News

POST TYPE

EDUCATION

စတုတ္ထတန်းနှင့် အဋ္ဌမတန်း ရာနှုန်းပြည့်နီးပါး အောင်မြင်
24-Apr-2018 tagged as ပညာရေး

ရန်ကုန်၊ ဧပြီ ၂၃

စတုတ္ထတန်း ခရိုင်စစ်နှင့် အဋ္ဌမတန်း တိုင်း/ပြည်နယ်စစ် အတန်းတင်စာမေးပွဲ အောင်စာရင်းများ ဧပြီလ ၂၂ ရက်က တစ်နိုင်ငံလုံးထုတ်ပြန်ရာ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအားလုံး ရာနှုန်းပြည့်နီးပါး အောင်မြင်ကြောင်း အခြေခံပညာဆရာအသိုင်းအဝိုင်းထံမှ သိရှိရသည်။

ကလောမြို့၊ ကျောက်ကာ အထက်တန်းကျောင်းခွဲမှ ကျောင်းအုပ် ဦးကိုကိုလေးက “ကျွန်တော်တို့ကျောင်းမှာ ကိုးတန်းကစပြီး KG (သူငယ်တန်း) ထိ ကျတဲ့သူမရှိဘူး။ အကျလည်းမထားဘူး။ ကျွန်တော်တို့ကို အစကတည်းက ပြောထားတာရှိတယ်။ လက်ရှိ စာမေးပွဲတင် မဟုတ်ဘူး။ ရှေ့ကသုံးကြိမ်မှာ စာမေးပွဲစစ်ထားတဲ့ အမှတ်ရောပေးရမယ်ဆိုတော့ ကျွန်တော်တို့ဆီမှာ အကျမရှိဘူး”ဟု ပြောကြားသည်။

ယခုနှစ်တွင် အအောင်၊ အရှုံး စာရင်းကို အောင်စာရင်းဟုသာ ခေါ်ဆိုပြီး ထုတ်ပြန်ရာတွင်လည်း ကျောင်းသားများ၏ အရည်အချင်းသတ်မှတ်ချက် Grade A, B, C, D ကိုလည်း ဖြုတ်ကာထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ပညာရေးဝန်ကြီးဌာန၏ ထိုသို့ဖြုတ်ပယ်မှုအပေါ် ကျောင်းသားမိဘများကြား မေးခွန်းထုတ်မှုများ ရှိနေသည်။

အောင်ချက်ရာခိုင်နှုန်း၊ အရည်အချင်းသတ်မှတ်ချက် အဆင့် (Grade) ဖြုတ်ပယ်သည့် ကိစ္စများနှင့်ပတ်သက်၍ မြန်မာနိုင်ငံ စာစစ်ဦးစီးဌာနသို့ ဖုန်းဆက်သွယ်မေးမြန်းရာ အခြေခံပညာဦးစီးဌာနကိုသာ မေးမြန်းရန် ပြန်လည်ဖြေကြားသည်။ အခြေခံပညာဦးစီးဌာနကို မေးမြန်းရာ ဧပြီလ ၂၂ ရက် ညနေ ၅ နာရီခွဲအထိ အကြောင်းပြန်ဖြေကြားခြင်းမရှိပေ။

ဒဂုံအရှေ့ပိုင်းမြို့နယ် အမှတ် (၆) မူလတန်းလွန်ကျောင်းတွင်လည်း စတုတ္ထတန်းဖြေဆိုရန် စာရင်းရှိသူ ၁၆၂ ဦး ရှိသည့်အနက် စာမေးပွဲဖြေဆိုရန်ပျက်ကွက်သည့် ကျောင်းသူတစ်ဦးသာ စာမေးပွဲကျရှုံးခြင်းဖြစ်ကြောင်း ယင်းကျောင်းအုပ် ဦးဝင်းရှိန်က ပြောကြားသည်။ 

“အားလုံးအောင်တယ်ဆိုတော့လည်း ဆရာ၊ ဆရာမတွေ စိတ်ချမ်းသာပါတယ်။ အားလုံးအရည်အချင်း ပြည့်ပြည့်ဝဝနဲ့ အာမခံပါတယ်လို့တော့ ပြောလို့မရဘူးပေါ့”ဟု ဦးဝင်းရှိန်က ပြောကြားသည်။

ဖေဖော်ဝါရီလ  ၁၉ ရက်မှ ၂၆ ရက်ထိ စစ်ဆေးခဲ့သော စတုတ္ထတန်းနှင့် အဋ္ဌမတန်းစာမေးပွဲ အောင်စာရင်းအားလုံးကို ဧပြီလ ၂၂ ရက်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအနေနှင့် အခြေခံပညာကျောင်းအသီးသီးတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။ စတုတ္ထတန်းကို ခရိုင်စစ်၊ အဋ္ဌမတန်းကို တိုင်းစစ်အဖြစ် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှစ၍ စစ်ဆေးခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်က တစ်နိုင်ငံလုံးတွင် စတုတ္ထတန်းဖြေဆိုသူ ကိုးသိန်းကျော်၊ အဋ္ဌမတန်းဖြေဆိုသူ ခြောက်သိန်းကျော်ရှိပြီး ပျမ်းမျှအားဖြင့် ၉၉ ဒသမ ၇၁ ရာခိုင်နှုန်းနှင့် ၉၉ ဒသမ ၇၀ ရာခိုင်နှုန်းရှိကြောင်း အခြေခံပညာဦးစီးဌာနထံမှ သိရှိရသည်။ 


  • VIA