News

POST TYPE

EDUCATION

တရုတ် တက္ကသိုလ် အွန်လိုင်းပညာရေး
12-May-2018



တရုတ်နိုင်ငံ၏ ပညာရေးသည် MOOC ဆိုသည့် လိုင်းဆီသို့ ဦးတည်သွားနေကြောင်း သိကြစေချင်ပါသည်။ MOOC ဆိုသည့်မှာ Massive Open Online Education Course ကို ဆိုလိုခြင်းဖြစ်သည်။ ဧပြီလ ၂၁ ရက်နေ့တွင် တရုတ်ပညာရေးဝန်ကြီးဌာနက နိုင်ငံတော်၏ ပညာရေးအဆင့်အတန်း မြင့်မားရေးအတွက် MOOC ကဏ္ဍကိုလည်း ဦးစားပေး ဆောင်ရွက်သွားမည်ဟု လမ်းညွှန်သွားကြောင်း တွေ့ရသည်။

တရုတ်အဆင့်မြင့်ပညာရေးဌာနမှ ဆွန်းယီက -
“တရုတ်ပညာရေးဝန်ကြီးက အွန်လိုင်းပညာရေးကို တရုတ်ကောလိပ်တွေမှာ ဖွံ့ဖြိုးတိုးတက်လာစေဖို့ စီမံကိန်းတွေ ရေးဆွဲနေပါတယ်။ အဆင့်အတန်းရှိတဲ့ အွန်လိုင်းပညာရေးစနစ်ဖြစ်အောင် လုပ်မှာပါ။ တရုတ်က သင်နေတဲ့ အွန်လိုင်းသင်တန်းတွေဟာ ကမ္ဘာက စံပြုလောက်စေတဲ့ ပညာရေးမျိုး ဖြစ်လာရမယ်”ဟု ဆိုသွားသည်။

ယခုဆိုလျှင် တရုတ်နိုင်ငံ ဆင်ဟွာတက္ကသိုလ်တွင် MOOC ပလက်ဖောင်းဖြင့် အွန်လိုင်းပညာရေးကို လေ့လာနိုင်စေရန် စီစဉ်ပေးနေပြီဖြစ်သည်။ ထို့ပြင် MOOC ပညာရေး တိုးတက်ဖွံ့ဖြိုးလာရန် အတွက်လည်း ပညာရေးဝန်ကြီးဌာန၏ ဦးဆောင်မှုဖြင့် မည်သည့်သင်ရိုးများကို ပြုစုထည့်သွင်းသင့်ကြောင်း ဆွေးနွေးပွဲများကို လုပ်ဆောင်နေကြသည်။ 

တရုတ်ပညာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံတွင် နိုင်ငံတော်အဆင့်မီ အွန်လိုင်းသင်ကြားမှု Course ပေါင်း ၄၉၀ ကို အရည်အသွေးပြည့်ဝစွာဖြင့် ဖွင့်လှစ်သင်ကြားပေးနေပြီဟု ဆိုသည်။ ယခုနှစ် ဇန်နဝါရီလကတည်းက စတင်လုပ်ဆောင်နေခြင်းဖြစ်သည်။ လာမည့် ၂၀၂၀ ပြည့်နှစ်တွင် အွန်လိုင်းကတစ်ဆင့် အခြား Course ပေါင်း ၃၀၀၀ ကို သင်ကြားနိုင်ရေးအတွက် လုပ်ဆောင်သွားရန် စီစဉ်နေပြီဟု ဆွန်းယီက ဆိုသည်။

