News

POST TYPE

EDUCATION

ဆရာအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ (အခြေခံပညာကဏ္ဍ) ဦးအောင်ကျော်သူနှင့် တွေ့ဆုံခြင်း
04-May-2018 tagged as ပညာရေး

“အင်္ဂလိပ်စာအောင်မြင်ဖို့ ရုတ်တရက် အခက်အခဲဖြစ်သွားနိုင်တယ်”

အပြောင်းအလဲတိုင်းတွင် စိန်ခေါ်မှုရှိစမြဲသာဖြစ်သည်။ ပညာရေးတွင် ယခုနှစ်မှစ၍ တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ်ဖြင့် စစ်ဆေးမည်။ အင်္ဂလိပ်စာမေးခွန်းပုံစံသစ်ကို မေလ ၃ ရက်တွင် နိုင်ငံပိုင်သတင်းစာမှတစ်ဆင့် ပြည်သူလူထုထံ မိတ်ဆက်သည်။ ထိုမေးခွန်းပုံစံသစ်အရ ဆရာများနှင့် ကျောင်းသားများ ကြုံလာရနိုင်သည့် စိန်ခေါ်မှုများအကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ (အခြေခံပညာကဏ္ဍ) လည်းဖြစ် အထက်တန်းပြ အင်္ဂလိပ်စာဆရာအဖြစ် နှစ် ၂၀ ခန့် အတွေ့အကြုံရှိသည့် ပဲခူးတိုင်း၊ ကဝမြို့နယ်၊ အထက (ခွဲ) အေးမွန် ကျောင်းအုပ် ဦးအောင်ကျော်သူ၏ ဆွေးနွေးချက်များကို The Voice စာဖတ်ပရိသတ်အတွက် ကောက်နုတ်ဖော်ပြလိုက်ပါသည်။ 

