News

POST TYPE

EDUCATION

အစိုးရနည်းပညာ အထက်တန်းကျောင်း ပထမနှစ်သင်တန်းသားများ ခေါ်ယူ
ရန်ကုန်၊ မေ ၆

ပညာရေးဝန်ကြီးဌာနအောက်ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းများတွင် ပထမနှစ်တက်ရောက်မည့် သင်တန်းသားများ ဝင်ခွင့်လျှောက်လွှာခေါ်ယူနေကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနထံမှ သိရှိရသည်။

ပူတာအို၊ မြစ်ကြီးနား၊ ဗန်းမော်၊ လွိုင်ကော်၊ ဘားအံ၊ မင်းတပ်၊ တီးတိန်၊ မော်လမြိုင်၊ စစ်တွေ၊ လားရှိုး၊ တောင်ကြီး၊ ပင်လုံ၊ ကျိုင်းတုံ၊ ပင်းပက်၊ ရွာမ၊ လပ်ခုပ်ကုန်း၊ ကျောက်ဆည်၊ မိတ္ထီလာ၊ မြင်းခြံ၊ မန္တလေး၊ နေပြည်တော် အစိုးရနည်းပညာ အထက်တန်းကျောင်းများက ခေါ်ယူခြင်းဖြစ်သည်။

ထို့ပြင် ခန္တီး၊ ကလေး၊ မုံရွာ၊ ချောင်းဦး၊ ပခုက္ကူ၊ မကွေး၊ ပြည်၊ တောင်ငူ၊ ပုသိမ်၊ ဟင်္သာတ၊ မအူပင်၊ ထားဝယ်၊ မြိတ်၊ ကော့သောင်း စသည့် အစိုးရနည်းပညာ အထက်တန်းကျောင်းများကလည်း သင်တန်းသားခေါ်ယူသည်။

မိမိတို့တက်ရောက်မည့် အစိုးရနည်းပညာ အထက်တန်းကျောင်းများ၏ သင်တန်းလျှောက်လွှာများကို သက်ဆိုင်ရာကျောင်းများတွင် မေလ ၇ ရက်မှ မေလ ၂၂ ရက်နောက်ဆုံး ထုတ်ယူ လျှောက်ထားနိုင်မည်ဖြစ်သည်။

နိုင်ငံတစ်ဝန်းရှိ အစိုးရနည်းပညာ အထက်တန်းကျောင်းများတွင် အဆောက်အအုံ နည်းပညာသင်တန်း၊ အီလက်ထရောနစ် နည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ် နည်းပညာသင်တန်းတို့ ဖွင့်လှစ်သင်ကြားမည်ဖြစ်သည်။

ထို့ပြင် စက်ပစ္စည်းအစိတ်အပိုင်းများ ထုတ်လုပ်ခြင်း နည်းပညာသင်တန်း၊ ရေခဲသေတ္တာနှင့် လေအေးပေးစက်နည်း ပညာသင်တန်း၊ သတ္တုပစ္စည်းထုတ်လုပ်မှု နည်းပညာသင်တန်းနှင့် သုတနည်းပညာ သင်တန်းများကို ဖွင့်လှစ်မည်ဖြစ်သည်။

အဆိုပါသင်တန်းများကို အခြေခံပညာ အလယ်တန်းအောင်မြင်ပြီး ကျန်းမာရေးကောင်းမွန်သော လက်တွေ့လုပ်ငန်းနှင့် စက်ရုံ၊ ကုမ္ပဏီများတွင် ကွင်းဆင်းဆောင်ရွက်နိုင်သူများ လျှောက်ထားနိုင်မည်ဖြစ်သည်။

သင်တန်းကာလမှာ ၂ နှစ်ကြာမြင့်မည်ဖြစ်ပြီး သင်တန်းကာလအတွင်း တစ်လလျှင် ထောက်ပံ့ကြေး သုံးသောင်းကျပ် ရရှိမည်ဖြစ်ကာ သင်တန်းဒုတိယ နှစ်တက်ရောက်ပြီးလျှင် တက္ကသိုလ်ဝင် စာမေးပွဲကို ပြင်ပဖြေအဖြစ် ဝင်ရောက်ဖြေဆိုနိုင်မည်ဖြစ်ကြောင်း နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာနထံမှ သိရှိရသည်။  

J-19