ပညာရေးဝန်ကြီးကလည်း တရုတ်တက္ကသိုလ်၊ ကောလိပ်တိုင်းကို MOOC စနစ်အတွက် အွန်လိုင်းသင်ကြားမှု လမ်းကြောင်းများ ဖွင့်လှစ်ပေးရန် တိုက်တွန်းအားပေးနေသည်။ အွန်လိုင်းသင်ကြားရေးအတွက် မိမိတို့တက္ကသိုလ်များ၏ ပေါ်လစီများကို ရေးဆွဲကြရန်လည်း ညွှန်ကြားနေသည်။ သူတို့ရည်ရွယ်ချက်က ရှင်းပါသည်။ ပညာရေးကို မာလ်တီဟုခေါ်သည့် လိုင်းပေါင်းစုံ ဝါသနာပါရာ သင်ယူခွင့်ရနိုင်ရေးအား ဦးတည်နေသည်။ အွန်လိုင်းတွင် လေ့လာမှုတစ်ခုမှသည် အခြားအဆင့်မြင့် လေ့လာမှုဆီသို့ ဦးတည်သွားစေမည့် ပညာရေးစနစ်မျိုး ဖြစ်စေချင်နေသည်။ တစ်နည်းပြောရလျှင် တရုတ်နိုင်ငံ အဆင့်မြင့်ပညာရေးကို တောရောမြို့ပါမကျန် တန်းတူညီမျှ တစ်ပြေးတည်း ရယူသင်ကြားနိုင်စေမည့် စနစ်ဆီသို့ သူတို့ဦးတည် နေကြခြင်းဖြစ်သည်။

“MOOC နည်းနဲ့ သင်ကြားနေတဲ့ ပါမောက္ခကြီးတွေဟာ စာသင်ခန်းထဲကလိုပဲ အွန်လိုင်းပေါ်မှာလည်း ဟာသနှောပြီး ပျော်ပျော်ရွှင်ရွှင် သင်ကြားနိုင်ပါတယ်။ အဓိကလိုအပ်တာက ကျွန်တော်တို့ ပေးနေတဲ့ MOOC ဟာ အရည်အသွေးပြည့်ဝတဲ့ သင်ကြားမှုစနစ်တစ်ခု ဖြစ်ဖို့ပါပဲ”ဟု ဆွန်းယီက ပြောကြားသည်။

တရုတ်နိုင်ငံတွင် နိုင်ငံတကာ အွန်လိုင်း Course တွေကို လိုက်တက်နေသည့် အရေအတွက်တွေလည်း များလာသည်။ အရေးကြီးသည်မှာ ပြည်တွင်းက သင်ကြားသည့် MOOC စနစ်တွင် သင်ယူသူဦးရေ များပြားလာရန်ဖြစ်သည်။ ထိုသို့ဖြစ်ရန်အတွက်လည်း ကမ္ဘာ့အဆင့်မီ အွန်လိုင်းပညာရေးဖြစ်ရန် တရုတ်က လမ်းကြောင်းပြောင်းဖို့ ကြိုးစားနေကြသည်။ အင်တာနက် ခေတ်ကြောင့် ပိတ်ထား၍မရလျှင် အစိုးရကိုယ်တိုင်က ကမ္ဘာကိုပြိုင်ပြီး ကျောင်းသားများကို ဖိတ်ခေါ်နိုင်ရန် ကြိုးစားရပေတော့မည်။

တရုတ်အစိုးရ စိုးရိမ်နေသည့်ကိစ္စတစ်ခုက မိမိနိုင်ငံမှ ကျောင်းသားများ ကမ္ဘာ့အွန်လိုင်းစနစ်များတွင် နေရာသွားယူနေခြင်းကြောင့် ပေါက်ကြားသွားမည့် အချက်အလက်များဖြစ်သည်။ အစိုးရအနေနှင့် အွန်လိုင်းလုံခြုံရေးနှင့် ကိုယ်ရေးအချက်အလက်များ လုံခြုံရေးကိုလည်း အထူးအလေးပေး ဆောင်ရွက်ရန်လိုကြောင်း နားလည်ထားသည်။

