News

POST TYPE

EDUCATION

ကမ္ဘာ့ထိပ်တန်းတက္ကသိုလ်များ
10-Mar-2018

၂၀၁၈ ခုနှစ်အတွက် The World University Rankings များထွက်လာသည်။ ဗြိတိန်မှ တက္ကသိုလ်နှစ်ခုဖြစ်သည့် Oxford နှင့် Cambridge တို့က နံပါတ်တစ်နှင့် နှစ်နေရာများတွင် ဦးဆောင်နေသည်။ နှစ်စဉ် တက္ကသိုလ်များ၏ အရည်အသွေးကို ဆန်းစစ်နေသည့် Times Higher Education အဖွဲ့က ထုတ်ပြန်ခြင်းဖြစ်သည်။ ၂၀၁၈ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်းတက္ကသိုလ် ၅ ခုစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည်။ ဗြိတိန်က နှစ်ကျောင်း၊ အမေရိက,က သုံးကျောင်း ထိပ်တန်းနေရာယူထားသည်ကို တွေ့ရမည်ဖြစ်သည်။ 

1. University of Oxford
2. University of Cambridge
3. California Institute of Technology
3. Stanford University
5. Massachusetts Institute of Technology

အမှန်တော့ ( ၄) ဆိုသည့် အဆင့်မရှိ။ Clalifornia နှင့် Stanford တို့သည် အဆင့်တူ နံပါတ်(၃) နေရာများတွင် ရှိနေကြသည်။ Times Higher Education World University Rankings 2018 ကို ၂၀၁၇၊ စက်တင်ဘာလ ၅ ရက်နေ့ကတည်းက ထုတ်ပြန်ခြင်းဖြစ်သည်။ နှစ်စဉ် ကမ္ဘာ့တက္ကသိုလ် ၁၀၀၀ စာရင်းကို အဆင့်လိုက် ထုတ်ပြန်ပေးနေခြင်းဖြစ်သည်။ ယခုနှစ်အတွက် ဗြိတိန်နှင့် အမေရိကတို့က ထိပ်ဆုံး ၅ နိုင်ငံစာရင်းတွင် ရှိနေသော်လည်း ဂျပန်နှင့်တရုတ်တို့က တိပ်တန်း ၁၀ အတွင်းကိုပင် ဝင်မလာခဲ့ပေ။ ဂျာမနီနှင့် နယ်သာလန်နိုင်ငံတို့ဆိုလျှင် ၂၀၀ စာရင်း အတွင်းသာဝင်ခဲ့သည်။ တက္ကသိုလ်များကို အဆင့်တိုင်းတာရာတွင် အချက်ပေါင်း (၁၃) ချက်နှင့် တိုင်းတာပိုင်းဖြတ်ပြီးမှ အဆင့်ပေးသည်။ အဓိကအားဖြင့် သုတေသနလုပ်ဆောင်ရာတွင် ဩဇာကြီးမားမှု၊ ဝင်ငွေရရှိစေရန် ကြိုးစားအားထုတ်နိုင်မှု၊ နိုင်ငံတကာအမြင် စသည့်အချက်များနှင့် တိုင်းတာပိုင်းဖြတ်ကြောင်း တွေ့ရသည်။ ထိပ်တန်းတက္ကသိုလ် ၅ ကျောင်း၏ အနေအထားကို ဦးစွာသိထားသင့်ပါသည်။



1. University of Oxford

ယခုနှစ်တွင် ဗြိတိန်နိုင်ငံအတွက် ဂုဏ်ယူစရာ ကမ္ဘာ့နံပါတ်တစ်အဆင့်တွင် ဖြစ်နေသည့် ကျောင်းတော်ကြီးဖြစ်သည်။ ဒုတိယအကြိမ်မြောက် ကမ္ဘာ့အဆင့် (တစ်) နေရာတွင် ဆက်လက်ရှိနေခြင်း ဖြစ်သည်။ ဗြိတိန်နိုင်ငံ၏ ရှေးအကျဆုံး တက္ကသိုလ်ကြီးတစ်ခုဖြစ်ပြီး ကမ္ဘာသိကျော်ကြားသည့် ကျောင်းတော်ကြီးလည်းဖြစ်သည်။ 

