News

POST TYPE

EDUCATION

မြောက်ကိုရီးယားတွင် ထိန်းသိမ်းခံနေရသော အမေရိကန်သုံးဦး လွတ်မြောက်


ဝါရှင်တန်၊ မေ ၁၀

မြောက်ကိုရီးယားတွင် ဖမ်းဆီးထိန်းသိမ်းခံနေရသော အမေရိကန်သုံးဦးကို လွတ်မြောက်လာစေရန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုက အောင်မြင်စွာ စွမ်းဆောင်ခဲ့သည်ဟု သမ္မတထရမ့်က ကြေညာလိုက်ကြောင်း DW သတင်းတွင် ဖော်ပြထားသည်။

၎င်းတို့ လွတ်မြောက်လာခြင်းသည် စိတ်ရင်းမှန်၏ အပြုသဘောလက္ခဏာဖြစ်သည်ဟု အိမ်ဖြူတော်က ပြောကြားသွားသည်။ အကဲခတ်များကလည်း မြောက်ကိုရီးယားသည် ၎င်း၏ လက်နက်အစီအစဉ်ကို စွန့်လွှတ်မှုကြောင့် အရေးယူပိတ်ဆို့မှုများ ဖြေလျှော့ပေးစေရန် ကြိုးစားနေသည်ဟု ယုံကြည်ကြသည်။

ပွန်ပီယိုသည် လွတ်မြောက်လာသူသုံးဦးနှင့်အတူ ပြုံယမ်းမှ ပြန်လာနေပြီဖြစ်ပြီး လွတ်မြောက်လာသူများမှာလည်း ကျန်းမာရေးကောင်းပုံရသည်ဟု သမ္မတထရမ့်က ပြောကြားသည်။

လွတ်မြောက်လာသူ အမေရိကန်နိုင်ငံသားသုံးဦးမှာ ပြုံယမ်းတက္ကသိုလ် သိပ္ပံနည်းပညာဌာနတွင် သွားရောက်လုပ်ကိုင်နေသူ ကင်ဟပ်ဆွန် (အသက် ၅၀ ကျော်)၊ မြောက်ကိုရီးယားကျေးလက်တွင် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူ ကင်ဆောင်ဒပ်ခေါ် တိုနီကင်မ် (အသက် ၅၀ ကျော်) နှင့် တောင်ကိုရီးယား ဇာတိအမေရိကန်လုပ်ငန်းရှင် ကင်ဒေါင်ချူး (အသက် ၆၀ ကျော်) တို့ ဖြစ်သည်။

ယခုကဲ့သို့ အမေရိကန်သုံးဦးကို လွှတ်ပေးခြင်းသည် သမ္မတထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့အကြား သမိုင်းဝင်ထိပ်သီးဆွေးနွေးပွဲမတိုင်မီ စိတ်ရင်းမှန်ကို အပြုသဘောပြသခြင်းဖြစ်သည်ဟု အိမ်ဖြူတော်က ပြောကြားသည်။

လွတ်မြောက်လာသူ တိုနီကင်မ်၏ မိသားစုက သမ္မတထရမ့်အား မြောက်ကိုရီးယားအစိုးရနှင့် ဆွေးနွေးမှုအတွက် ကျေးဇူးတင်ကြောင်းနှင့် ဝမ်းမြောက်ပျော်ရွှင်ကြောင်း ပြောကြားသည်။

အမေရိကန်ကာကွယ်ရေးဝန်ကြီး ဂျိမ်းမက်တစ်ကလည်း လာမည့် ဆွေးနွေးမှုများတွင် အကျိုးရလဒ်များ ထွက်ပေါ်နိုင်သည်ဟု အကောင်းဘက်မှ ရှုမြင်ရန် အကြောင်းရင်းတစ်ခုဖြစ်ကြောင်း မှတ်ချက်ပေးသည်။

တောင်ကိုရီးယားကမူ ယခုလုပ်ဆောင်မှုသည် ထရမ့်နှင့် ကင် ဆွေးနွေးပွဲမတိုင်မီ အပြုသဘောဆောင်လက္ခဏာဖြစ်သည်ဟု မှတ်ချက်ပေးသော်လည်း ဖမ်းဆီးခံ တောင်ကိုရီးယားနိုင်ငံသား ခြောက်ဦးကိုလည်း ပြန်လည်သင့်မြတ်ရေးအတွက် လွှတ်ပေးသင့်သည်ဟု တောင်းဆိုထားသည်။

လာမည့် ထိပ်သီးဆွေးနွေးပွဲသည် အရေးယူပိတ်ဆို့မှုများ ဖြေလျှော့မှုနှင့် နိုင်ငံတကာ ကုန်သွယ်ရေးကို ပိုမိုလုပ်ဆောင်ခွင့်ရှိမှုတို့ ဖြစ်လာစေမည်ဟု မြောက်ကိုရီးယားဘက်မှ မျှော်လင့်နေသည်။

ဝါရှင်တန်အခြေစိုက် မြောက်ကိုရီးယားအရေး လေ့လာသူအုပ်စုကလည်း ပြုံယမ်းသည် လက်နက်အစီအစဉ်ကို စွန့်လွှတ်ကာ စီးပွားရေးဖွံ့ဖြိုးမှုဆီသို့ ဦးလှည့်နေသည်ဟု ယူဆကြောင်း သုံးသပ်ပြောဆိုသည်။

ထရမ့် ကင် ဆွေးနွေးပွဲကို မေလကုန် သို့မဟုတ် ဇွန်လတွင် စင်ကာပူ၌ ကျင်းပရန် အလားအလာရှိပြီး အကြိုပြင်ဆင်မှုများတွင် သိသာသောတိုးတက်မှုများ ရရှိနေသည်ဟု အမေရိကန် တာဝန်ရှိသူများက ပြောကြားသည်။

F-04