ဆင်ဟွာတက္ကသိုလ် အွန်လိုင်းပညာရေးဌာန အကြီးအကဲ ယုရှင်းကျင်ကလည်း ကမ္ဘာပေါ်တွင် အွန်လိုင်းပညာရေးကို ဦးဆောင်နေသည့် တက္ကသိုလ်ကြီးများထဲတွင် အမေရိကမှ ဟားဗတ်တက္ကသိုလ်နှင့် MIT ခေါ် မက်ဆာချူးဆက် နည်းပညာတက္ကသိုလ်တို့ ပါဝင်ကြောင်း ပြောကြားသည်။ ထိုတက္ကသိုလ်များတွင် အွန်လိုင်း Course များကို ပို့ချနေပြီး အွန်လိုင်းကတစ်ဆင့် ဘွဲ့အပ်နှင်းသည့် အစီအစဉ်များကိုပင် လုပ်နေကြသည်ဟုဆိုသည်။ ထိုကျောင်းကြီးများက အွန်လိုင်း Course တွေကလည်း ကျောင်းသားများကြားထဲတွင် လူကြိုက်များနေသည်။

ယခုဆိုလျှင် တရုတ်နိုင်ငံတွင် MOOC စနစ်ဖြင့် သင်ကြားပေးနေသည့် ဌာနပေါင်း ၁၀ ခုကျော်ရှိ လာပြီဖြစ်သည်။ ထိုဌာနများကတစ်ဆင့် သင်ကြားပေးနေသည့် အွန်လိုင်း Course ပေါင်း ၃၂၀၀ ရှိသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့အများဆုံး အွန်လိုင်း Course ကို ပို့ချပေးနေသည့် နိုင်ငံတစ်နိုင်ငံဖြစ်လာပြီဟုလည်း ဆိုနိုင်သည်။ တရုတ် Internet Network Information Center ၏ အဆိုအရ ၂၀၁၇ ခုနှစ်အထိ တရုတ်နိုင်ငံတွင် အွန်လိုင်းသင်တန်း တက်နေသူပေါင်း ၁၄၄ သန်းရှိကြောင်း သိရသည်။ တရုတ်ကလေးတွေ မည်သည့်လမ်းကြောင်း နောက်ကို အဘယ်ကြောင့် လိုက်နေသနည်း ပြန်လည်စဉ်းစား သုံးသပ်သင့်ပါသည်။ 

တရုတ်နိုင်ငံ ပီကင်းတက္ကသိုလ်ကြီးတွင်လည်း အွန်လိုင်းသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးနေသည်။ လွန်ခဲ့သည့် ၁၀ နှစ်ခန့်ကတည်းက တရုတ်ပညာရှင်များနှင့် ခေါင်းဆောင်ပိုင်းက တွေးဆကြသည်။ သူတို့တွင် ရှောင်လွှဲနိုင်ရန်အတွက် အခြားနည်းမရှိဆိုသည့် သဘောတရားကို နားလည်ထားကြသည်။ အွန်လိုင်းအတွက် နည်းပညာတွေဖွံ့ဖြိုးလာသည်။ အွန်လိုင်းစနစ်က ငွေကုန်လည်းသက်သာ ပညာလည်းရ၊ အကျိုးများစွာရှိကြောင်း ကောင်းစွာသိလာသည်။ 

ယခင်ပညာရေးစနစ်က ဘေကျင်းမှ မလာနိုင်လျှင် ပညာမတတ်ဟု ဆိုရလောက်သည့် အနေအထားဖြစ်နေသည်။ ယခုဆိုလျှင် ကောလိပ်လာတက်သူတိုင်း လက်ထဲတွင် စမတ်ဖုန်းများ ကိုင်ထားနိုင်ကြသည်။ သူတို့အတွက် MOOC ပညာရေးက လက်ထဲတွင် ရှိနေသည်ဟု ပြောရမည့်အနေအထားကို ရောက်နေသည်။ 

