POST TYPE

EDUCATION

အခြေခံပညာဆရာများ၏ ရာထူးတိုး၊ ပြောင်း ကျောင်းမဖွင့်မီ ထွက်မည်
26-Apr-2018

ရန်ကုန်၊ ဧပြီ ၂၅

အခြေခံပညာ ဆရာ၊ ဆရာမများ၏ ရာထူးတိုး၊ ပြောင်းကို ကျောင်းမဖွင့်မီ မေလအတွင်း ထွက်ရှိပေးမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းရီက ပြောကြားသည်။

ယခင်နှစ်များက ကျောင်းဖွင့်ချိန် ဩဂုတ်လလောက်မှသာ ထွက်လေ့ရှိသဖြင့် ဆရာ၊ ဆရာမများအတွက် ကျောင်းအပြောင်းအရွှေ့ ဒုက္ခများပြီး ကလေးများအတွက် သင်ကြား၊ သင်ယူမှု တုံ့ဆိုင်းမှုများဖြစ်ပေါ်သည်။

ထို့ကြောင့် ပညာရေးဝန်ကြီးကလည်း မေလအတွင်း ထွက်ပေးနိုင်ရန် မှာကြားထားကြောင်း၊ ယခုနှစ်တွင် ကျောင်းမဖွင့်မီ မေလအတွင်း ထွက်ပေးနိုင်ရန် အခြေခံပညာဦးစီးဌာနက အဆင့်အလိုက် လုပ်ငန်းများ လုပ်ဆောင်နေကြောင်း ယင်းဌာနထံမှ သိရှိရသည်။

လုပ်ငန်းစဉ်တွင် အထက်တန်းပြဆရာများအတွက် တိုင်းနှင့်ပြည်နယ်အဆင့်၊ အလယ်တန်းပြဆရာများအတွက် ခရိုင်အဆင့်နှင့် မူလတန်းပြဆရာများအတွက် မြို့နယ်အဆင့်ပညာရေးမှူးများက ဆောင်ရွက်နေခြင်းဖြစ်သည်။

ရာထူးပြောင်းရွှေ့ လျှောက်ထားသည့် ကန့်ဘလူမြို့နယ်မှ အလယ်တန်းပြ ဆရာမတစ်ဦးက “ကျောင်းဖွင့်အမီ ထွက်မယ်လို့တော့ ကြားတာပဲ။ နှစ်တိုင်း ဒီလိုပဲပြောနေတာဆိုတော့ ယုံကြည်မှုသိပ်မရှိဘူး”ဟု ပြောကြားသည်။

ရာထူးတိုး၊ ပြောင်း နောက်ကျမှုများ၊ ဆရာအတတ်သင် ကျောင်းဆင်းများကို လုပ်ငန်းခွင်ခန့်ထားမှု နောက်ကျခြင်းများအတွက် ဆရာအတတ်သင်ကျောင်းဆင်းများက ဖဲကြိုးစိမ်းလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီး ပညာရေးဝန်ကြီးဌာနကို ဆန္ဒပြခဲ့ကြသည်။ 

  • VIA