News

POST TYPE

EDUCATION

အလုပ်ပိနေသည့် ဂျပန်ဆရာများ ဘဝ
28-Apr-2018



ဂျပန်နိုင်ငံသတင်းမီဒီယာများက ဂျပန်နိုင်ငံ အစိုးရကျောင်းများတွင် တာဝန်ထမ်းဆောင်နေကြသည့် ဆရာ ၆၃ ဦးသည် အလုပ်ပိဒဏ်ကို ခံရပြီး သေဆုံးသွားရကြောင်း ၂၀၁၆ ခုနှစ်အထိ ၁၀ နှစ်တာ ကာလအတွင်း အများဆုံးအရေအတွက် ဖြစ်လာကြောင်း ထုတ်ပြန်ချက်ကြောင့် ပညာရေးလောကတွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရသည်။

ဂျပန်နိုင်ငံထုတ် သတင်းစာကြီးတစ်စောင်ဖြစ်သည့် Mainichi Shimbun သတင်းစာကြီးက မိမိတို့နိုင်ငံအတွင်းရှိ ဆရာများသည် အချိန်များစွာ အလုပ်တာဝန်များကို ထမ်းဆောင်နေရပြီး ယခုလို သေဆုံးရခြင်းအပေါ် စစ်ဆေးအရေးယူရန်လည်း ထုတ်ဖော်လိုက်သည်။

ဂျပန်နိုင်ငံဆရာများသည် အလုပ်တာဝန်ပိပြီး အချိန်ပိုများလုပ်ကာ သေဆုံးနေရသည့် ပြဿနာကို အစိုးရကလည်း ယနေ့တိုင် မဖြေရှင်းပေးနိုင်သေးသည်ကတော့ အမှန်ပင်ဖြစ်သည်။ ဂျပန်နိုင်ငံတွင် အလုပ်အချိန်ပိုလုပ်ပြီး သေဆုံးရခြင်းကို ကာရိုရှီ (Karoshi) ဟု ခေါ်သည်။ အချိန်ပိုအလုပ်များလုပ်ပြီး သေဆုံးနေကြရခြင်းကလည်း ဂျပန်နိုင်ငံ သတင်းခေါင်းကြီးများတွင် မကြာခဏပါနေသည့် သတင်းဖြစ်သည်။ 

ဂျပန်နိုင်ငံ အလယ်တန်းကျောင်းများတွင် ဆရာများသည် တစ်ပတ်လျှင် နာရီ ၂၀ ကျော် အချိန်ပိုဆင်းနေကြရသည်။ အလယ်တန်းဆရာ ၅၇ ဒသမ ၇ ရာခိုင်နှုန်းနှင့် မူလတန်းဆရာ ၃၃ ဒသမ ၅ ရာခိုင်နှုန်းတို့မှာလည်း တစ်ပတ်လျှင် နာရီ ၆၀ အပြင်၊ အချိန်ပို နာရီ ၂၀ ထပ်ဆင်းပေးနေကြရသည့် သဘောဖြစ်သည်။ တစ်လလျှင် နာရီ ၈၀ ကျော် အချိန်ပိုဆင်းနေကြရသည့် ဆရာများအနေနှင့် Karoshi ဖြစ်ရန် သေချာသလောက်ဖြစ်နေသည်။

Mainichi Shimbun သတင်းစာက ဂျပန်နိုင်ငံ မြို့ပေါင်း ၄၇ ခုအတွင်း လေ့လာစစ်ဆေး သုတေသနပြုနေသည့် Fund for Local Government Employees' Accident Compensation အဖွဲ့၏ အစီရင်ခံစာအပေါ် အခြေခံပြီး ဖော်ထုတ်ထားခြင်းဖြစ်သည်။ ထိုဒေသများအတွင်း သေဆုံးနေရသည့် ဆရာများကို ဆန်းစစ်ရာတွင် ဦးနှောက်၊ နှလုံးရောဂါများကြောင့် သေဆုံးခြင်းများအပြင် ကိုယ့်ကိုယ်ကိုယ် သတ်သေခြင်းများပင် ရှိနေကြောင်းတွေ့ရသည်။ အလုပ်အချိန်ပိုဆင်းရခြင်းနှင့် စိတ်ဖိစီးမှုဝေဒနာများသည် သတ်သေမှုများကို ဖြစ်စေသည့် အကြောင်းများဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