တရုတ်နိုင်ငံတွင် ပညာရေးကွာဟချက်သည် မြို့ပြနှင့်ကျေးလက် အလွန်များသည်။ ဖွံ့ဖြိုးသည့် ဒေသကြီးများတွင် ဖွင့်လှစ်ထားသည့် ကောလိပ်များနှင့် ကျေးလက်ဝေးလံခေါင်သီသည့် ဒေသများတွင် ဖွင့်လှစ်ထားသည့် ကောလိပ်တို့၏ သင်ကြား သင်ယူမှုများကလည်း ကွာခြားလျက်ရှိနေသေးသည်။ MOOC အွန်လိုင်းပညာရေးစနစ်ကို တရုတ်တွင် ၂၀၁၃ ခုနှစ် ဝန်းကျင်ခန့်ကတည်းက အစပျိုးပေးခဲ့ပြီး တစ်နိုင်ငံလုံးရှိ ကျောင်းသားများအား အချိန်မရွေး၊ နေရာမရွေး၊ ဘာသာမရွေး သင်ယူနိုင်ရမည်ဆိုကာ ဖွင့်လှစ်ပေးခဲ့ခြင်းဖြစ်သည်။

ကောလိပ်သင်ရိုးများကို အွန်လိုင်းပေါ်က တစ်ဆင့် လေ့လာသင်ယူနိုင်စေရန် စီစဉ်ပေးလိုက်ခြင်းက စနစ်ဟောင်း ပညာသင်ကြားရေးစနစ်များကိုပါ ပြောင်းလဲလိုက်သလိုဖြစ်သွားသည်။ အဘယ်ကြောင့်ဆိုသော် အစဉ်အလာ သင်ရိုးနှင့်သင်ကြားမှုများ အပေါ်တွင် ကျောင်းသားတွေ စိတ်ကုန်နေသည်မှာကြာပြီ။ ဆရာတွေ၏ သင်ကြားမှုအရည်အသွေးကို စိန်ခေါ်နေသည့် အွန်လိုင်းပညာရေးကြောင့် တက္ကသိုလ်ကောလိပ်များရှိ ဆရာတွေလည်း လှုပ်လှုပ်ခတ်ခတ် ဖြစ်လာကြသည်။

ပညာရေးတွင် ကျေးလက်နှင့် မြို့ပြတန်းတူညီမျှ ရှိရေးအတွက် အဖြေရှာနေကြသည်မှာ နှစ်ပေါင်းကြာပြီ။ အစားထိုး ဝင်ရောက်လာသည့် အွန်လိုင်းပညာရေးစနစ်က အဖြေတစ်ခုဖြစ်နိုင်မည်လားဟု စဉ်းစားလုပ်ဆောင်နေကြသည်။ 

တရုတ်နိုင်ငံတွင် ၂၀၁၃ ခုနှစ်ကတည်းက အဆင့်မြင့်ပညာရေး အဖွဲ့အစည်းတစ်ခုဖြစ်သော WEMOOC ကို ဖွဲ့စည်းခဲ့သည်။ ယခုအခါ ထိုအဖွဲ့အစည်းသို့ တက္ကသိုလ်၊ ကောလိပ်ပေါင်း ၁၀၀ ကျော် မှ ဆရာများက ဝင်ထားကြသည်။ ထိုအထဲတွင် ပီကင်းတက္ကသိုလ်နှင့် ဖူတန်းတက္ကသိုလ်တို့လည်း ပါဝင်သည်။

အွန်လိုင်းကတစ်ဆင့် ပညာသင်ကြားပေးနေရခြင်း ရည်ရွယ်ချက်မှာ ဘွဲ့ရများ စက်နှင့် လှိမ့်ထုတ်ပေးနေသလို ပေါပေါများများ ထွက်လာစေရန် မဟုတ်ပါ။ ပညာ၏ ရင်းမြစ်များကို စနစ်တကျသိရှိပြီး ဆက်လက်လေ့လာ ပွားများလိုစိတ်ရှိရန်ဖြစ်ပါသည်။ တစ်နည်းအားဖြင့် အရေအတွက်ရော၊ အရည်အချင်းပါ ပညာတတ်လေးများ ပွားများလာစေရန် ရည်ရွယ်သည်။ ခေတ်မီနည်းစနစ်များဖြင့် အလွယ်တကူ လေ့လာသင်ယူခွင့်ရရန်လည်းပါသည်။ အဘယ်ကြောင့်ဆိုသော် အင်တာနက်ဆိုသည်က ကမ္ဘာ့ပညာသိုက်ကြီးတစ်ခု ဖြစ်မှန်းမသိ ဖြစ်လာသည်။ အွန်လိုင်းကတစ်ဆင့် ကလေးများကို လမ်းကြောင်းပြပေးနိုင်ရန် လိုအပ်နေသည်။