Voice : အင်္ဂလိပ်စာ မေးခွန်းပုံစံဟောင်းနဲ့ ပုံစံသစ်မှာ ဘာတွေပြောင်းလဲသွားပါသလဲ။ 
UAKT : ကျွန်တော်တို့ အင်္ဂလိပ်စာမေးခွန်းပုံစံသစ်မှာဆိုရင် မေးခွန်းပုဒ်ရေက အတူတူပဲဗျ။ နည်းနည်းလေးပဲ ပြောင်းတယ်။ မေးခွန်းနံပါတ် (၁) မှာဆိုရင် အရင်က ပုံစံအတိုင်းပဲ မပြောင်းဘူးပေါ့။ မေးခွန်းနံပါတ် (၂) မှာ ကွက်လပ်ဖြည့်ဆိုတာရှိတယ်။ အဲဒီမှာက အလုံး ၂၀ မေးထားပြီးတော့ အလုံး ၂၀ ပဲ ပြန်ပေးထားတယ်။ ခုက စာလုံးရေပိုလာတယ်။ ၂၅ လုံးပေးထားပြီး အလုံး ၂၀ ပဲ မေးထားတယ်။ ရွေးချယ်စရာတွေ ပေးထားတာပေါ့။ အဲဒါက ထွေထွေထူးထူးပြောင်းလဲတဲ့ဟာပေါ့။ နောက်တစ်ခုက နံပါတ် ၃ က ပြောင်းလဲမှုမရှိဘူး။ Test (ပြဋ္ဌာန်း စာအုပ်) က ငါးပုဒ်၊ ကဗျာက ငါးပုဒ်ပေါ့။ ခုက အဲဒါကို အေ၊ ဘီ ခွဲမေးလိုက်တယ်။ အရင်ကလို ကွက်လပ်ဖြည့်မဟုတ်ဘဲ အဖြေသုံးခုပေးပြီး ရွေးချယ်ခိုင်းမယ်လို့ပါတယ်။ ဒါကလည်း ပြောင်းလဲသွားတဲ့ အဓိကအချက်ပေါ့။ နံပါတ် (၄) ကတော့ မပြောင်းဘူး။ အရင်ကပုံစံအတိုင်းပဲသွားတာ။ နံပါတ်ငါးမှာတော့ ထူးထူးခြားခြား ပြောင်းသွားတာက ပြဋ္ဌာန်းစာအုပ်ထဲက စာပိုဒ်တစ်ပိုဒ် ပေးထားတယ်။ မေးခွန်းတွေ ဖြေခိုင်းတယ်။ ခုအသစ်မှာက Unseen ပေါ့။ Test ထဲက စာပိုဒ်မဟုတ်ဘဲ ဆယ်တန်းတွေနဲ့ ကိုက်ညီမယ့်နယ်ပယ်နဲ့ စာပိုဒ်တစ်ပိုဒ်ပေးထားမယ်။ မေးခွန်းငါးခုမေးမယ်။ အဲဒါက အထူးခြားဆုံးပေါ့။ ကလေးတွေအတွက်လည်း အခက်ခဲဆုံးဖြစ်လာလိမ့်မယ်လို့ထင်တယ်။ ကျန်တာကတော့ နံပါတ် ၆ က Punctuation က တစ်ခုတည်းပဲဗျ။ ထူးခြားမှုမရှိဘူး။ နံပါတ် ၇ မှာက ပြောင်းလဲမှုမရှိဘူး။ နံပါတ် ၈ မှာက အရင်ကပေးစာက သုံးပုဒ်ပေးပြီး တစ်ပုဒ်ဖြေရတယ်။ ခုကျတော့ အသစ်မှာက နှစ်ပုဒ်ပဲပေးပြီးတော့ တစ်ပုဒ်ဖြေရမယ်ပေါ့။ ရွေးချယ်စရာတစ်ခုတော့ လျော့သွားတာပေါ့။ Essay ကတော့ အရင်ကအတိုင်းပါပဲ သုံးပုဒ်ပေးပြီး တစ်ပုဒ်ဖြေရမယ်ပေါ့။ ပြောင်းလဲမှုအနေနဲ့ မျက်ဝါးထင်ထင်တွေ့ရတာက အဲဒီအချက်တွေပဲ။ အင်္ဂလိပ်စာမှာတော့ နံပါတ် ၅ က အထူးခြားဆုံးဖြစ်လာတာပေါ့။ ကျန်တာတွေက သိပ်မထူးခြားဘူး။

Voice : ကျောင်းသားတွေအနေနဲ့ ဘာတွေများပြင်ဆင်ထားသင့်လဲ။
UAKT : ကျောင်းသားတွေအနေနဲ့က Test ပိုင်းကို မေးတာတောင် အလွတ်ကျက်တဲ့ဘက်ကို များကြတယ်။ လေ့ကျင့်တဲ့အပိုင်းများတာပေါ့။ ကျောင်းသားတွေအနေနဲ့ အထူးလေ့ကျင့်ရမှာက Vocabulary အသစ်တွေ ပါလာမယ်။ စာပိုဒ်ကိုနားလည်မှုမရှိလို့ မရဘူး။ မေးခွန်းနားလည်ဖို့ရယ် မေးခွန်းပြန်ဖြေတတ်ဖို့ရယ်။ နံပါတ် ၅ မှာတော့ အင်္ဂလိပ်စာကျွမ်းကျင်မှုပေါ့နော်။ ဆရာမတွေဘက်ကလည်း သင်ပေးဖို့လိုသလို ကျောင်းသားတွေကလည်း စာပိုဒ်မြင်တာနဲ့ နားလည်အောင် Vocabulary သိအောင်၊ မေးခွန်းတွေပြန်ဖြေနိုင်အောင် အင်္ဂလိပ်စာကို ကျယ်ကျယ်ပြန့်ပြန့်လေ့လာဖို့လိုတယ်။

