News

POST TYPE

EDUCATION

ပခုက္ကူတက္ကသိုလ် ကျောင်းသားသမဂ္ဂမှကျောင်းသား မိဘများနေသည့် တပ်မတော်လိုင်းခန်းသို့ ဝင်ခွင့်မရ
ရန်ကုန်၊ မတ် ၁၁

ပခုက္ကူတက္ကသိုလ်တွင် တက်ရောက်နေသော ဒုတိယနှစ် ရူပဗေဒဘာသာရပ် အထူးပြုကျောင်းသား ကိုသက်မောင်မောင်ကို ကျောင်းသားသမဂ္ဂအဖွဲ့မှ မနုတ်ထွက်သဖြင့် ပခုက္ကူခြေမြန်တပ်မဌာနချုပ် ဝန်ထမ်းလိုင်းခန်းမှ နှင်ထုတ်ခံရကြောင်း ကိုသက်မောင်မောင်က ပြောကြားသည်။

၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက် တနင်္ဂနွေနေ့၊ ညနေပိုင်းတွင် အမှတ် ၂၅၆ ခြေလျင်တပ်ရင်းရုံးသို့ ကိုသက်မောင်မောင်ကို မိခင်ဖြစ်သူနှင့်အတူခေါ်၍ လက်ရှိ ကျောင်းသားသမဂ္ဂအဖွဲ့မှ နုတ်ထွက်ရန်နှင့် မနုတ်ထွက်လျှင် တပ်ရင်းရှိ ဝန်ထမ်းအိမ်ရာ၌ နေခွင့်ပြုမည်မဟုတ်ကြောင်း သတိပေး ပြောကြားခဲ့ခြင်း ခံရကြောင်း ၎င်းက ပြောကြားသည်။

“ကျောင်းသားသမဂ္ဂထဲမှာပါလို့ လို့ ပြောတယ်။ ကျွန်တော့်မိဘတွေကိုခေါ်ပြီး ကျောင်းသားသမဂ္ဂထဲမှာမပါဖို့ ခံဝန်ကတိတွေ ထိုးခိုင်းတယ်။ ကျွန်တော်သမဂ္ဂထဲမှာပါတာ ဘာကြောင့် ပိတ်ပင်တာလဲ။ ဘယ်သူက ညွှန်ကြားတာလဲမေးတော့ မင်းအဆင့်နဲ့ မေးစရာ အကြောင်းမရှိဘူးပေါ့ အဲလိုပဲပြောတယ်”ဟု ကိုသက်မောင်မောင်က ပြောဆိုသည်။

ထိုသို့ ဖိအားပေးခံရသော်လည်း မည်သည့်နည်းနှင့်မျှ ကျောင်းသားသမဂ္ဂအဖွဲ့မှ နုတ်ထွက်မည်မဟုတ်ဘဲ အဖွဲ့ဝင်အဖြစ် ဆက်လက် ရပ်တည်မည်ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သဖြင့် ပခုက္ကူမြို့ ခြေမြန်တပ်မဌာနချုပ်မှ ညွှန်ကြားချက်အရ အမှတ် ၂၅၆ ခြေလျင်တပ်ရင်းက ဖေဖော်ဝါရီလ ၂၀ ရက်တွင် စာထုတ်၍ ဝင်ခွင့်ပိတ်ခဲ့ခြင်းဖြစ်သည်။

တပ်မတော်ဝန်ထမ်းများ၏ သား၊ သမီးများအနေနှင့် ကျောင်းသားသမဂ္ဂများတွင် ပါဝင်ပတ်သက်မှုရှိပါက မိဘများ၊ အုပ်ထိန်းသူများကို အိမ်ထောင်သည် လိုင်းစည်းကမ်း၊ စစ်စည်းကမ်းအရ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် အမှတ်၂၅၆ ခြေလျင်တပ်ရင်းမှ မောင်သက်မောင်မောင်ကို မိမိတပ်ရင်းအတွင်း လုံးဝ (လုံးဝ) ဝင်ခွင့်မပြုရေးနှင့် မှီခိုသူသား၊ သမီးများ ကျောင်းသားသမဂ္ဂတွင် ပါဝင်ဆောင်ရွက်မှု မရှိစေရေးဟူ၍ ယင်းထုတ်ပြန်ချက်တွင် ပါရှိသည်

“လက်ရှိ ကျွန်တော်က ကျောင်းတက်နေရတာ ဖြစ်တဲ့အတွက် နေမှုထိုင်မှု အဆင်မပြေဘူးပေါ့။ စာသင်ကြားရေးမှာလည်း ခက်ခဲတယ်။ ခုအဆင်ပြေသလို သူငယ်ချင်း အဆောင်တွေမှာ လိုက်နေရတယ်”ဟု ကိုသက်မောင်မောင်က ပြောကြားသည်။

ကိုသက်မောင်မောင်သည် ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂတွင် အထွေထွေ အတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေပြီး ၎င်း၏ဖခင်ဖြစ်သူသည် ခြေလျင်တပ်ရင်းအမှတ် ၂၅၆တွင် တပ်ကြပ်အဖြစ် တာဝန်ထမ်းဆောင်နေသည်။

“ဒီကိစ္စက လုံးဝ မဖြစ်သင့်ဘူး။ ကျောင်းသားသမဂ္ဂဆိုတာက မတရား အသင်းအဖွဲ့ မဟုတ်ဘူး။ သူပုန်တွေလည်း မဟုတ်ဘူး။ ကျောင်းတိုင်း ကျောင်းတိုင်းမှာ တရားဝင် ရပ်တည်နေတဲ့ အဖွဲ့အစည်း ဖြစ်တယ်။ အဲလိုအဖွဲ့အစည်းကို စစ်တပ်အနေနဲ့ ဘာကြောင့် လက်မခံနိုင်တာလဲပေါ့”ဟု ပခုက္ကူတက္ကသိုလ်ကျောင်းသားများ သမဂ္ဂဥက္ကဋ္ဌ ကိုအောင်ခိုင်မင်းက မေးခွန်းထုတ်ပြောဆိုသည်။

ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂအနေနှင့် အဆိုပါကိစ္စအတွက် နိုင်ငံတော်အတိုင်ပင်ခံရုံးနှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးတို့သို့ ယခုရက်ပိုင်းအတွင်း (မတ်လ ၁၁ ရက်မှ ၁၂ ရက် အတွင်း) တိုင်ကြားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

သမဂ္ဂမှ နုတ်ထွက်ရန် ဖိအားပေးခံရသူများတွင် ကိုသက်မောင်မောင် တစ်ဦးတည်းမဟုတ်ဘဲ မိဘများက နိုင်ငံ့ဝန်ထမ်းများဖြစ်ပါက ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူများအနေနှင့် နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးခြင်းခံနေရကြောင်း ပခုက္ကူတက္ကသိုလ် ကျောင်းသားများသမဂ္ဂထံမှ သိရသည်။

အဆိုပါကိစ္စများနှင့် ပတ်သက်၍ မတ်လ ၁၁ ရက် နေ့လယ်ပိုင်းတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ပြန်ကြားရေးမှူးရုံးသို့ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာ ရုံးတာဝန်ရှိသူများက ဖြေကြားခွင့် မရှိဟုသာ မှတ်ချက်ပေးသည်။

J-19