News

POST TYPE

EDUCATION

အမေရိကန်သမ္မတရွေးပွဲတွင် ကြားဝင်စွက်ဖက်သူသည် ကရင်မလင်မဟုတ်ဘဲ ဂျူးများဖြစ်နိုင်သည်ဟု ပူတင်ဆို


မော်စကို၊ မတ် ၁၁

၂၀၁၆ အမေရိကန်သမ္မတ ရွေးပွဲတွင် ကြားဝင်စွက်ဖက်သူသည် ယူကရိန်းများ၊ တာတာများနှင့် ဂျူးများဖြစ်နိုင်ခြေရှိပြီး ကရင်မလင်မဟုတ်ဟု ရုရှားသမ္မတ ပူတင်က အမေရိကန်ရုပ်သံနှင့် အင်တာဗျူးတွင် ပြောဆိုလိုက်ကြောင်း AFP သတင်းတွင် ဖော်ပြထားသည်။

“ဒါမျိုးလုပ်ဖို့ ကျုပ်အပါအဝင် ရုရှားအာဏာပိုင်တွေက ခွင့်ပြုခဲ့တယ်လို့ ဘာကြောင့် ခင်ဗျားတို့ ဆုံးဖြတ်ကြသလဲ”ဟု ပူတင်က NBC ရုပ်သံအင်တာဗျူးတွင် ပြန်လှန်မေးခွန်းထုတ်ခဲ့သည်။

ဟီလာရီကလင်တန် ထိခိုက်ပြီး ဒေါ်နယ်ထရမ့် အသာရစေရန် ၂၀၁၆ အမေရိကန်သမ္မတရွေးပွဲတွင် ကြားဝင်စွက်ဖက်ရန် ရုရှားထောက်လှမ်းရေးကို သမ္မတပူတင်ကိုယ်တိုင် ညွှန်ကြားခဲ့သည်ဟု အမေရိကန် ထောက်လှမ်းရေးဌာနများက မနှစ်က ကောက်ချက်ချခဲ့ကြသည်။

အဆိုပါကိစ္စကို စုံစမ်းစစ်ဆေးနေသော အထူးအရာရှိ ရောဘတ်မူလာက ပြီးခဲ့သော အမေရိကန် သမ္မတရွေးပွဲတွင် ဟီလာရီကလင်တန်ကို ထိခိုက်စေပြီး ဒေါ်နယ်ထရမ့်ကို အသာစီးရစေရန် ကြားဝင်စွက်ဖက်မှုဖြင့် ရုရှားလူမျိုး ၁၃ ဦးနှင့် ရုရှားကုမ္ပဏီ ၃ ခုတို့ကို စွဲချက်တင်ခဲ့သည်။

“သူတို့က ရုရှားတွေဖြစ်နေတော့ ဘာဖြစ်သလဲ။ ကျုပ် ဂရုမစိုက်ပါဘူး။ ရုရှားနိုင်ငံမှာ ရုရှားပြည်သူ ၁၄၆ သန်းတောင်ရှိတယ်။ ဒီလူတွေက ရုရှားနိုင်ငံကို ကိုယ်စားမပြုပါဘူး”ဟု ပူတင်က ရုပ်သံအင်တာဗျူးတွင် ပြောကြားသည်။

“ဖြစ်နိုင်တာတွေက သူတို့က ရုရှားလူမျိုးမဟုတ်ဘဲ ရုရှားနိုင်ငံသား ခံယူထားတဲ့ ယူကရိန်းတွေ၊ တာတာတွေ၊ ဂျူးတွေလည်း ဖြစ်နိုင်တာပဲ။ ဒါတွေကို စစ်ဆေးကြည့်သင့်တယ်။ နိုင်ငံသား နှစ်မျိုးခံယူထားတာလည်း ဖြစ်နိုင်တာပဲ။ အမေရိကန်က ငွေပေးပြီး ခိုင်းတာလည်း ဖြစ်နိုင်တာပဲ။ ဘယ်သူက သိနိုင်မှာလဲ”ဟု ပူတင်က ဆိုသည်။