Voice : ကျောင်းသားအများစု အင်္ဂလိပ်စာမှာ အခြေခံအားနည်းတယ်လို့ ဆရာတွေတော်တော်များများ ပြောကြပါတယ်။ အားနည်းတဲ့အတွက် ဒီအပြောင်းအလဲမှာ ကျောင်းသားတွေအနေနဲ့ အဆင်ပြေနိုင်ပါ့မလား။ 
UAKT : ကျွန်တော်တို့ လက်ရှိတွေ့နေရတဲ့အတိုင်းအတာဆိုရင် မေးခွန်းပုံစံအဟောင်းမှာကိုက အကျအများဆုံးက အင်္ဂလိပ်ဘာသာဖြစ်နေတာ။ ကျွန်တော်တို့သွားစစ်တဲ့ခါမှာ ကျတယ်ဆိုတာ အင်္ဂလိပ်စာပဲများတာ။ လက်ပွန်းတတီးရှိတဲ့ စာပိုဒ်နံပါတ် ၅ လိုပေါ့။ အဲဒါကိုမေးတာတောင် မဖြေနိုင်ဘူးဆိုရင် ကျွန်တော်ထင်တာက ကျောင်းသားအများစု အလယ်အလတ်တန်း ကျောင်းသားတွေရော စာသင်နှစ်ကစပြီး အင်္ဂလိပ်စာကို မလေ့လာခဲ့တဲ့ ကျောင်းသားတွေဆိုရင် အရင်ကထက် ပိုဆိုးသွားနိုင်တယ်။ လက်ရှိထက်တောင်မှ အင်္ဂလိပ်စာအောင်မြင်ဖို့ ရုတ်တရက် အခက်အခဲဖြစ်သွားနိုင်တယ်။ ဆယ်တန်းဆရာတွေကလည်း သင်တော့သင်ကြမှာပါ။ ဒါပေမဲ့ ဒီလိုဟာမျိုးက ရုတ်တရက်ကြီးတတ်မြောက်သွားဖို့ မလွယ်ဘူးလေ။

Voice : ဒါဆိုရင် ကျောင်းသားတွေအနေနဲ့ ဘယ်လိုပြင်ဆင်သင့်လဲ။ 
UAKT : ဒါကတော့ ဆယ်တန်းမှာ Unseen မေးတယ်။ ကိုးတန်းမှာလည်း Unseen မေးတယ်။ ရှစ်တန်းလည်း Unseen တွေ မေးနေတာပေါ့။ အရင်တုန်းက မမေးဘူး။ ဒါပေမဲ့ ကျောင်းသားတွေက သူ့ဘာသာဖြေနေတာပါ။ တကယ့် Unseen ကိုဖြေနိုင်တဲ့ အတိုင်းအတာ ရှစ်တန်းမရှိသေးဘူး။ ဘာကြောင့်လဲ ဆိုရင် ၆ တန်း၊ ၇ တန်းမှာမဖြေခဲ့ရဘူး။ အင်္ဂလိပ်စာဆိုတာက နားလည်မှု၊ ကျွမ်းကျင်မှုကို မေးတာဖြစ်တဲ့အတွက် စဉ်းစားပြီး ဖြေနိုင်ရမယ့်ဘာသာဖြစ်နေတယ်။ ဆိုတော့ ၅ တန်း၊ ၆ တန်းမှာ ဆရာမတွေက ဒါကိုမေးတယ်။ ဒါကိုပဲပြန်ဖြေနေရတာဆိုတော့ အတိုင်းအတာက အဲလိုဖြစ်လာတယ်။ ၈ တန်းလောက်ထိလည်း အစိုးရစစ်ဖြစ်ပေမယ့် အကုန်အောင်နေတဲ့အခါ ကလေးတွေက သိပ်မထိခိုက်ဘူး။ မထိခိုက်တဲ့အခါကျတော့ သူတို့လည်း ဒီတိုင်းပဲနေတာပဲ။ ဒါကြောင့် ရှစ်တန်းရောက်သည်ထိ Unseen ကို မဖြေနိုင်တဲ့အနေအထားရှိတယ်။ ခြုံပြောရမယ်ဆိုရင် အင်္ဂလိပ်စာကို အလယ်တန်းလောက်ကတည်းက လေ့ကျင့်သွားသင့်တာပေါ့။ စာမေးပွဲမှာ မမြင်ဖူးတဲ့ဟာကို အတန်းထဲမှာ ချသင်သွားမယ်ဆိုရင် ကလေးတွေက သူတို့အတွက် သိပ်ပြီးအခက်အခဲ မရှိနိုင်ဘူး။ 

