News

POST TYPE

EDUCATION

ဖင်လန်နိုင်ငံ၏ အနာဂတ်ပညာရေး


ဖင်လန်နိုင်ငံသည် ကမ္ဘာက စောင့်ကြည့်ရလောက်အောင် ပညာရေးတွင် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေပါသည်။ ပညာရေးတွင် ဆန်းသစ်တီထွင်သည် လုပ်ဆောင်နိုင်စွမ်းများနှင့် အကောင်အထည်ဖော်နိုင်မှုများကြောင့်လည်း ၂၁ ရာစု ပညာရေးနှင့်အံဝင်သည့် ပညာရေးစနစ်ဖြစ်နေပြီး အနာဂတ်အတွက် ပညာရေးကို လမ်းစဖော်ဆောင်နေသည့်အတွက် လေ့လာအတုယူစရာဖြစ်သည်။

ဖင်လန်နိုင်ငံပညာရေးသည် Soft Skills ဆိုသည့် လမ်းကြောင်းဘက်ကို ဦးတည်နေသည်။ Soft Skills ဖြစ်စေရန် သင်ကြားခြင်းဆိုသည်မှာ သင်ယူမှုဖြစ်စဉ်တွင် “C” သုံးလုံးကို ဖော်ဆောင်နေခြင်းဖြစ်သည်။ စီသုံးလုံးဆိုသည်မှာ (Critical thinking, Collaboration, Creativity) တို့ဖြင့် သင်ယူသူ ကျောင်းသားများကို လက်တွေ့ကျွမ်းကျင်မှု နယ်ပယ်သို့ရောက်စေရန် ပို့ဆောင်နိုင်ခြင်းအား ခေါ်ဆိုပါသည်။

ကျောင်းသူကျောင်းသားများအား (ဝေဖန်ဆန်းစစ်နိုင်သည့် အတွေးအခေါ်၊ ပူးပေါင်းဆောင်ရွက် လုပ်ဆောင်နိုင်စွမ်း၊ တီထွင်ဖန်တီးနိုင်စွမ်း) သုံးရပ်ပြည့်စုံစေရန် လေ့ကျင့်သင်ကြားပေးခြင်းသည် ဖင်လန်နိုင်ငံ မျှော်မှန်းထားသည့် အနာဂတ်ပညာရေးဖြစ်သည်။

ကျောင်းသားများကို သင်ယူမှုစနစ် ပြောင်းလဲရန် ဆရာအတတ်သင်ပညာကစပြီး ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရသည်။ ထိုသို့ ဆရာအတတ်သင် ပညာကို ပြုပြင်ပြောင်းလဲရာတွင် -

(၁) တပည့်များသင်ယူလိုမှုနှင့် ကိုက်ညီရေး၊
(၂) ခေတ်စနစ်နှင့် ကိုက်ညီသည့် နည်းပညာကို အခြေခံရေး၊
(၃) သင်ယူမှုလမ်းကြောင်းသစ်ကို ဖော်ဆောင်ရေး၊
(၄) ကျောင်းသားများအပေါ် အကဲဖြတ်မှုအား ပုံစံပြောင်းရေးဆိုသည့် အချက်များအပေါ် မူတည်ကာ ဆရာအတတ်သင် စနစ်များကိုလည်း ပြုပြင်ပြောင်းလဲနေကြောင်း တွေ့ရသည်။

ယနေ့ခေတ်သည် ဒစ်ဂျစ်တယ်ခေတ်ဖြစ်သည်။ ထို့ကြောင့် ဒစ်ဂျစ်တယ်စနစ်နှင့် သင်ယူနိုင်မှု လမ်းကြောင်းဆီသို့ ပြောင်းလဲနိုင်ရမည်။ နည်းပညာ အထောက်အကူမပါဘဲ သင်ကြားရေးလမ်းကြောင်းကို အကောင်အထည် မဖော်နိုင်ကြောင်း ဆရာတွေကို ကောင်းစွာခံယူနိုင်စေရန် လေ့ကျင့်ပေးထားသည်။ 

ဖင်လန်နိုင်ငံတွင် လက်ရှိပြုပြင်ပြောင်းလဲနေသည့် စနစ်တစ်ခုမှာ Phenomenon-based learning စနစ်ဖြစ်သည်။ ပညာရပ်များကို တစ်ခုတည်း၊ တစ်မျိုးတည်းသင်ကြားမည့်အစား ကလေးများအတွက် လက်တွေ့ဘဝနှင့် ကိုက်ညီအသုံးဝင်စေမည့် အကြောင်းအရာများ၊ ဘာသာရပ်များ၊ သင်ခန်းစာများကို သင်ကြားပေးပြီး ဘက်စုံကျွမ်းကျင်လာစေမည့် စနစ်တစ်မျိုးဖြစ်သည်။ ပညာသင်လိုသည့် ကျောင်းသားသည် သူသင်လိုပညာရပ်အပေါ် စူးစမ်းလေ့လာသင်ယူနိုင်စေရန် လက်တွေ့ကျသည့် ပစ္စည်းများဖြင့် ပေါင်းစပ်သင်ကြားပေးရန်ဖြစ်သည်။ ထိုနည်းကို ကျင့်သုံးရန်အတွက် နည်းပညာကသာလျှင် အထောက်အကူပြုနိုင်မည်ဖြစ်သည်။

