News

POST TYPE

EDUCATION

ဖင်လန်နိုင်ငံမှ ပညာရေးသင်ခန်းစာများ
12-May-2018



ဖင်လန်နိုင်ငံပညာရေးက လက်ရှိအနေအထားတွင် နာမည်ကျော်နေသဖြင့် လေ့လာမကုန်နိုင်အောင် ဖြစ်နေပါသည်။ နိုင်ငံတကာမှ ပညာရှင်များကလည်း သွားရောက်လေ့လာဆဲဖြစ်သည်။ ဖင်လန်က ယခုထွင်လိုက်ပြန်ပြီ။ ကျောင်းများတွင် သင်ကြားမည့် ဘာသာရပ်များကို ဖယ်ရှားဦးမည်ဟု ဆိုလိုက်ပြန်သည်။ အစဉ်အဆက်ကျောင်းတွင် ဘာသာရပ်ဗဟိုပြုကာ သင်ကြားလာနေသူများ မျက်လုံးပြူးကုန်မည်ထင်သည်။ 

စင်ကာပူနှင့် တရုတ်နိုင်ငံတို့တွင် ဖင်လန်နိုင်ငံ၏ ပညာရေးစနစ်ကို အတုခိုးနိုင်အောင် ကြိုးစားနေကြရာ ဖင်လန်က ဘာသာရပ်သင်ကြားမှုများကို ဖြုတ်တော့မည်ဆိုသဖြင့် နားလည်ရခက်ပြီး လေ့လာဆန်းစစ်နေကြရပြန်သည်။ ဖင်လန်နိုင်ငံကလည်း သူ့အရပ်နှင့် သူ့ဇာတ် ပညာရေးကို အောင်မြင်အောင် လုပ်ဆောင်ပြနိုင်လွန်းသဖြင့် မအောင်မြင်ဟု ပြောရန်ကလည်း ခက်နေသည်။ ဖင်လန် အဘယ်ကြောင့် အောင်မြင်ရသနည်းဆိုသည့် အချက်မှာ သူတို့နိုင်ငံမှ ကလေးများသည် စိတ်ဖိစီးမှုလုံးဝမရှိသည့် ပညာရေးစနစ်ကို ပိုင်ဆိုင်နေကြခြင်းကြောင့်ဖြစ်သည်။ ဖင်လန်အတိုင်း လိုက်လုပ်ရန်ဆိုသည်မှာ ပညာရေးတွင် စိတ်ဖိစီးမှု မည်မျှကင်းသနည်းဆိုသည့် အချက်နှင့် တိုင်းတာပါက ကျန်နိုင်ငံများ နောက်ကောက်ကျကုန်သည်။ 

ဖင်လန်နိုင်ငံသည် ကျောင်းသင်ဘာသာရပ်များ မရှိဆိုသည့် သဘောတရားကို လွန်ခဲ့သော ၂ နှစ်ခန့်ကတည်းက စမ်းသပ်နေကြသည်။ ကျောင်းရောက်လာလျှင် ဖတ်စာအုပ်ဖွင့် ဘာသင်မည်ဆိုကာ ဆရာများက ပြောခြင်းထက်၊ ကျောင်းသားက သူဘာကို သင်ယူလိုသည်ဟု ပြောခြင်းဖြင့် စတင်လိုက်မည်။ အစဉ်အလာက လုံးဝခွဲထွက်သွားသည့် စနစ်ဖြစ်သွားသည်။ သူတို့အတွက် ပြဋ္ဌာန်းထားသည့် ဘာသာရပ်မရှိ။ သူက ဒုတိယကမ္ဘာစစ်အကြောင်း သိချင်သည်။ သိချင်သည်ကို လေ့လာနိုင်အောင် လုပ်ပေးမည်။ သူရွေးချယ်လိုက်သည့် ဒုတိယကမ္ဘာစစ်အကြောင်းကို သင်ပေးမည်။ ပထဝီ၊ သမိုင်း၊ အင်္ဂလိပ်စာ၊ သင်္ချာတို့နှင့် ဆက်စပ်လေ့လာနိုင်စေရန်လည်း လမ်းဖွင့်ပေးမည်။ သူတို့သိချင်သည့် အကြောင်းအရာသည် မျက်မှောက်ရေးရာလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ဆိုစေ ဆရာက ကျောင်းသားသင်ယူချင်သည်ကို သင်ပေးရန်သာဖြစ်သည်။ ယင်းကိုပင် ဘာသာရပ်မဲ့ပညာရေးအဖြစ် အကောင်အထည်ဖော်ရန် စီစဉ်နေကြခြင်းဖြစ်သည်။

