News

POST TYPE

EDUCATION

Grade က အရေးကြီးသည်
28-Apr-2018



Grade ဆိုသည်မှာ လူတစ်ဦး၏ အရည်အချင်းကို ပြီးမြောက်သည့် တိုင်းတာချက်တစ်ခု မဟုတ်ဟု ဆိုပါသည်။ ပညာရေးဆိုသည်မှာ Grade နှင့် သတ်မှတ်ရန်မဟုတ်ဆိုသည့် သဘောကို ကျင့်သုံးနေသည့် နိုင်ငံများမှာ ပညာရေးတွင် ထိပ်တန်းရောက်နေကြသည်။ သို့သော် Grade မရှိလျှင် မပြည့်စုံ မသတ်မှတ်နိုင်ဟုဆိုကာ ဆက်လက်ပြီး Grade ကို ကျင့်သုံးနေကြသည့် စနစ်များလည်း ရှိနေပါသည်။

မစ်ချီဂန်တက္ကသိုလ်မှ ပညာရှင်များ၏ လေ့လာဆန်းစစ်ချက်အရ ကျောင်းသား ၈၀ ရာခိုင်နှုန်းခန့်သည် အဆင့်ဆိုသည်မှာ သတ်မှတ်ချက်တစ်ခုအဖြစ် လက်ခံကြသည်။ ကိုယ့်ကိုယ်ကိုယ် လေးစားယုံကြည်မှုရှိရန် အဆင့်တစ်ခုခုလိုသည်။ အဆင့်ကို မိဘများကလည်း လိုအပ်နေသဖြင့် အဆင့်တစ်ခုခုကို ဖော်ထုတ်ပြသနိုင်ခြင်းက ပိုကောင်းသည်ဟု လက်ခံကြသည်။

King College မှ ကျောင်းသားများကလည်း Grade မရှိလျှင် တစ်ခုခုလိုအပ်နေသလို ခံစားရသည်ဟုဆိုသည်။ အချင်းချင်းကြားတွင် Grade တစ်ခုခုကို ဖော်ထုတ်ပြသနိုင်ခြင်းက ကြွားစရာ ဂုဏ်တစ်ခုအဖြစ် သတ်မှတ်နေကြသူများလည်း ရှိသည်။ ဆင်းရဲခြင်းက Grade ကို နိမ့်ကျစေသည်ဟု ယူဆသူများလည်း ရှိပြန်သည်။ Grade တစ်ခုခုကို ဖော်ထုတ်ပြသထားနိုင်သူသည် ဆင်းရဲသော်လည်း မိမိကိုယ်မိမိ လုံခြုံသလို ခံစားနေရသည်ဟုလည်း ပြောကြသည်။

အထက်တန်းကျောင်းသားများအတွက် Grade နှင့် သတ်မှတ်ပြီး တက္ကသိုလ်ကောလိပ်ခွဲနေသည့် ပညာရေးစနစ်မျိုးတွင် Grade က အရေးပါနေပြန်သည်။ GPA (grade point average) ဖြင့် သတ်မှတ်ပြီးလက်ခံမည်ဟု သတ်မှတ်ထားသည့် တက္ကသိုလ်များအတွက် ကျောင်းသားတစ်ဦး၏ GPA က သူတို့အတွက် အရေးကြီးနေသည်။ GPA ကိုကြည့်ပြီး သူတို့တက္ကသိုလ်တွင် လက်ခံမည်၊ လက်မခံဆိုသည်ကို အဆုံးအဖြတ်ပေးနိုင်သောကြောင့် ဖြစ်သည်။

အသက်မွေးပညာသင် တက္ကသိုလ်များသို့ သွားမည်ဆိုလျှင် တက္ကသိုလ်ဝင် သို့မဟုတ် ကောလိပ် Grade ကို ခွဲခြားလက်ခံသည့် စနစ်တွင်လည်း Grade က အရေးပါနေဦးမည်သာ ဖြစ်သည်။ ဆေးကျောင်း၊ နည်းပညာကျောင်း၊ အင်ဂျင်နီယာကျောင်းစသည်တို့တွင် Grade ကိုကြည့်ပြီး လက်ခံသည့်စနစ်ကို ကျင့်သုံးနေလျှင်လည်း Grade ကို မကောင်း ကောင်းအောင် ကြိုးစားနေကြမည်သာဖြစ်သည်။ တက္ကသိုလ်ဝင်ခွင့်ကို Grade နှင့် သတ်မှတ်သည့် စနစ်မျိုးကို ပြဋ္ဌာန်းထားလျှင် Grade က အရေးကြီးမည်သာဖြစ်သည်။

တက္ကသိုလ်ကို Grade နှင့် လက်ခံသည်။ အကောင်းဆုံးတက္ကသိုလ်က အကောင်းဆုံး Grade နှင့် လက်ခံသလို တက္ကသိုလ်ပြီးသွားသည့် ကျောင်းသားများကိုလည်း အကောင်းဆုံး Grade ရလာမှ အလုပ်က ခေါ်နေပြန်သောကြောင့် Grade သံသရာက လည်နေပြန်သည်။ 