သင်ယူတတ်မြောက်မှုဖြစ်စဉ်တွင် သင်ကြားမှုရော သင်ယူမှုပါ တစ်ခုအပေါ်တစ်ခု အမှီပြုနေသည်။ သင်ယူလိုသည့် အကြောင်းအရာနှင့် ပေးရမည့်အကြောင်းအရာ ကိုက်ညီရန်လည်းလိုသည်။ တစ်ကိုယ်ကောင်း သူရဲကောင်း ပေါ်ထွက်ရေးထက်၊ ပူးပေါင်းအဖြေရှာပြီး ရလဒ်ကို ဖော်ထုတ်နိုင်သည့် နည်းစနစ်သည် ဖင်လန်နိုင်ငံတွင် အကောင်အထည်ဖော်နေသည့် စနစ်သစ်တစ်ခုလည်း ဖြစ်သည်။ သင်ယူနိုင်မှုအတိုင်းအတာ မည်မျှ ပေါက်မြောက်နေသနည်းဆိုခြင်းကို နောက်ဆုံး ပြီးဆောင်အောင်လုပ်နိုင်သည့် ရလဒ်နှင့်မကြည့်။ လုပ်ဆောင်နေစဉ် လုပ်ဆောင်နိုင်စွမ်းများနှင့် ပိုင်းဖြတ်သွားသည်ဆိုခြင်းကလည်း စဉ်းစားစရာဖြစ်သည်။

ကျောင်းသားများကို စာမေးပွဲမစစ်သည် ဖင်လန်နိုင်ငံပညာရေး၏ ထူးခြားချက်ဖြစ်သည်။ အကဲဖြတ်စနစ်ကို ကျင့်သုံးရာတွင်လည်း အဖွဲ့လိုက် ပူးပေါင်းဆောင်ရွက်ခိုင်းထားသည့်အပေါ် ရလဒ်ဖြင့် အမှတ်မပေး၊ လုပ်ဆောင်နေမှုတွင် မည်မျှပါဝင်ဆောင်ရွက်မှု ရှိနေသနည်းဆိုခြင်းနှင့် အကဲဖြတ်သည်ဆိုခြင်းမှာ ဆရာများ၏ အခန်းကဏ္ဍကလည်း မည်မျှ အရေးပါနေကြောင်းကို သိထားစေလိုပါသည်။

ခေတ်သစ် သင်ကြားရေးစနစ်သည် ကျောင်းသားများ ပူးပေါင်းလုပ်ဆောင်နေရုံမက၊ ထိုအဖွဲ့ထဲတွင် ဆရာတွေကလည်း ပူးပေါင်းပါဝင်နေစေရန် ဖန်တီးထားသည်။ အလုပ်လုပ်နေရင်းက မသိသေးသည်ကို သိအောင်၊ နားမလည်သည်ကို နားလည်သွားအောင်၊ မလုပ်နိုင်သေးသည်ကို လုပ်ဆောင်သွားနိုင်အောင် ဆရာက လမ်းပြသွားနိုင်ရမည်ဖြစ်သည်။

စနစ်သစ်ပညာရေးသည် အရာရာကို ပကတိ အရှိတရားအတိုင်း ချဉ်းကပ်ခြင်းဖြစ်သည်။ ထို့ကြောင့် နည်းပညာကို လက်လွှတ်ခံ၍မဖြစ်။ သူတို့ကို လုပ်ချင်လာအောင် နှိုးဆော်ရာတွင်လည်းကောင်း၊ လုပ်နေစဉ် စူးစမ်းရှာဖွေတတ်စေရန်လည်းကောင်း ကွန်ပျူတာနှင့် နည်းပညာတို့က အထောက်အကူပေးမည်ဖြစ်သည်။ ဆရာတွေကလည်း ဘယ်နေရာတွင် ဘာရှိသည်ကို ဘယ်လိုရှာဖွေရကြောင်း တပည့်များထက် သိနေ၊ တတ်နေသူများ ဖြစ်ရန်လိုလာသည်။ 