လက်ရှိ ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသားပေါင်း ၂၂၀၀၀ ကျော် တက်ရောက်ပညာသင်ကြားနေသည်။ Oxford ကျောင်းဆင်း ဘွဲ့ရ ၉၅ ရာခိုင်နှုန်းခန့်သည် လုပ်ငန်းခွင်ဝင်နိုင်သည့် အခွင့်အရေးများ ရသောကြောင့်လည်း အလွန်အားကိုး အလေးထားကြသည်။ ဘွဲ့လွန်ဆက်တက်ချင်သူများမှာလည်း ၆ လအတွင်း မိမိတို့နှစ်သက်ရာ ဘာသာရပ်များကို ဆက်လက်သင်ယူနိုင်ကြသည်။ 

ကျောင်းဝင်ခွင့်အတွက် သာမန်အနေအထားဖြင့်မရ။ အပြိုင်အဆိုင်အားကြီးသည်။ ၂၀၁၅ ခုနှစ်က လျှောက်ထားသူပေါင်း ၁၈၃၀၀ တွင် ၃၂၀၀ ခန့်သာ ဘွဲ့ကြိုတန်းကို လက်ခံခဲ့ကြောင်း တွေ့ရသည်။

ကျောင်းသားနှင့် ဆရာအင်အားအချိုးတွင် ဆရာသည် ကျောင်းသား၏ ၄၁ ရာခိုင်နှုန်းခန့် ရှိသည်။ ကျောင်းရှိဆရာများသည် နိုင်ငံပေါင်း ၁၀၀ ခန့်က လာရောက်အမှုထမ်းနေသူများ ဖြစ်ကြသည်။ 



2. University of Cambridge

Cambridge တက္ကသိုလ်သည် ကောလိပ်ကျောင်း ပုံစံစနစ်ဖြင့် သွားနေပြီး၊ Oxford တက္ကသိုလ်နှင့် ပုံစံအတော်လေးတူသည်။ ကျောင်းသားပေါင်း ၁၈၀၀၀ ခန့် တက်ရောက်သင်ကြားနေကြသည်။ လွတ်လပ်စွာ နေထိုင်သင်ကြားခွင့် ပြုထားရာတွင် နာမည်ကြီးသည်။ 

Cambridge တွင် ကောလိပ်ခွဲပေါင်း ၃၁ ကျောင်းနှင့် ဌာနခွဲပေါင်း ၁၅၀ ခန့်ရှိသည်။ ၁၂၀၉ ခုနှစ်ခန့်ကတည်းက ထူထောင်ထားခဲ့ပြီး သမိုင်းအစဉ်အလာကြီးသည့် ကျောင်းတော်ကြီးဖြစ်သည်။ Oxford နှင့်ဒေသခံများ ပြဿနာတက်ပြီး Cambridge ကို ခွဲကာ ထူထောင်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

နိုင်ငံ၏ ထင်ရှားသော နိုင်ငံရေးသမားများ၊ သိပ္ပံပညာရှင်များနှင့် ယဉ်ကျေးမှုရေးရာ ထင်ရှားသူများသည် ဤကျောင်းထွက်များ ဖြစ်ကြသည်က များသည်။ အိုင်းဆက်နယူတန်နှင့် ဟားဗတ်တက္ကသိုလ်ကို ထူထောင်ခဲ့သူ ဂျွန်ဟားဗတ်တို့သည် ဤကျောင်းထွက်များဖြစ်ကြသည်။

ကောလိပ်ကျောင်းခွဲတိုင်းသည် အစဉ်အလာထုံးတန်းများကို လိုက်နာကြပြီး အခမ်းအနားများကိုလည်း ထုံးစံအတိုင်းကျင်းပကာ ဘွဲ့များပေးအပ်နေသည်မှာ ယနေ့တိုင်ဖြစ်သည်။ 



3. California Institute of Technology

Caltech ဟု အတိုကောက်ခေါ်သည့် တက္ကသိုလ်မှာ ကြီးမားသည့် ကျောင်းတော်ကြီးတစ်ခု မဟုတ်သော်လည်း ဘွဲ့ကြို ၁၀၀၀ နှင့် ဘွဲ့လွန်ကျောင်းသား ၁၂၅၀ ခန့်ကို သင်ကြားပေးလျက်ရှိသည်။ ကျောင်းသားနှင့်ဆရာအချိုးမှာ အလွန်မြင့်မားသဖြင့် ကြွားဝါစရာဖြစ်သည်။ 