ရောဘတ်မူလာက ၃၇ မျက်နှာပါ စွဲချက်ကိုတင်ပြထားသော်လည်း ဥပဒေချိုးဖောက်ပြီး ကြားဝင်စွတ်ဖက်သည့် အထောက်အထားတစ်ခုမှ မတွေ့ရကြောင်း ပူတင်က ခုခံပြောကြားသည်။

“ကျုပ်တို့ ရုရှားမှာ ရုရှားဥပဒေကို မချိုးဖောက်ဘူးဆိုရင် ဘယ်သူ့ကိုမှ တရားစွဲလို့ မရဘူး။ ကျုပ်တို့ဆီကို အထောက်အထားနဲ့၊ စာရွက်စာတမ်းနဲ့ တရားဝင်တောင်းဆိုလာရင် ဒီကိစ္စကို စုံစမ်းပေးမယ်”

“ရွေးကောက်ပွဲရလဒ်ကို မိုင်ပေါင်းထောင်ချီဝေးတဲ့ ရုရှားက ချယ်လှယ်တယ် ဆိုတာကို ဘယ်သူက တကယ်ယုံမှာလဲ။ ကြားဝင်စွက်ဖက်တာက ကျုပ်တို့ရဲ့ ရည်မှန်းချက်မဟုတ်ဘူး။ ကြားဝင်စွက်ဖက်ပြီးတော့ အောင်မြင်ပြီးမြောက်သွားတဲ့ ပန်းတိုင်လည်း တစ်ခုမှမရှိဘူး”ဟု ပူတင်က ပြောကြားသည်။

ရုရှားသည် အမေရိကန်နိုင်ငံရေးကို ကြားဝင်စွက်ဖက်ရန် ကြိုးစားနေဆဲဖြစ်ပြီး နိုဝင်ဘာလ ကြားဖြတ်ရွေးကောက်ပွဲများနှင့် ၂၀၂၀ သမ္မတရွေးပွဲများကို နှောင့်ယှက်မည့် အန္တရာယ်ရှိသည်ဟု အမေရိကန်ထောက်လှမ်းရေး အကြီးအကဲများက ယခင်လက သတိပေးပြောဆိုထားသည်။

သမ္မတထရမ့်ကမူ ၂၀၁၆ သမ္မတရွေးပွဲတွင် ရုရှားနှင့် အခြားနိုင်ငံများ၏ ကြားဝင်စွက်ဖက်မှု ရှိခဲ့သော်လည်း ရလဒ်အပေါ် မည်သည့်သက်ရောက်မှုမှ မရှိခဲ့ကြောင်းနှင့် နောက်တစ်ကြိမ် အဖြစ်ခံမည်မဟုတ်ကြောင်း ပြောကြားထားသည်။

ရုရှားတို့၏ ကြားဝင်စွက်ဖက်မှုများသည် အမေရိကန်သမ္မတ ရွေးကောက်ပွဲ သာမကဘဲ သတင်းအမှားဖြန့်ချိနေသည့် အွန်လိုင်းစစ်ဆင်ရေးများမှတစ်ဆင့် ဥရောပရှိ နေတိုးမဟာမိတ်အုပ်စုကို သွေးခွဲရန် လုပ်ဆောင်နေသည်ဟု နေတိုးအဖွဲ့၏တပ်မှူး အမေရိကန်ဗိုလ်ချုပ်ကြီး ကားတစ်စကက် ပရော့တီက ကြာသပတေးနေ့တွင် လွှတ်တော်အမတ်များအား ပြောကြားခဲ့သည်။

“ရုရှားတွေဟာ နိုင်ငံတကာ အစဉ်အလာ ပျက်ပြားအောင်၊ နေတိုးအုပ်စု သွေးကွဲအောင်၊ ကမ္ဘာမှာ အမေရိကန် ဦးဆောင်မှု ထိခိုက်အောင် တည်ငြိမ်မှုပျက်ပြားစေတဲ့ အစီအမံတွေကို လုပ်ဆောင်နေကြပါတယ်”ဟု ဗိုလ်ချုပ်ကြီး စကက်ပရော့တီက ကြာသပတေးနေ့တွင် ဆီးနိတ် လက်နက်ကိုင်တပ်ဖွဲ့များဆိုင်ရာ ကော်မတီသို့ ရှင်းလင်းပြောကြားခဲ့သည်။ 
 
F-04