News

POST TYPE

EDUCATION

အမေရိကန် သံမဏိနှင့် အလူမီနီယံ အခွန်စည်းကြပ်မှုမှ ကနေဒါနှင့် မက္ကဆီကိုတို့ကို ယာယီ ကင်းလွတ်ခွင့်ပေးမည်
11-Mar-2018


ဝါရှင်တန်၊ မတ် ရ

အမေရိကန်သမ္မတဒေါ်နယ်ထရမ့် အဆိုပြုထားသောသံမဏိနှင့် အလူမီနီယမ် တင်သွင်းမှုအပေါ် အခွန်စည်းကြပ်ခြင်းမှ အချို့နိုင်ငံများကို ကင်းလွတ်ခွင့် ပေးထား ဦးမည်ဖြစ်ကြောင်း အိမ်ဖြူတော် က ထုတ်ပြန်ကြေညာခဲ့ကြောင်း DW သတင်းဌာနက ဖော်ပြသည်။

ဝါရှင်တန်ပို့စ်သတင်းစာနှင့် ရိုက်တာသတင်းဌာနတို့က ဖော်ပြသော သတင်းများအရ ကင်းလွတ်ခွင့် ရက် ၃၀ ရမည့်နိုင်ငံများမှာ ကနေဒါနှင့် မက္ကဆီကိုတို့ဖြစ်သည်ဟုဆိုသည်။ ထရမ့်က ကင်းလွတ်သက်ညှာ ခွင့်မပေးဘဲ စည်းကြပ်မည်ဟုအစောပိုင်း ပြောခဲ့သည့်စကားမှ သွေဖည်သွားခြင်းဖြစ်သည်။

အမေရိကန်ပြည်တွင်းသို့ သံမဏိနှင့် အလူမီနီယမ် တင်သွင်းမှုများအပေါ် အခွန်ကြီးလေးစွာစည်းကြပ်မည့် ထရမ့်၏ အစီအစဉ်ကို ရီပတ်ဘလစ်ကန် လွှတ်တော်အမတ်များ၊ အမေရိကန် ကုန်သည်ကြီးများအသင်းနှင့် ကမ္ဘာတစ်ဝန်းရှိ မဟာမိတ်များက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြအပြီးတွင် ယခုကဲ့သို့ ယာယီခြွင်းချက် ပေးမှုများ ပြုလုပ်လာခဲ့ခြင်းဖြစ်သည်။

အိမ်ဖြူတော် ပြန်ကြားရေး အတွင်းဝန် ဆာရာဆန်းဒါးစ်က ကင်းလွတ်ခွင့်များကို ဖြစ်စဉ်အလိုက်နှင့် နိုင်ငံအလိုက် ပေးအပ်သွားဖွယ်ရှိသည်ဟု ပြောကြားထားသည်။ “မက္ကဆီကိုနဲ့ ကနေဒါအတွက် အမျိုးသားလုံခြုံရေးအရ ကင်းလွတ်ခွင့်ပေးဖို့ အလားအလာရှိပါတယ်။ လုပ်ငန်းစဉ်အပေါ် မူတည်ပြီးတခြားနိုင်ငံတွေလည်း ပါလာနိုင်ပါတယ်”ဟု ဆန်းဒါးစ်က ပြောကြားခဲ့သည်။

ယင်းသို့ပြောကြားပြီး နာရီပိုင်းအကြာတွင် အဆိုပါ အိမ်နီးချင်းနှစ်နိုင်ငံကို ရက် ၃၀ ကင်းလွတ်ခွင့်ပေးမည်ဖြစ်ကြောင်း ဝါရှင်တန်ပို့စ်က သတင်းဖော်ပြခဲ့သည်။ ၁၉၉၄ ခုနှစ်က ချုပ်ဆိုခဲ့သော မြောက်အမေရိက လွတ်လပ်စွာ ကုန်သွယ်ရေးစာချုပ်(NAFTA) ကို ပြန်လည်ညှိနှိုင်းရာတွင် တိုးတက်မှုရှိပါက တစ်လထက်ပိုပြီး သက်တမ်း တိုးနိုင်ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။

ထရမ့်က သမ္မတ၏ အမိန့်ကြေညာချက်ဖြင့် မတ်လ ၈ ရက်နေ့ နှောင်းပိုင်းတွင် အခွန်စည်းကြပ်မှု အစီအစဉ်ကို တရားဝင် ထုတ်ပြန်ဖွယ်ရှိနေသည်။ စည်းကြပ်မှု အာဏာသက်ဝင်ရန် နှစ်ပတ်ခန့် အချိန်ယူဖွယ်ရှိပြီး ကင်းလွတ်ခွင့်ရသော နိုင်ငံများ၊ ပစ္စည်းများမှအပ ကျန်သံမဏိနှင့် အလူမီနီယမ် သွင်းကုန်များကို အခွန် ၂၅ ရာခိုင်နှုန်းနှင့် ၁၀ ရာခိုင်နှုန်းစီ ကောက်ခံသွားမည်ဖြစ်သည်။ 

F-03