Voice : ဆရာ့အနေနဲ့ ဒီမေးခွန်းပုံစံအပြောင်းအလဲကို လက်ခံပါသလား။
UAKT : မေးခွန်းပုံစံအရဆိုရင် လက်ခံပါတယ်။ ရှစ်တန်းမှာ Unseen မေးတယ်ဆိုတော့ ဆယ်တန်းမှာလည်း မေးတာ သိပ်တော့ပြောစရာမရှိပါဘူး။ ဟိုအရင်တုန်းကဆိုရင်လည်း ကျွန်တော်တို့တွေ Unseen နဲ့ကြီးလာခဲ့တာပေါ့။ ဒါပေမဲ့ ဆယ်တန်းကိုပြောင်းမယ်ဆိုရင် အောက်ခြေအတန်းတွေကိုလည်း ပြောင်းသင့်တယ်လို့ထင်တယ်။ ဆယ်တန်းမှာမေးတဲ့ ပုံစံတွေအတိုင်း ၇ တန်း၊ ၈ တန်းမှာကတည်းက ချပြီးသင်ပေးဖို့ လိုမယ်လို့ထင်တယ်။ ဒါမှလိုချင်တဲ့မေးခွန်းပုံစံလည်း ပြင်နိုင်မယ်။ ကျောင်းသားလည်း ဖြေနိုင်မယ်။

Voice : ဆရာက မေးခွန်းပုံစံအနေနဲ့လက်ခံတယ်ဆိုရင် ဘယ်လိုပုံစံကို လက်မခံနိုင်တာလဲ။
UAKT : ကျွန်တော်တို့အင်္ဂလိပ်စာမှာ စစ်ဆေးပုံအမျိုးမျိုးရှိတယ်။ ရှိတာထဲမှာမှ ကျွမ်းကျင်မှုကို စစ်ဆေးတာရှိတယ်။ သိတာကို စစ်ဆေးတာရှိတယ်။ ကွက်လပ်ဖြည့်တာဆိုရင် သိတာကိုစစ်ဆေးတာပေါ့။ Read the Passage ဆိုရင် နားလည်မှုကို စစ်ဆေးတာပေါ့။ Letter, Essay ကျတော့ အင်္ဂလိပ်စာ Writing Skill ကို စစ်ဆေးတာပေါ့။ အင်္ဂလိပ်စာရဲ့ စစ်ဆေးပုံမှာ ပြင်ပမေးခွန်းတွေမှာလည်း ဒီလိုပုံစံရှိတာပေါ့။ Unseen ဆိုတာက တက္ကသိုလ်မှာလည်းမေးတယ်။ အင်္ဂလိပ်စာကျွမ်းကျင်မှုရဲ့ တကယ့်အစစ်ကလည်း Unseen မေးတာပဲ။ မေးခွန်းပုံစံအရဆိုရင် အင်္ဂလိပ်စာကျွမ်းကျင်မှု အင်္ဂလိပ်စာတတ်မြောက်မှုကို စစ်တာဆိုရင် Unseen ၂ ပုဒ်ကတော့ ကျိန်းသေပါသင့်တယ်။ ဒါပေမဲ့ လက်ရှိအနေအထားအရ အရင်ပုံစံကတည်းက မဖြေနိုင်တာဆိုတော့ Unseen အပြောင်းအလဲမှာတော့ အခက်အခဲရှိမယ်။ မေးခွန်းပုံစံအရဆိုရင် လက်ခံပါတယ်။ မေးလည်းမေးသင့်တယ်။