သတ်သေသူများကို ဆန်းစစ်ရာတွင် ဂျပန်ကျောင်းများရှိ မူကြိုမှသည် အထက်တန်းအဆင့်များအထိ သင်ကြားနေသော ဆရာများအား ဆန်းစစ်ခြင်းဖြစ်ပြီး စစ်တမ်းကို ၂၀၀၇ ခုနှစ်မှ ၂၀၁၆ ခုနှစ်အထိ ကောက်ယူထားသည့် စာရင်းများအား ထုတ်ပြန်ထားခြင်းဖြစ်သည်။ ယင်းတို့အထဲတွင် အလုပ်ပိပြီး သေဆုံးသူ ၆၃ ဦးရှိကြောင်း၊ အလုပ်ဒဏ်ကြောင့် ကုသမှုခံယူနေရသူ ၉၂ ဦးတွင် သေဆုံးရသည့်နှုန်းဖြစ်ကြောင်း ဖော်ပြထားသည်။

၂၀၁၇ ခုနှစ်က ဂျပန်နိုင်ငံ NHK သတင်းဌာနမှ သတင်းအစီအစဉ်ကြေညာသူ နိုင်ငံရေး သတင်းထောက်တစ်ဦးသည် အသက် ၃၁ နှစ်အရွယ်နှင့် ကွယ်လွန်သွားခဲ့သည်။ သူ့ကို နှလုံးရောဂါကြောင့် သေဆုံးရကြောင်း သတင်းထုတ်ပြန်သော်လည်း ၂၀၁၃ ခုနှစ်ကတည်းက အချိန်ပိုမတန်တဆ လုပ်ခဲ့ကြောင်း၊ မကွယ်လွန်မီ တစ်လအလိုက နာရီပေါင်း ၁၆၀ ခန့် အချိန်ပိုလုပ်ခဲ့ကြောင်း မှတ်တမ်းများတွင် တွေ့ရသဖြင့် သတိထားစရာ အနေအထားဖြစ်ကြောင်း ထောက်ပြထားသည်။

လေ့လာချက်များအရ မူလတန်းဆရာများသည်လည်း တစ်ပတ်လျှင် ၅၇ နာရီ ၂၅ မိနစ်ခန့် ပျမ်းမျှသင်ကြားရေး တာဝန်များကို ယူနေကြရသည်။ အလယ်တန်းဆရာတွေကလည်း ၆၃ နာရီ ၁၈ မိနစ်အထိ သင်ကြားနေရကြောင်း ၂၀၁၆ ခုနှစ် စစ်တမ်းတွင်တွေ့ရသည်။ 

ဆရာတွေ သေဆုံးနှုန်းသည် မထင်မှတ်ဘဲ များလာသောကြောင့် ပညာရေးဝန်ကြီးဌာနကလည်း အစိုးရကျောင်းပေါင်း ၂၀၀ ရှိ ဆရာပေါင်း ၂၀,၀၀၀ ကို စစ်ဆေးမှုများ ပြုလုပ်လာကြသည်။ ပညာရေးဝေဖန်သူ နာအိုကီအိုဂီကလည်း ဆရာတွေ အချိန်ကို မတန်တဆ လုပ်နေကြရသည်ဟု ထုတ်ဖော်ထားသည်။ 

ဂျပန်နိုင်ငံ ဝန်ကြီးချုပ်ကိုယ်တိုင်ကလည်း ဆရာများကို အချိန်ပိုသင်ကြားခိုင်းခြင်းမပြုရန် လမ်းညွှန်ထားသည်။ ဆရာများအား တစ်လလျှင် နာရီ ၁၀၀ ခန့်သာသင်ကြားခိုင်းရန် စီစဉ်နေပြီဖြစ်သည်။ ဆရာတွေကို အချိန်လျှော့လျှင် စာသင်ချိန်တွေကိုလည်း လျှော့၊ သင်ရိုးတွေကိုပါ လျှော့ရတော့မည်ဖြစ်သည်။ 

လက်ရှိသူတို့ဆီတွင် ပြင်ဆင်ရန်စီစဉ်နေသည်မှာ မူလတန်းဆရာများကို တစ်နေ့လျှင် ၄ နာရီ ၂၅ မိနစ်၊ အလယ်တန်းကို ၃ နာရီ ၂၆ မိနစ်ဖြစ်သည်။ အချိန်တွေပိုသင်နေရသည့် ပညာရေးစနစ်ကို လေ့လာဆန်းစစ်ရန် လိုသလို၊ ပိုသင်နေသည့် အချိန်တွေကို ဆရာများအားလျှော့ပေးလိုက်သော်လည်း မိဘများက သူတို့သားသမီးများကို အိမ်ပြန်ခေါ် သွား၊ မသွား လေ့လာဆန်းစစ်ရန်လိုသည်။

ဆရာများသတ်သေနှုန်းကို ဆန်းစစ်ရန် လိုသလို၊ မိုးလင်းမိုးချုပ်တိုင် စာသင်နေကြရသည့် ကျောင်းသားများ သတ်သေနှုန်းကိုလည်း လေ့လာဆန်းစစ်ရန် လိုမည်ထင်သည်။ 

E-01
(Ref: The Straits Times, The Japan Times) 


  • VIA