ကြိုးစားတီထွင်မှုများကို လုပ်ဆောင်နေသည်။ အွန်လိုင်းကတစ်ဆင့် သင်သူနှင့်သင်ယူသူကြားတွင် ရုပ်မြင်သံကြားစနစ်များ တိုက်ရိုက်ရရှိရေးကို လုပ်ပေးနေသည်။ Voice-recognition ဆိုသည့် အသံမှတ်စနစ်များကို သင်ကြားမှုတွင် အသုံးပြုနိုင်ရန် လုပ်နေသည်။ ဆရာနှင့် ကျောင်းသားများသည် စာသင်ခန်းမှာသာမဟုတ်၊ အွန်လိုင်းကလည်း ပညာသင်ကြားနိုင်ရမည်ဆိုသည့် ကျေးရွာအရောက် အဆင့်မြင့်ပညာများ ရောက်ရှိစေမည့် တီထွင်မှုများကို လုပ်ဆောင်ပေးနေကြသည်။ 

တရုတ်မှ Tencent နှင့် Alibaba ကုမ္ပဏီတို့ကလည်း AI ကို ပြည်တွင်း၌ အကောင်းဆုံးနှင့် အမြန်ဆုံး အကောင်အထည်ဖော်နိုင်မှ နိုင်ငံတကာကို ယှဉ်ပြိုင်ကျော်လွှားနိုင်မည်ဆိုခြင်းကို ကောင်းစွာ လက်ခံထားသည်။ ထို့ကြောင့် တရုတ်က အလယ်အလတ် AI ကုမ္ပဏီများကို နိုင်ငံတကာထိုးဖောက်နိုင်ရေးကို ဝိုင်းပြီးအားပေး လုပ်ဆောင်နေကြသည်။ သူတို့နည်းပညာများကို ယခုကတည်းက ဥရောပဈေးကွက်ဘက်သို့ ခြေလှမ်းထားသည့် သဘောဖြစ်သည်။ 

တရုတ်တို့၏ GTCOM ကုမ္ပဏီကြီးသည် Google, Microsoft နှင့် Amazon တို့ကို ယှဉ်ပြိုင်နိုင်ရေးအတွက် ပြင်ဆင်နေသည်။ ထိုကုမ္ပဏီက ကမ္ဘာအနှံ့ နိုင်ငံပေါင်း ၁၁၂ နိုင်ငံနှင့် ချိတ်ဆက်ပြီး ဒေတာပေါင်း သန်း ၁၂၀ ခန့်ကို ဖြန့်ပေးနိုင်ရန် ကြိုးစားနေသည်။ နေ့စဉ် သတင်းဆောင်းပါးပေါင်း သန်း ၃၀ နှင့် လူမှုကွန်ရက်ဆိုင်ရာ အချက်အလက်ပေါင်း သန်း ၅၀၀ ကျော်ကို ဝန်ဆောင်မှုပေးနိုင်ရန် စီစဉ်နေသည်။ တရုတ်တို့က Google ကိုပြိုင်ဆိုင်ပြီး ကိုယ့်နည်းကိုယ့်ဟန်ဖြင့် လုပ်နေကြသည်။ ယနေ့ဆိုလျှင် ဘာသာစကား ၆၀ ကျော်ဖြင့် ဆက်သွယ်နိုင်ရုံမက  e-Commerce ဆိုင်ရာ Website များကိုလည်း လုပ်ဆောင်ပေးနေသည်။ ယမန်နှစ်ကအထိ GTCOM သည် ဒေါ်လာ ၄၅ သန်း ရင်းနှီးမြှုပ်နှံထားပြီး NLP (Natural Language Processing) အတွက် ဒေါ်လာ ၁၂ သန်းခန့် ရင်းနှီးမြှုပ်နှံထားကြောင်းတွေ့ရသည်။ GTCOM ကုမ္ပဏီ၏ CEO ဖြစ်သူ အဲရစ်ယုက -

“ကလေးတွေကို ပညာပေးပြီးတော့ ကမ္ဘာ့အကြောင်းကို နားလည်အောင် လုပ်ပေးဖို့ အရေးကြီးတယ်။ ကွန်ပျူတာတွေကို မှတ်စုစာအုပ်တွေနဲ့အတူ သူတို့ကို ကိုင်တွယ်သုံးနိုင်အောင် ထုတ်ပေးနိုင်ရမယ်။ သူတို့ကို အရည်အသွေးမြင့်တဲ့ ပညာတွေကို သင်နိုင်အောင် လုပ်ဆောင်ပေးနိုင်ရမယ်”ဟု သူကဆိုသည်။ 

တရုတ်နိုင်ငံတွင် IT ဖွံ့ဖြိုးတိုးတက်ရေးသာမက 5G ကွန်ရက်ချိတ်ဆက်နိုင်ရေး၊ ကွန်ပျူတာ Semiconductors ထုတ်လုပ်ရေး၊ AI နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အသည်းအသန် လုပ်ဆောင်နေကြသည်။ နိုင်ငံတကာ ကုန်အမှတ်တံဆိပ် ထုတ်လုပ်သူတိုင်းနှင့်လည်း ချိတ်ဆက်နိုင်အောင် ကြိုးစားသည်။ AI နှင့်ပတ်သက်သည့် သုတေသနလုပ်ငန်း၊ တီထွင်မှု လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေသည်။ GTCOM ကို ရှေ့တန်းတင်ပေးလိုက်ပြီး Alibaba ကဲ့သို့သော ကုမ္ပဏီကြီးတွေက နောက်မှ အထောက်အကူပေးနေသည်။ ပညာရေးကို AI လမ်းဘက် ပို့နိုင်အောင် ကြိုးစားသည်။ တရုတ်တို့ ထိုသို့ အမြော်အမြင်ရှိစွာဖြင့် လုပ်ဆောင်နေသည်မှာ အဘယ်ကြောင့်နည်းဆိုသည်ကို သဘောပေါက်ကြရန် လိုမည်ထင်သည်။

E-01 
(Ref: How China Is Trying to Become the World’s Leader in Artificial Intelligence)


  • VIA