တက္ကသိုလ် ကောလိပ်များတွင် ပညာသင်ဆုပေးနေသည့် အစီအစဉ်များကိုလည်း လေ့လာကြည့်စေချင်ပါသည်။ ရလဒ် Grade ကောင်းမှ ပညာသင်ဆုကို ဆက်လက်ချီးမြှင့်မည်ဟု ဆိုကြပြန်သည်။ ပညာသင်ဆုကို စတင်ပေးတည်းက လူတော်တွေကို ရွေးပေးသည်။ ဆင်းရဲသဖြင့် ထောက်ပံ့သည်ဆိုစေ သူတို့ စိတ်ကြိုက် Grade ကောင်းအောင် မလုပ်ပြနိုင်လျှင် ထောက်ပံ့မည်မဟုတ်ပေ။

တက္ကသိုလ် ကောလိပ်ရောက်လာသူတွေက ပညာသင်ဆုများရရန် ကြိုးပမ်းလေ့ရှိသည်။ သူတို့ ပညာရေးအတွက် အထိုက်အလျောက် လျော့ပါးသက်သာစေနိုင်သောကြောင့် ဖြစ်သည်။ သို့သော် သူတို့ရမှတ်တွေ Grade တွေက မကောင်းလာလျှင် သူတို့အတွက် မျှော်လင့်ချက်မရှိနိုင်ပါ။

ကျောင်းပြီးသည့် အခါတွင်လည်း အလုပ်ရှင်တွေက ကျောင်းသားတစ်ဦး၏ GPA ကို စိတ်ဝင်စားနေကြပြန်သည်။ ကုမ္ပဏီကြီးတွေက လူတော်တွေကိုသာ ရွေးခေါ်ကြသည်။ လူတော်တွေကိုလည်း သူတို့က ဘာနှင့်တိုင်းတာနေကြသနည်း။ National Association of College အဖွဲ့၏ ကျောင်းသား ၂၀၀ အပေါ် လေ့လာဆန်းစစ်ချက်တွင် ကုမ္ပဏီကြီးများက အလုပ်ခေါ်ရာ၌ ၆၇ ရာခိုင်နှုန်းသည် GPA ကို ကြည့်ခေါ်ကြကြောင်း တွေ့ရသည်။ 

Ernst & Young ကုမ္ပဏီမှ လူသစ်စုဆောင်းရာတွင် တာဝန်ယူရသည့် ဒါရိုက်တာတစ်ဦးဖြစ်သူ ဒင်းဘလက်က အင်တာဗျူးတစ်ခုတွင် “Grade ဆိုတာ အရေးကြီးတာပေါ့။ ကျွန်တော်တို့ ကျောင်းသားတွေကို အလုပ်ခေါ်ရင် Grade ပဲကြည့်တယ်။ Grade နဲ့ သူတို့ကျွမ်းကျင်မှုတွေကို ပိုင်းဖြတ်တယ်။ Grade နဲ့ပဲ သူတို့ ဘယ်လောက်လုပ်နိုင်မယ်ဆိုတာ ဆုံးဖြတ်တယ်”ဟု ဆိုသည်။ ထို့ကြောင့် Grade က အရေးမပါဟု မည်သို့ ပြောနိုင်တော့မည်နည်း။

မိဘတွေက တက္ကသိုလ်တက်ရန် ငွေထုတ်ပေးပြီး ရင်းနှီးမြှုပ်နှံနေကြသည်မှာ တတ်စေချင်လို့လား၊ Grade ကို လိုချင်လို့လား မေးကြည့်ကြစေချင်ပါသည်။ သားသမီးတွေကို အဘယ်ကြောင့် Grade ကောင်းကောင်းရရန် ကြိုးစားခိုင်းနေကြသနည်း။ အကောင်းဆုံးနှင့် ဘဝအတွက် အာမခံချက်အရှိဆုံးဟု သူတို့ထင်နေကြသည့် တက္ကသိုလ်ကြီးများကို တက်စေချင်ကြသောကြောင့် ဖြစ်သည်။ ထို့ကြောင့် Grade က အရေးမပါဟု သွားပြောလျှင် Grade တွေမလိုပါဘူးဟု ထိုတက္ကသိုလ်ကြီးများက ပယ်ဖျက်ပေးမှသာ ရပါလိမ့်မည်။

တက္ကသိုလ်တက်နေကြသူများကရော Master ကို ဆက်တက်ချင်လျှင် Grade မလိုတော့ဘူးလား။ Master မှသည် Doctorate ဘွဲ့များကို ဆက်လိုချင်သူများအတွက်ရော မည်သို့ ပိုင်းဖြတ်တိုင်းတာပြီး ဆက်လက်တက်ရောက်ခွင့် ပြုနေကြသနည်း။ အမှတ်တွေ၊ အဆင့်တွေနှင့်သာ ပိုင်းဖြတ်နေကြသည့်ခေတ်တွင် Grade ကို အရေးမကြီးဟု ပြောနိုင်ပါမည်လော။ တက္ကသိုလ်ကျောင်းသားတွေကအစ Grade ကို အသေအလဲ ကြိုးစားနေရချိန်တွင် Grade သည် အရေးမကြီးဟုဆိုပါလျှင် အချိန်တန် အအောင်ပေး၊ ပျော်ပျော်ပါးပါး ကျောင်းတက်တန်း လာကစားမှာလား မေးစရာဖြစ်သည်။ 

E-01 
(Ref: Why Grade Are Important?)


  • VIA