News

POST TYPE

EDUCATION

အမေရိကထိပ်တန်း သုတေသန တက္ကသိုလ်များ
05-Apr-2018

ကမ္ဘာ့ထင်ရှားသည့် တီထွင်မှုများသည် တက္ကသိုလ်များတွင် လုပ်ဆောင်နေသည့် သုတေသနလုပ်ငန်းများမှ ရလဒ်များဖြစ်ကြောင်း သိသူနည်းပါသည်။ ကြေးနန်း၊ AIDS အတွက်ဆေး၊ အင်တာနက်၊ Stem Cell သုတေသန စသည်တို့၏ မူလရင်းမြစ်များသည် တက္ကသိုလ်သုတေသနလုပ်ငန်းများက ပေါ်ထွက်လာခြင်းဖြစ်သည်။ နိုင်ငံတစ်နိုင်ငံ၏ ဆန်းသစ်တီထွင်မှုလုပ်ငန်းများသည် တက္ကသိုလ်တွင် ၅၆ ရာခိုင်နှုန်းခန့် အခြေခံနေကြောင်း တွေ့ရပါသည်။



Massachusetts Institute of Technology

၁၈၆၁ ခုနှစ်တွင် ထူထောင်ခဲ့သည့် တက္ကသိုလ်ဖြစ်သည်။ MIT တက္ကသိုလ်သည် ပုဂ္ဂလိက သုတေသနတက္ကသိုလ်ဖြစ်ပြီး ကင်းဘရစ်ခ်ျ မက်ဆာချူးဆက်တွင် ရှိသည်။ ဥရောပ၏ Polytechnic တက္ကသိုလ်များပုံစံကို ယူပြီးတည်ထောင်ထားသဖြင့် Applied Science နှင့် Engineering ဘာသာရပ်များကို အဓိကထားပြီး သုတေသနပြုလုပ်သည်က များသည်။

ဒုတိယကမ္ဘာစစ်ပွဲကာလနှင့် စစ်အေးခေတ်များကတည်းက MIT သည် ကွန်ပျူတာ၊ ရေဒါနှင့် အီနားရှားဆိုင်ရာ သုတေသနလုပ်ငန်းများကို လုပ်ဆောင်နေသည်။ ၂၀၁၄ ခုနှစ်အထိ နိုဘယ်လ်ဆုရှင်ပေါင်း ၈၁ ဦး၊ National Medal of Science ဆုရှင်ပေါင်း ၅၂ ဦး၊ Rhodes Scholars ၄၅ ဦး၊ MacArthur Fellows  ၃၈ ဦး၊ Fields Medalists ၂ ဦးကို မွေးထုတ်ပေးနိုင်ခဲ့သော တက္ကသိုလ်လည်းဖြစ်သည်။ 

MIT သည် အမေရိကန်ပြည်ထောင်စုတွင် တက္ကသိုလ်ပိုင် အဏုမြူဓာတ်ပေါင်းဖိုတစ်ခုကို လေ့လာရန်အတွက်  တည်ဆောက်ထားနိုင်သည့် တစ်ခုတည်းသော တက္ကသိုလ်လည်းဖြစ်သည်။ Undergraduate Research Opportu nities Program (UROP) ပရိုဂရမ်ကို ၁၉၆၉ ခုနှစ်က စတင်ထူထောင်ခဲ့ပြီး သုတေသန ပညာရှင်များကို ရှာဖွေခေါ်ယူပြီး လုပ်ငန်းများစွာကို လုပ်ဆောင်လျက်ရှိသည်။ ပရောဂျက်လုပ်ငန်းများအတွက် ဘွဲ့ကြိုကျောင်းသားများကိုလည်း ဖိတ်ခေါ်ပြီး ပါဝင်စေသကဲ့သို့၊ လုပ်ငန်းသစ်များ ထွက်ပေါ်စေရန် အကောင်အထည်ဖော်ပေးခြင်း၊ ပေါ်ထွက်လာသည့် တီထွင်မှုများအတွက် မူပိုင်ခွင့်များပေးခြင်း စသည်တို့ကြောင့် ထင်ရှားသည့် တက္ကသိုလ်ကြီးတစ်ခု ဖြစ်လာရသည်။



