News

POST TYPE

EDUCATION

ဒုံးကျည်ကိစ္စ ကတိကဝတ်ကို မြောက်ကိုရီးယား စောင့်ထိန်းမည်ဟု ထရမ့်ယုံကြည်
12-Mar-2018



နယူးယောက်၊ မတ် ၁၁

အမေရိကန် သမ္မတဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားသည် ဒုံးကျည်စမ်းသပ်မှုများ ဆိုင်းငံ့ထားမည့် ကတိကဝတ်ကို စောင့်ထိန်းလိမ့်မည်ဟု ယူဆကြောင်း ပင်ဆယ်ဗေးနီးယား ဆွေးနွေးပွဲတွင် ပြောကြားလိုက်သည်ဟု DW သတင်းတွင် ဖော်ပြထားသည်။

သမ္မတထရမ့်သည် မြောက်ကိုရီးယားခေါင်းဆောင်လေးနှင့် သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲကို မကြာမီ သီတင်းပတ်များအတွင်း ပြုလုပ်ရန် သဘောတူထားသည်။

ပင်ဆယ်ဗေးနီးယားပြည်နယ် ပစ္စဘတ်အနီးပြုလုပ်သော လူထုစည်းဝေးပွဲတွင် သမ္မတထရမ့်က ကင်ဂျုံအန်းသည်လည်း ငြိမ်းချမ်းရေး ရယူလိုပုံရကြောင်းနှင့် အချိန်တန်ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပရိသတ်က ကင်ဂျုံအန်း၏အမည်ကို လှောင်ပြောင်အော်ဟစ်ကြသော အခါတွင် ထရမ့်က “နေဦး။ အခုက အရမ်းကို အပြုသဘောဆောင်နေတယ်။ မေလတွေ့ဆုံပွဲပြီးရင်တော့ လှောင်ချင်လှောင်ကြပေါ့။ အခုတော့ ကျုပ်တို့ အရမ်းကို ကောင်းပြကြရလိမ့်မယ်။ ဘာဖြစ်မလဲဆိုတာကို စောင့်ကြည့်ရဦးမယ်လေ”ဟု ပြောဆိုခဲ့သည်။

သို့ရာတွင် ကြာသပတေးနေ့က ထုတ်ပြန်လိုက်ချိန်တွင် အားလုံး အံ့အားသင့်သွားခဲ့ကြသော တွေ့ဆုံရေးအစီအစဉ်သည် သဘောတူညီမှုမရဘဲ ပျက်ပြားသွားနိုင်သကဲ့သို့ နှစ်နိုင်ငံအကြား နျူကလီးယားတင်းမာမှုများ ပြေလျော့သွားစေသည့် ကမ္ဘာ့အကြီးကျယ်ဆုံး သဘောတူညီချက်လည်း ဖြစ်လာနိုင်သည်ဟု ထရမ့်က ဝန်ခံသည်။

ပြုံယမ်းနှင့် တွေ့ဆုံဆွေးနွေးမည့် အစီအစဉ်ကို တရုတ်နှင့် ဂျပန်ခေါင်းဆောင်များကလည်း ထောက်ခံကြသည်ဟု ထရမ့်က twitter တွင် ပြောကြားသည်။

အိမ်နီးချင်းနိုင်ငံများအား စိုးရိမ်သောကပွားစေသော မြောက်ကိုရီးယား၏ နျူကလီးယားနှင့် ဒုံးကျည်အစီအစဉ်များကြောင့် လပေါင်းအတန်ကြာ တင်းမာမှုများ မြင့်တက်လာခဲ့ပြီးနောက် ယခုကဲ့သို့ တွေ့ဆုံဆွေးနွေးမည့် အစီအစဉ် မမျှော်လင့်ဘဲ ထွက်ပေါ်လာခြင်းဖြစ်သည်။

ထိုအတောအတွင်း အမေရိကန်ပြည် ထောင်စုသို့ သံမဏိနှင့် အလူမီနီယံ တင်သွင်းမှုများအပေါ် အခွန်စည်းကျပ်ခြင်းနှင့်ပတ်သက်၍ ထရမ့်က ၎င်း၏ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးမူဝါဒများသည် အမေရိကန်စီးပွားရေးအတွက်ဖြစ်ကြောင်း ထပ်မံပြောဆိုလိုက်သည်။

အခွန်စည်းကျပ်မှုအသစ်များကြောင့် အမေရိကန်သံမဏိလုပ်ငန်း ပြန်လည် ထူမတ်လာလိမ့်မည်ဟု ထရမ့်က ပြောကြားသည်။

ထရမ့်က ကုန်သွယ်ရေး လက်တုံ့ပြန်မှု အစီအစဉ်မှန်သမျှကိုလည်း (ဥပမာ ဥရောပကားများကို အခွန်စည်းကျပ်သကဲ့သို့) တိုက်ဖျက်သွားမည့်၎င်း၏ ကတိကို ထပ်မံအတည်ပြုခဲ့သည်။

ထို့အပြင် ၂၀၂၀ သမ္မတရွေးပွဲကို ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားပြီး ဒီမိုကရက်တို့ဘက်က ဝင်ရောက်ယှဉ်ပြိုင်မည့် အော်ပရာဝင်းဖရေးကို အသာလေး အနိုင်ယူနိုင်သည်ဟု ထရမ့်က ပြောကြားခဲ့သည်။

“သူ့အားနည်းချက်ကို ကျုပ် ကောင်းကောင်းသိတာပေါ့”ဟု ထရမ့်က ဆိုသည်။  

F-04

  • VIA