အွန်လိုင်းကို လမ်းဖွင့်ပေးလိုက်ခြင်းကြောင့် ယခင်ရယူသင်ကြားရန် ခက်ခဲသည့် ပညာရပ်များကို လေ့လာ သင်ကြားခွင့်ရသွားသည်။ တရုတ်နိုင်ငံတွင် အွန်လိုင်းပညာရေးစနစ် အကောင်အထည်ဖော်သည့် ငါးနှစ်အတွင်း အနောက်ပိုင်းရှိ ကောလိပ်များတွင် ကျောင်းသားပေါင်း ၃ သန်းကျော် လေ့လာသင်ယူ နိုင်ခဲ့ကြသည်။ သူတို့ကို WEMOOC အဖွဲ့ကြီးက အသိအမှတ်ပြုပေးသည်။ 

“တစ်ချိန်က ကျွန်တော် ကျောင်းသား ၅၀၀ နဲ့ ၆၀၀ လောက်ပဲ သင်နိုင်တယ်။ ကျောင်းသားတွေ ခန်းမကြီးထဲမှာ ထိုင်ပေါ့။ တချို့ဆိုရင် နေရာမရလို့ ကြမ်းပြင်ပေါ်ထိုင်ရတယ်။ ခုဆိုရင် ကျွန်တော့် သင်ကြားမှုကို တက္ကသိုလ်ပေါင်း ၆၀၀ ကျော်မှာ ကျောင်းသားပေါင်း ၁၆၀,၀၀၀ ကို သင်ပေးနေရပြီ။ အွန်လိုင်းကနေ သင်ပေးနေရတာလေ။ စိတ်ကူးလို့တောင် မရတဲ့ စာသင်ခန်းမှာ သင်ပေးနေရတာ”ဟု ပီကင်းတက္ကသိုလ်မှ ပါမောက္ခယိလန်းက ပြောကြားသည်။ အွန်လိုင်းပညာရေးစနစ်၏ ပြောင်းလဲလာပုံ အနေအထားကို လေ့လာကြည့်ရန်ဖြစ်သည်။

တရုတ်ပညာရေးဝန်ကြီးဌာနက ယခုနှစ် ဇန်နဝါရီလအထိ အမျိုးသားအဆင့် အရည်အသွေးပြည့် အွန်လိုင်း Course ပေါင်း ၄၉၀ ကို ခွင့်ပြုပြီးဖြစ်ကြောင်း ထုတ်ပြန်ကြေညာသည်။ ယင်းဘာသာရပ်များကို အဆင့်မြင့် (First-Class) တက္ကသိုလ်ကြီးများတွင် ၇၀ ရာခိုင်နှုန်းခန့် သင်ကြားနေပြီဟုလည်း ဆိုသည်။ 

တရုတ် ပညာရေးဝန်ကြီးကလည်း MOOC စနစ်ကို တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အနောက်ပိုင်းတို့အပြင် အခြား ဝေးလံခေါင်သီသည့် ဒေသများအထိ တိုးမြှင့်သင်ယူနိုင်စေရန် လုပ်ဆောင်သွားမည်ဟု ဆိုထားသည်။ ယနေ့ဆိုလျှင် တရုတ်နိုင်ငံ၌ MOOC Website ပေါင်း ၅,၀၀၀ ကျော် ဖွင့်လှစ်နိုင်ပြီး ဝင်ရောက် လေ့လာနေသူပေါင်း သန်း ၇၀ ကျော်ရှိသည်။ ထိုအထဲတွင် ကောလိပ်များမှ ကျောင်းသား ၁၁ သန်း ကျော်ပါဝင်သည်။ 