University of California at Los Angeles

၂၀၀၉ မှသည် ၂၀၁၀ အတွင်း UCLA သည် သုတေသနလုပ်ငန်းများအတွက် ဒေါ်လာ ၁ ဘီလီယံ ထုတ်သုံးခဲ့ကြောင်းတွေ့ရသည်။ UCLA တွင် သုတေသနဓာတ်ခွဲခန်း အလုပ်ဌာနပေါင်း ၃၅၀ ကျော်ရှိသည်။ ယင်းတို့အနက် ၂၉၀ သည် ဆေးပညာဆိုင်ရာ သုတေသနလုပ်ငန်းများကို လုပ်ဆောင်နေသည့် နေရာများဖြစ်သည်။ ယင်းသုတေသနဌာနများမှ ယနေ့အထိ တီထွင်မှုပေါင်း ၁၈၀၀ ကျော်ကို ဖော်ထုတ်နိုင်ခဲ့ပြီးဖြစ်သည်။ 

UCLA တွင် ဌာနခွဲပေါင်းများစွာရှိသဖြင့် ဘွဲ့ကြိုအဖြစ် ကျောင်းလာတက်မည့် ကျောင်းသားများအတွက်လည်း အခွင့်အလမ်းပေါင်းများစွာရှိနေသည်။ ထို့ပြင် သုတေသနလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ညီလာခံများကျင်းပခြင်း၊ ယင်းညီလာခံများတွင် ကျောင်းသားများကို ပူးပေါင်းပါဝင်စေခြင်းနှင့် Undergraduate Scince Journal ဆိုသည့် စာစောင်ကိုထုတ်ဝေပြီး ကျောင်းသားများကို ပါဝင်ရေးသားစေခြင်းများကို ပြုလုပ်ပေးနေခြင်းမှာ ကျောင်းသားများသည် ကျောင်း၏ သုတေသနလုပ်ငန်းများတွင် မဖြစ်မနေ ပါဝင်ဆောင်ရွက်နေရသည် ဆိုသည့်သဘောကို သက်ရောက်စေသည်။

UCLA က ပေါ်ထွက်လာသည့် သုတေသနလုပ်ငန်းများသည် ကမ္ဘာကျော်လုပ်ငန်းများဖြစ်သည်။ ၁၉၈၁ ခုနှစ်က AIDS ရောဂါဝေဒနာကို ပထမဆုံး သရုပ်ခွဲပြနိုင်ခဲ့သဖြင့် ထင်ရှားခဲ့ရသည်။



Johns Hopkins University

JHU ကို ၁၈၇၆ ခုနှစ်တွင် ထူထောင်ခဲ့သည်။ နိုင်ငံတော်၏ ပထမဆုံး သုတေသနတက္ကသိုလ်ဖြစ်သည်။ သိပ္ပံနည်းကျ သုတေသနလုပ်ငန်းများကို မျိုးစုံလုပ်ဆောင်နေသည်။ JHU ၏ ဆောင်ပုဒ်မှာ သုတေသနဖြင့် ပညာရှာရေး၊ ပညာပေးရေး၊ အားလုံးတန်းတူညီမျှ တီထွင်ဖော်ထုတ်ရေးဖြစ်သည်။ 

JHU မှ သုတေသနလုပ်ငန်းများထဲတွင် နက္ခတ္တဗေဒနှင့် အာကာသလုပ်ငန်းများဖြစ်သည့် Henry A. Rowland Center သည် Astrophysics, Condensed Matter Physics, Particle Physics, Plasma Spectroscopy စသည့် ပညာရပ်များကို အဓိကထားပြီး သုတေသနများ ပြုလုပ်နေကြကြောင်း တွေ့ရသည်။ 

Silcio O. Conte Cente onf Maryland Psychiatric Research Center (MPRC) တွင်ရှိပြီး Neuroscience သုတေသနလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိသည်။ ထို့ပြင် ဆေးပညာဆိုင်ရာ သုတေသနလုပ်ငန်းများစွာကို လုပ်ဆောင်နေသည့် ဓာတ်ခွဲခန်းများ၊ သင်တန်းခန်းမများ၊ ဆေးပညာ ကိုယ်ကျင့်တရားဆိုင်ရာများကို ဆွေးနွေးသင်ကြားမှုများ၊ စာပေဆိုင်ရာ ကလပ်များနှင့် အလုပ်အကိုင်အခွင့် အလမ်းအတွက် တွေ့ဆုံဆွေးနွေးပွဲများကိုလည်း ကျင်းပပေးနေသည့် တက္ကသိုလ်ကြီးဖြစ်သည်။



Texas A & M University

၁၈၈၇ ခုနှစ်ကတည်းက အမေရိကန်လွှတ်တော် အမိန့်ဖြင့် Texas Agricultural Experiment Station ဟူ၍ ထူထောင်ခဲ့သောကျောင်းသည် ယခုအခါ Texas A&M AgriLife Research ဌာနအဖြစ် ထွန်းကားလာခဲ့ပြီဖြစ်သည်။ လယ်ယာလုပ်ငန်း ဖွံ့ဖြိုးမှုအတွက် သုတေသနလုပ်ငန်းများကို အဓိကလုပ်ဆောင်ပေးနေသည့် ဌာနကြီးတစ်ခုအဖြစ် တက္ကသိုလ်တွင် ဂုဏ်ယူစွာ ဖွင့်လှစ်ထားနိုင်ခဲ့သည်။ 