Voice : ဆရာတွေအနေနဲ့ ဘယ်လိုမျိုး သင်ကြားသင့်လဲ။
UAKT : Unseen ဆိုတဲ့အတွက်ကြောင့် လေ့ကျင့်ပေးတဲ့အခါမှာ Power Point တွေ ချသင်ရမယ့်အနေအထားမှာရှိမှာပေါ့။ သင်ကြားရေးစနစ်ကတော့ နည်းနည်းပြောင်းသွားရမှာပေါ့။ မြန်မာဘာသာမှာလည်း ပြောင်းရမယ်။ အင်္ဂလိပ်စာမှာလည်း ပြောင်းရမယ်။ မေးခွန်းဟောင်းတွေကြည့်ရုံနဲ့ မရတော့ဘူး။ သင်ကြားရေးပုံစံ နည်းနည်းပြောင်းလာမယ်လို့ထင်တယ်။ ကျန်တဲ့ ဘာသာတွေမှာလည်း မထုတ်ပြန်ရသေးပေမယ့် သင်ကြားတဲ့စနစ်ပါ လိုက်ပြောင်းရမယ့် အနေအထားရှိတယ်။

Voice : နောက်ထပ် ဖြည့်ပြောချင်တာများရှိသေးရင် ပြောနိုင်ပါတယ်။
UAKT : နောက်ဆုံးအနေနဲ့ မေးခွန်းပုံစံပြောင်းမယ်ဆိုတာ ကြေညာတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အရင်တုန်းကဆိုရင် ဘာမှမသိဘဲ ပြောင်းသွားတာလည်း ကြုံခဲ့ဖူးတယ်။ ခုကတော့ ကျောင်းမဖွင့်ခင်ကတည်းက ပြောင်းမယ်လို့ တရားဝင်ကြေညာတဲ့အတွက် ပွင့်လင်းမြင်သာမှုရှိတယ်။ မေးခွန်းပြောင်းလဲမှုအပေါ်တော့ ဒီလိုပဲမြင်တယ်။ ဒါပေမဲ့ ဆယ်တန်းတွေ အောင်ချက်တွေ၊ ကျောင်းသားတွေတတ်မြောက်မှုအနေနဲ့ကတော့ ကြည့်မယ်ဆိုရင် မေးခွန်းပြောင်းလဲမှုပုံစံက ပိုပြီး ကောင်းလာမယ့်ဘက်ကစာရင် ပိုပြီးဆိုးဝါးတဲ့အနေအထားတစ်ခုကို တွေ့နိုင်တယ်လို့ မျှော်လင့်ထားတယ်။ ပြောင်းလဲတာကောင်းပေမယ့် နောက်ပိုင်းမှာ ဘယ်လိုဆက်ထွက်လာမလဲဆိုတာ မျှော်လင့်ရမယ်။ ခုဆိုရင် မော်ဒေးရှင်းပေးတာတွေ အောင်တာတွေရှိတယ်။ မေးခွန်းပုံစံသစ်မှာ ဘယ်စနစ်နဲ့လုပ်မယ်ဆိုတာ မပြောနိုင်သေးပေမယ့် ဆယ်တန်းရဲ့အောင်ချက်ရာခိုင်နှုန်းဟာ ပြောင်းလဲသွားနိုင်တယ်လို့ ကျွန်တော်တို့ထင်တယ်။

Voice : အခုလို အချိန်ပေးပြီး ဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။

(တက္ကသိုလ်ဝင်စာမေးပွဲ မေးခွန်းပုံစံသစ် ဘာသာရပ်အလိုက်ဆွေးနွေးချက်များကို နေ့စဉ်ဖော်ပြသွားပါမည်။)

မြဇာခြည်သင်း