တရုတ်အွန်လိုင်း ပညာရေးသည် နှစ်စဉ် ၂၀ ရာခိုင်နှုန်းခန့် လေ့လာသူများ တိုးပွားလျက်ရှိသည်။ အွန်လိုင်းက ပညာရှာနေသူပေါင်း ၁၄၄ သန်းကျော်ရှိသည်။ ယင်းတို့အနက် မိုဘိုင်းလ်ဖုန်းကို အသုံးပြုပြီး လေ့လာနေသူပေါင်း သန်း ၁၂၀ ကျော်ရှိသည်။ တရုတ်မိဘ ၅၃ ရာခိုင်နှုန်းသည် မိမိတို့သားသမီးများ အွန်လိုင်းပညာရေးသင်တန်းများ တက်ရောက်ရန်အတွက် ငွေများထုတ်ပေးကာ ရင်းနှီးမြှုပ်နှံမှုများ လုပ်နေကြသည်။ ယင်းတို့အနက် ကလေး ၃၁ ဒသမ ၂ ရာခိုင်နှုန်းခန့်မှာ သင်တန်းကို တစ်ခုမက တက်နေကြသူများဖြစ်သည်။ 

တရုတ်နိုင်ငံတွင် ပြောင်းလဲနေသည့် ကမ္ဘာ့ပညာရေးစနစ်ကို အမီလိုက်နိုင်ရန် ဧပြီလကစပြီး ကျောင်းသုံး ဖတ်စာအုပ်များကိုလည်း အဆင့်မြှင့်ပြီး ပြုပြင်ပြောင်းလဲနေပြီဖြစ်သည်။ နောက်ဆုံးပြောင်းလဲလိုက်သည့် သင်ရိုးတစ်ခုထဲတွင် “Fundamentals of Artificial Intelligence” ဆိုသည့် သင်ရိုး တွေပါလာသည်။ တရုတ်ခေါင်းဆောင်များကအစ တရုတ်အနာဂတ်ပညာရေးကို AI ခေါ် ဉာဏ်ရည်တုဖြင့် စက်ရုပ်များ တီထွင်ရေးလမ်းကြောင်းကို သွားမည်ဟုဆိုထားသည်။ 

တရုတ်မိဘတွေက မိမိတို့သားသမီးတွေအတွက် အနာဂတ်ကို ကြိုပြင်ထားသည်။ နိုင်ငံခြားကဆရာတွေနှင့် အွန်လိုင်းကတစ်ဆင့် အင်္ဂလိပ်စာတွေ လေ့လာနေကြသည်။ အပိုချိန်များတွင် AI သင်တန်းတွေတက်သည်။ ကွန်ပျူတာပရိုဂရမ် ကုတ်ရေးနည်းတွေက ကြိုပြီးသင်နေကြပြီ။ ကမ္ဘာကြီးကို မျှော်ကြည့်နေသည့် ပြတင်း ပေါက်များကို ပိတ်ထား၍မရမှန်း သူတို့ ကောင်းကောင်းသိသည်။ ထို့ကြောင့် တရုတ်ခေါင်းဆောင်တစ်ဦး ပြောခဲ့သူလို ပြတင်းပေါက်တွေ ဖွင့်ရပေတော့မည်။ ဖုန်တွေ အလုံးလိုက် ဝင်ကောင်းဝင်လာနိုင်သည်။ မည်သို့ဆိုစေ အလင်းရောင်နှင့် လေကောင်းလေသန့်ရရန် အရေးကြီးသည်ဆိုသော မူကို ပြန်လည်ကျင့်သုံးကြသည်။ 

E-01
(Ref: South China Morning Post, Women of China, Xinhua)