တက္ကဆက် A & M တက္ကသိုလ်တွင် သုတေသနဌာနပေါင်း ၁၃ ခုကို ဖွင့်လှစ်ထားပြီး ဝန်ထမ်းပေါင်း ၁၇၀၀ တာဝန်ထမ်းဆောင်နေကြသည်။ ယင်းတို့အနက် ၅၀၀ ကျော်သည် ဒေါက်တာအဆင့် ဘွဲ့ရထားသည့် ပညာရှင်များဖြစ်ကြသည်။ ထိုသိပ္ပံပညာရှင်များသည် အပင်များဆိုင်ရာ ရောဂါဗေဒ၊ အပင်ဖျက်ပိုးမွှား၊ မြက်နှင့် တိရစ္ဆာန်စားအပင်များသုတေသန၊ နွားမွေးမြူရေးလုပ်ငန်းများအတွက် သုတေသနလုပ်ငန်းများ၊ နို့ထွက်ပစ္စည်း သုတေသနလုပ်ငန်းများစွာကိုလည်း လုပ်ဆောင်လျက်ရှိသည်။ သုတေသီများသည် အစဉ်အလာ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို မည်သည့်နည်းစနစ်များဖြင့် အထောက်အကူပြုပြီး တိုးတက်စေရန်လုပ်ဆောင်မည်နည်းဆိုသည့် ပြဿနာများကို အဖြေရှာနေသည့်အပြင် တိရစ္ဆာန်နှင့် အပင်များက စွန့်ပစ်ပစ္စည်းများကို စွမ်းအင်အဖြစ် ပြန်လည်ထုတ်လုပ်ရေးများ၊ လေနှင့်ရေ အရည်အသွေးဆိုင်ရာ သုတေသနလုပ်ငန်းများကိုပါ သုတေသနလုပ်ဆောင်လျက်ရှိသည်။ ယင်းသုတေသနလုပ်ငန်းရပ်များအတွက် နိုင်ငံပေါင်း ၂၅၄ နိုင်ငံမှ ပညာရှင်များကလည်း တက္ကဆက်တွင် လာရောက်လေ့လာနေကြပြီး နေရာပေါင်း ၁၅ နေရာခွဲကာ ပြည်နယ်အနှံ့ သုတေသနလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြသည်။



Princeton University

ပရင့်စ်တန်တက္ကသိုလ်သည် သုတေသနလုပ်ငန်းများနှင့် ခွဲခြား၍မရသည့် နေရာတစ်နေရာဖြစ်သည်။ ပညာရပ်ဆိုင်ရာ ဌာနပေါင်း ၃၄ ခုနှင့် ဝန်ထမ်းပေါင်း ၁၁၀၀ ကျော် တာဝန်ထမ်းဆောင်လျက်ရှိသည်။ ဌာနများတွင် သုတေသနလုပ်ငန်းများကို အသီးသီးလုပ်ဆောင်နေသူများရှိပြီး လုပ်ငန်းများအတွက်လည်း ရန်ပုံငွေများ ခွဲဝေသတ်မှတ်ပေးထားသည်။ 

ဘွဲ့ကြိုကျောင်းသားများအနေနှင့် PRISM (Princeton Institute for the Science and Technology of Materials) ဆိုသည့် အခွင့်အရေးတစ်ခုရှိသည်။ ကျောင်းသားသစ်များကိုယ်တိုင် ထိုသင်တန်းကလက်မှတ်ကို ရယူနိုင်ပြီး သုတေသနလုပ်ငန်းများတွင် ပူးပေါင်းပါဝင် လုပ်ဆောင်ခွင့်များ ပေးထားခြင်းဖြစ်သည်။ PRISM သည် သိပ္ပံနှင့် အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းများနှင့် ပတ်သက်ပြီးတီထွင်မှုများကို လုပ်ဆောင်နေသည့် ပရောဂျက်များဖြစ်သည်။ ပရင့်စ်တန်တက္ကသိုလ်သည် အသိပညာနှင့် လူ့အဖွဲ့အစည်းဆိုင်ရာ ပညာရပ်များတွင် ရှေ့တန်းရောက်နေသည့် တက္ကသိုလ်တစ်ခုအဖြစ် ထင်ရှားသည်။

E-01

(Ref: America Top Research Universities)