News

POST TYPE

EDUCATION

အထက်တန်းဆက်တက်ရန် အခက်အခဲရှိသူများ အခမဲ့ပညာ သင်ယူနိုင်မည်
26-Apr-2018 tagged as ပညာရေး

ရန်ကုန်၊ ဧပြီ ၂၅

ရခိုင်ပြည်နယ်အတွင်းမှ အထက်တန်းပညာ ဆက်လက်သင်ယူရန် အခက်အခဲရှိသော ကျောင်းသား၊ ကျောင်းသူများ မဟော်သဓာအခမဲ့ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အခမဲ့ပညာသင်ယူနိုင်ကြောင်း အဆိုပါကျောင်းထံမှ သိရသည်။

အဆိုပါကိုယ်ပိုင်ကျောင်းသည် အဋ္ဌမတန်းအောင်မြင်ပြီး နဝမတန်း ဆက်လက်တက်ရောက်ရန် အခက်အခဲရှိသည့် ကျောင်းသား၊ ကျောင်းသူများအတွက် ဖွင့်လှစ်ထားခြင်းဖြစ်ပြီး အထက်တန်းအဆင့် ဝိဇ္ဇာနှင့် သိပ္ပံဘာသာတွဲ နှစ်မျိုးကိုသာ သင်ကြားပေးမည်ဖြစ်သည်။ နဝမတန်း အောင်မြင်ပြီးလျှင် ဒသမတန်းကိုပါ အခမဲ့ပညာ သင်ယူနိုင်မည်။

“ရခိုင်ပြည်နယ် ၁၇ မြို့နယ်က မိဘဆင်းရဲပြီး ထူးချွန်တဲ့ကျောင်းသားတွေကို အနာဂတ်မှာ ရခိုင်ပြည်နယ်ကိုမြှင့်တင်နိုင်ဖို့ ဒီကျောင်းကို ထူထောင်တာဖြစ်ပါတယ်”ဟု ကျောင်းအကျိုးဆောင်အတွင်းရေးမှူး ဦးခင်မောင်က ပြောကြားသည်။

မဟော်သဓာ အခမဲ့ကိုယ်ပိုင် အထက်တန်းကျောင်းတွင် တက်ရောက်လိုပါက ရခိုင်ပြည်နယ်တွင်း မြို့နယ် ၁၇ မြို့နယ်ရှိ အလယ်တန်းကျောင်းများမှ အဋ္ဌမတန်း အောင်မြင်ထားရမည်ဖြစ်ပြီး ကူးစက်ရောဂါမရှိဘဲ ကျန်းမာရေးကောင်းမွန်သည့် ကိုယ်လက်အင်္ဂါပြည့်စုံသူများ လျှောက်ထားနိုင်မည်ဖြစ်သည်။

လာမည့် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်အတွက် နဝမတန်းကျောင်းသား၊ ကျောင်းသူဦးရေ ၁၀၀ လက်ခံမည်ဖြစ်သည်။ လျှောက်ထားသူများအနက် မိဘဆင်းရဲသူ၊ မိဘဆင်းရဲသူချင်းတူလျှင် မိဘမစုံသူချင်းတူလျှင် ဖခင်ကွယ်လွန်ထားသူကို ဦးစားပေး ရွေးချယ်မည်ဖြစ်ကြောင်း ယင်းကျောင်းထံမှ သိရသည်။

လျှောက်ထားသူဦးရေ ၁၀၀ ထက် ကျော်လွန်ပါက အခြေခံပညာအလယ်တန်းအဆင့် အင်္ဂလိပ်စာနှင့် သင်္ချာစာမေးပွဲ ရမှတ် အနည်းအများအလိုက် ရွေးချယ်မည်ဖြစ်သည်။

ကျောင်းတက်ရန် လျှောက်ထားသူများအနေနှင့် မေလ ၁၉ ရက်နှင့် ၂၀ ရက်များတွင် အင်္ဂလိပ်စာနှင့် သင်္ချာမေးခွန်းများ ဖြေဆိုရမည်ဖြစ်ပြီး နောက်ဆုံးအဆင့်အဖြစ် လူတွေ့စစ်ဆေးခြင်းကို ဖြေဆိုရမည်ဖြစ်သည်။

အဆိုပါကျောင်းကို စေတနာရှင်တစ်ဦးက လှူဒါန်းထားခြင်းဖြစ်ပြီး ရခိုင်ပြည်နယ် တိပိဋကဓရ ဆရာတော်အကူအညီဖြင့် ကျောင်းအကျိုးတော်ဆောင် ၃၆ ဦးဖွဲ့စည်းကာ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် စတင်ဖွင့်လှစ်ခြင်းဖြစ်ပြီး ပြီးခဲ့သည့်စာမေးပွဲတွင် နဝမတန်းကျောင်းသားအားလုံး စာမေးပွဲအောင်မြင်ကြောင်း ယင်းကျောင်းထံမှ သိရသည်။

လျှောက်လွှာများကို ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ မဟော်သဓာ ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အခမဲ့ရယူနိုင်မည်ဖြစ်ပြီး မေလ ၁၅ ရက်နောက်ဆုံး လျှောက်ထားရမည်ဖြစ်သည်။ အသေးစိတ်ကို ဖုန်း-ဝ၉ ၄၅၀၉၉၉၀၈၁၊ ဝ၉၄၅၀၄၃၀၁၁၀၊ ဝ၉၄၂၁၇၂၄၆၆၄၊ ဝ၉၄၅၀၃၈၄၅၁၅ နှင့် ဝ၉၂၆၂၈၀၁၁၉၉ များသို့ ဆက်သွယ်စုံစမ်းနိုင်မည်ဖြစ်သည်။




  • VIA