ဒစ်ဂျစ်တယ်စနစ်ဖြင့် သင်ကြားရေး သင်ယူရေး လမ်းကြောင်းကြီးကို ပြောင်းလဲလိုက်နိုင်ခြင်းက ပညာရေးကို ရှေးရိုးစနစ်က ခွဲထွက်လိုက်ခြင်းဖြစ်သည်။ ကျောင်းသားက ဘာသင်ယူချင်သည်ဖြစ်စေ ရယူရှာဖွေ အထောက်အကူပြုနိုင်သည့် သတင်းအချက်အလက်တွေက အင်တာနက်ထဲတွင် အချိန်မရွေးရနေသည်။ ထိုသို့ရနေကြောင်း၊ ရှိနေကြောင်း ဆရာရော၊ တပည့်များပါ သိနေခြင်းက ဒစ်ဂျစ်တယ်ခေတ်ပြောင်း ပညာသင်ကြားရေးအတွက် လမ်းကြောင်းတစ်ခုဖြစ်သည်။ 

ဆရာတို့သည် ဆရာအတတ်ပညာနှင့် သင်ကြားရေးစနစ်များအားလုံးကို ပြောင်းပစ်မှရတော့မည်ကို ဖင်လန်နိုင်ငံမှ ဆရာဆရာများ ကောင်းစွာနားလည်ထားကြသည်။ သူတို့ကို အမြင့်ဆုံးပညာရှင်များအဖြစ် နိုင်ငံတော်က သတ်မှတ်ခေါ်ယူကာ နေရာပေးထားပြီးဖြစ်သည်။ ထို့ကြောင့် ကျောင်းသားများကို သင်နိုင်မည့် Skill တွင် နည်းပညာကို မလွှမ်းခြုံနိုင်သည့် ဆရာများအတွက် အနာဂတ်မရှိတော့ပြီကို သူတို့ကောင်းကောင်း သိထားကြသည်။ ဆရာဆိုသည်မှာ ရှေးယခင် ခေတ်ကလို သင်ကြားသူမဟုတ်တော့။ ဒစ်ဂျစ်တယ်ခေတ်တွင် ဆရာဆိုသည်မှာ တပည့်များနှင့် ပူးပေါင်းပြီး သိလိုသည်ကို လမ်းညွှန်သူဘဝသို့ ပြောင်းနေပြီးကို သိထားရန်လိုပါသည်။ ဆရာသည် ကျောင်းသားများကို Activating နှင့် Guiding လုပ်ရန်သာဖြစ်သည်။ ကျောင်းသားတွေက သင်ယူနေချိန်တွင် (active agent) များ ဖြစ်ရမည်ဟု သူတို့က သတ်မှတ်ထားသည်။

ဒစ်ဂျစ်တယ်နည်းပညာသည် တွေးတောခြင်းနှင့် သင်ယူခြင်းဖြစ်စဉ်တွင် လက်နက်တစ်ခုအဖြစ် အသုံးချရန်အရေးကြီးသည်။ ထို့ကြောင့် ခေတ်သစ်ကျောင်းများတွင် ဒစ်ဂျစ်တယ်နည်းပညာကို မထည့်သွင်း၍မဖြစ် အနေအထားကို ရောက်လာသည်။ ဆရာတို့အတွက် အကဲဖြတ်ရေး၊ ကျောင်းသားများအတွက် အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်တွင် နည်းပညာ၏ အထောက်အကူကို မဖြစ်မနေ ယူရမည်သာဖြစ်သည်။ သင်ယူမှုသည် ယခင်ကလည်း ကျောင်းလာ အတန်းထဲတွင်ထိုင်ဆိုသည့် အနေအထားတွင် မရှိတော့ပေ။ ကျောင်းသားအားလုံးသည် Workshop များထဲတွင် ရှိနေမည်။ Project တွေလုပ်နေမည်။ စက်မှုလက်မှုလုပ်ငန်းခွင်များထဲတွင် ရှိနေပြီး တီထွင်ဖန်တီးနေကြပေလိမ့်မည်။ အနာဂတ်ကျောင်းဆိုသည်ကပင် လက်တွေ့လုပ်ငန်းခွင် အလုပ်ရုံကြီးတစ်ခု ဖြစ်နေစေရန် ပြုပြင်ပြောင်းလဲပေးထားရမည်ဖြစ်သည်။

အနာဂတ်ပညာရေးကို ပြုပြင်ပြောင်းလဲရန်အတွက် ဆရာအတတ်သင်ပညာရပ်များကို ဖင်လန်နိုင်ငံတွင် စတင်ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နေပြီဖြစ်ပါသည်။ အဘယ်ကြောင့်ဆိုသော် အနာဂတ်ပညာရေးက Skill ကို တောင်းဆိုလာသည်။ ထို့ကြောင့် ကျွမ်းကျင်မှုရှိသူများ မွေးထုတ်ပေးရေးသည် ဖင်လန်ပညာရေး၏ အနာဂတ်လမ်းကြောင်းတစ်ခုလည်းဖြစ်သည်။ 

E-01
(Ref: Asia News Network)