News

POST TYPE

EDUCATION

တက္ကသိုလ် တစ်ရာကျော် ပါဝင်မည့် ကမ္ဘာ့ပညာရေးပြပွဲများ ကျင်းပမည်
11-Mar-2018

ရန်ကုန်၊ မတ် ၁၁

နိုင်ငံတကာတက္ကသိုလ် တစ်ရာကျော် ပါဝင်မည့် ကမ္ဘာ့ပညာရေးပြပွဲ (World-Class Education Exhibition 2018) ကို ရန်ကုန်နှင့် မန္တလေးမြို့များတွင် ကျင်းပမည်ဖြစ်ကြောင်း ပြပွဲများ ဦးဆောင်ပြုလုပ်မည့် Study Abroad Information Centre ထံမှ သိရသည်။

အဆိုပါ ပညာရေးပြပွဲများတွင် နိုင်ငံအလိုက် တက္ကသိုလ်ဝင်ခွင့် ကွာခြားချက်၊ ပညာသင် ကုန်ကျစရိတ်များ၊ ဘွဲ့ဒီဂရီများအကြောင်းနှင့် စင်ကာပူမှတစ်ဆင့် လန်ဒန်၊ အမေရိကန်၊ ဩစတြေးလျနှင့် ဆွစ်ဇာလန်နိုင်ငံများရှိ တက္ကသိုလ်များတွင် ဆက်လက် တက်ရောက်နိုင်မည့် အကြောင်းများကိုပါ ဆွေးနွေးပေးမည်ဖြစ်ကြောင်း ယင်းစင်တာထံမှ သိရသည်။

အဆိုပါပြပွဲ၌ နိုင်ငံတကာမှ တက္ကသိုလ်များကို တက်ရောက်လိုသည့် ကျောင်းသား၊ ကျောင်းသူများအနေနှင့် တက္ကသိုလ် ၁၀၀ ကျော်က ကျောင်းတာဝန်ခံများနှင့် တိုက်ရိုက် တွေ့ဆုံခွင့် ရရှိမည့်အပြင် ပညာသင်ဆုများလည်း လျှောက်ထားနိုင်မည်ဖြစ်ကြောင်း Study Abroad ကဆိုသည်။

အဆိုပါ ပညာရေးပြပွဲများကို ရန်ကုန်မြို့ Novotel ဟိုတယ်၌ မတ်လ ၂၄ ရက်တွင်လည်းကောင်း၊ မန္တလေးမြို့ Hilton ဟိုတယ်၌ မတ်လ ၂၅ ရက်တွင်လည်း ကောင်း ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း STUDY ABROAD Information Centre ထံမှ သိရသည်။

“ပွဲတွေကတော့ လုပ်နေတာ အများ ကြီးပဲလေ။ ကြော်ငြာတာတွေကလည်း မျိုးစုံပဲဆိုတော့ တကယ် ထဲထဲဝင်ဝင် သိရမှ အကျိုး ရှိ မရှိ ပြောလို့ရမှာပေါ့။ ဒီတိုင်းပြောဖို့က ခက်တယ်။ ဒါပေမဲ့ ဒါမျိုးပွဲတွေ လုပ်တာက အကျိုးမယုတ်ပါဘူး။ မရှိတာနဲ့စာရင် ရှိတာ ကောင်းပါတယ်”ဟု ၂၀၁၇ ခုနှစ်အတွင်းက မန္တလေး ဆေးတက္ကသိုလ်မှ ကျောင်းပြီးထားသည့် ဒေါက်တာထက်ပိုင်ဦးက ပြောကြားသည်။

J-19