ကျောင်းသားက သူ ဒုတိယကမ္ဘာစစ်အကြောင်း သိချင်သည်ဟု ပြောလိုက်မည်။ မြေပုံတွေ ထုတ်ရတော့မည်။ စစ်ပွဲဖြစ်သည့်နေရာတွေကို မြေပုံထောက်ပြသင်ရမည်။ မြေပုံကို ပြရာတွင်လည်း ထိုခေတ်ကမြေပုံနှင့် ယခုခေတ် မြေပုံကွဲပြားသွားကြောင်း ပြနိုင်ရမည်။ ဒုတိယကမ္ဘာစစ်အတွင်းက နယ်ခြားသတ်မှတ်ချက်များ ကွဲပြားကုန်သည်၊ အဘယ်ကြောင့် ကွဲပြားသွားသည်ကို ထောက်ပြရမည်။ ပထဝီသဘောတရားတွေ ပါလာသည်။

ဒုတိယကမ္ဘာစစ်အတွင်းက ခေါင်းဆောင်တွေအကြောင်း ပြနိုင်သည်။ သူတို့ဘာတွေ ပြောခဲ့သနည်း လေ့လာခိုင်းနိုင်သည်။ ထိုစဉ်က တစ်နေရာနှင့်တစ်နေရာကို တင့်ကားတွေ ပြောင်းရွှေ့ကြသည်။ တပ်တွေကို ရွှေ့ကြသည်။ မိုင်အကွာအဝေးမည်မျှကို မည်သည့်နှုန်းဖြင့်ရွှေ့လျှင် မည်သည့်အချိန်တွင် ရောက်မည်နည်းဆိုသည်ကို သင်္ချာများဖြင့်တွက်ခိုင်းနိုင်သည်။ စစ်ပွဲဖြစ်သည့် နေရာတစ်နေရာနှင့် တစ်နေရာကို တပ်ရွှေ့သည့်နှုန်းများကို တွက်ချက်ခိုင်းခြင်းဖြင့် ပညာရနိုင်သည်။

ကျောင်းသားတစ်ဦး၏ သင်ယူလိုသည့် အကြောင်းအရာကို ဆရာက ချဲ့ထွင်ပြီး လမ်းကြောင်းပေးရမည်မှာ ဆရာ့အတွက်လည်း အလွန်ခက်ခဲသလို တပည့်များကိုလည်း တတ်မြောက်စေလိုသည့် စေတနာမထားလျှင် လုံးဝသင်ကြား၍ မရနိုင်သည့် သဘောဖြစ်နေသည်။ ဖင်လန်နိုင်ငံဆရာတွေက ပညာရေးစနစ်ကို လက်တွေ့ဘဝထဲ ဆွဲထုတ်နေခြင်းဖြစ်သည်။ ကျောင်းသင်ခန်းစာထဲက အချက်များကို ပြောင်းလဲသွားအောင် နှိုးဆွသင်ကြားနိုင်စေရန် အားထုတ်နေကြခြင်းဖြစ်သည်။ အကန့်အသတ်မဲ့ ပညာရေးဟူ၍လည်း သူတို့က သတ်မှတ်ကြသည်။ 

တီထွင်ဖန်တီးသည့် ပညာရေးဆိုသည်မှာ တကယ့်ဘဝနှင့် ဆက်စပ်နေရမည်။ ကျောင်းသားကို ရွေးချယ်ခိုင်းခြင်းက ပညာရေးသည် မည်မျှအရေးကြီးသည်ကို ထင်ရှားစေသည်။ သူ့ဘဝအတွက် အရေးအကြီးဆုံး အလုပ်တစ်ခုကို လုပ်နေသကဲ့သို့ ခံစားစေသည်။ 

ကိုယ်သိချင်သည့်အကြောင်းအရာကို လေ့လာရသောကြောင့် ကျောင်းသားက သူသင်ကြားနေရသည့် ပညာသည် အလွန်အဓိပ္ပာယ်ရှိသည့် အလုပ်တစ်ခုအဖြစ် မြင်လာသည်။ ကျောင်းစာကို ကျောင်းထဲတွင် ထားသွားရန်မဟုတ်။ ကျောင်းစာကို ဘဝထဲယူသွားနိုင်သည်အထိ လမ်းဖွင့်ပေးလိုက်ခြင်းလည်းဖြစ်သည်။ 

ကျောင်းတစ်ကျောင်း အောင်မြင်မှုကို မည်သည့်အရာနှင့် တိုင်းတာမည်နည်း။ အစဉ်အလာနည်းစနစ်များက မအောင်မြင်ဟုဆိုလျှင် ထိုစနစ်အတိုင်း ဆက်လက်ကျင့်သုံးနေသဖြင့် ပညာရေးသည် တိုးတက်လာနိုင်မည်လော ပညာရှင်များက စဉ်းစားသုံးသပ်လာကြသည်။

၂၀၁၆ ခုနှစ်က ဗြိတိန်နိုင်ငံ Independent သတင်းစာကြီးက အကောင်းဆုံးပညာရေးစနစ် ၁၁ ခုကို ထုတ်ပြန်သည်။ အကောင်းဆုံးကို သတ်မှတ်ရာတွင် စီးပွားရေး၊ ပတ်ဝန်းကျင်၊ အခြေခံအဆောက်အဦ၊ ကျန်းမာရေး၊ မူလတန်းပညာ၊ အလုပ်အကိုင်အခွင့်အလမ်း စသည့်အရာများနှင့် တိုင်းတာကြခြင်းဖြစ်သည်။ ကျောင်းတိုင်းလိုလိုသည် အစဉ်အလာဘောင်ကို မကျော်နိုင်သေးသည့် ပညာရေးစနစ်ကိုပင် ကျင့်သုံးနေကြသည်။ အစဉ်အလာကို အရိုးစွဲနေသောကြောင့် မိဘ၊ ဆရာ၊ ကျောင်းသားအားလုံးက ထိုဝဲအတွင်း ကျင်လည်နေရသည်ကို သာယာနေသည်။ စင်ကာပူနိုင်ငံက ၁၁ နိုင်ငံတွင် အဆင့် ၄ ချိတ်သည်။ သူတို့သည် အစဉ်အလာနှင့် ခေတ်သစ်ကို ကြိုးစားလွန်ဆွဲရင်း အနေအထားတစ်ခုကို ရောက်လာခြင်းဖြစ်သည်။ ဘယ်လ်ဂျီယန်နှင့် ဆွစ်ဇာလန်တို့က ဒုတိယနေရာတွင်ရှိပြီး ဖင်လန်က ထုံးစံအတိုင်း နံပါတ် ၁ ဖြစ်သည်။ ဖင်လန် အဘယ်ကြောင့် နံပါတ် ၁ ဖြစ်ရသနည်း။ ပေးထားသည့် အချက်အားလုံး ပြည့်စုံနေသည့်အပြင် တီထွင်ဆန်းသစ်နိုင်စွမ်းရှိခြင်း၌ အားလုံးထက် လွန်ကဲနေသောကြောင့်ဖြစ်သည်။ 

ဖင်လန်နိုင်ငံမှ အတူယူစရာတွေများပါသည်။ သူတို့သည် ပညာရေးစနစ်ကို တစ်ခုပြီးတစ်ခုပြောင်းသည်။ သူတို့ ပြောင်းလဲသမျှသည် ကျောင်းသားများ၏ အနာဂတ်ကို ထည့်တွက်သည်။ ကမ္ဘာ့အဆင့်ကို ထူထောင်ပြီး စံပြုလောက်အောင်လုပ်ပြသည်။ သူတို့ အဘယ်ကြောင့် အောင်မြင်သနည်း။ သူတို့တွင် အကောင်းဆုံးဆရာများနှင့် ပြောင်းလဲမှုကို လိုက်ပါဆောင်ရွက်နိုင်သူများရှိနေသည်။ ပညာရေးကို စိတ်ပါဝင်စားသူများဖြင့် ပညာနိုင်ငံကို ထူထောင်လိုစိတ်ရှိသည့် နိုင်ငံဖြစ်နေသောကြောင့် အောင်မြင်နေရခြင်းဖြစ်သည်။

E-01
(Ref: Education Lesson from Finland)


  • VIA