Caltech သည် သိပ္ပံပညာနှင့်နည်းပညာများကို သင်ကြားရာတွင် စံပြုလောက်အောင် သင်ကြားနိုင်သည့် နေရာအဖြစ်ထင်ရှားသည်။ သင်ကြားပုံစနစ်နှင့် ကျောင်းသားများ ဆန်းစစ်လေ့လာမှုကို ဦးစားပေးထားသည့်အပြင် စိန်ခေါ်စရာ သင်ကြားမှုများဖြစ်နေသောကြောင့် နာမည်ကျော်သည်။

၁၈၉၁ ခုနှစ်တွင် တည်ထောင်ထားသည့် ကျောင်းဖြစ်ပြီး မူလက Throop တက္ကသိုလ်အဖြစ် လူသိများသည်။ လက်ရှိအမည်ကို ၁၉၂၀ ပြည့်မှ ခံယူထားခြင်းဖြစ်သည်။

၂၀၁၉ ခုနှစ်အတွက် ကျောင်းဝင်ခွင့်တင်ထားသည့် လျှောက်လွှာပေါင်း ၆၅၀၆ စောင်ရှိသည်။ Caltech တွင် တက်နေသည့် ကျောင်းသားထက်ဝက်ခန့်သည် လိုအပ်ချက်အရ အထောက်အပံ့ပေးသည့် ငွေကြေးများကို ရရှိကြသည်။ ပညာသင်ဆု အပြည့်အဝအတွက် အထောက်အပံ့ပေးလျှင် ဒေါ်လာ ၃၈, ၉၈၃ ဖြစ်သည်။ Caltech ၏ လာဘ်ကောင်အရုပ်လေးသည် ဖျံရုပ်လေးဖြစ်ပြီး ဆောင်ပုဒ်မှာ “Nature’s Engineering” ဖြစ်သည်။ 



3. Stanford University

Stanford တက္ကသိုလ်သည် လုပ်ငန်းရှင်များ၊ စွန့်ဦးတီထွင်သူများကို မွေးထုတ်ပေးရာတွင် ထင်ရှားသည့်တက္ကသိုလ်ကြီး ဖြစ်သည်။ အနီးရှိ ဆီလီကွန်တောင်ကြား နည်းပညာရပ်ဝန်းကြီးကို များစွာအထောက်အကူ ပြုပေးနေသည့် ပညာရှင်များမွေးထုတ်ရာ နေရာဌာနကြီးလည်းဖြစ်သည်။

Stanford ကျောင်းထွက် ပညာရှင်များထဲတွင် နိုဘယ်ဆုရရှိသူ ၂၀ ရှိနေခြင်းကလည်း ဂုဏ်တက်စရာဖြစ်သည်။ ကျောင်းဝင်းကြီးက ကြီးမားကျယ်ပြန့်ပြီး အဆောက်အအုံပေါင်း ၇၀၀ ခန့်ရှိသည်။ ပြတိုက်၊ ဥယျာဉ်နှင့်အပန်းဖြေ အဆောက်အအုံကြီးများလည်း ရှိသည်။

လက်ရှိ ပညာသင်ကြားနေသူပေါင်း ဘွဲ့ကြို ၇၀၀၀ နှင့် ဘွဲ့လွန် ၉၀၀၀ ရှိသည်။ ကျောင်းသား၊ ဆရာအချိုးမှာ ၄ အချိုး ၁ ဖြစ်သည်။ Stanford သည် သုတေသနလုပ်ငန်းများအတွက် ဒေါ်လာ ၁ ဒသမ ၂၂ ဘီလီယံခန့်အသုံးပြုနေသည်။ ထိုကျောင်းက ပရောဂျက်ပေါင်း ၅၀၀၀ ကျော်ကို အထောက်အပံ့ပေးပြီး လုပ်ဆောင်ခိုင်းလျက် ရှိသည်။



5. Massachusetts Institute of Technology

MIT အတိုကောက်ခေါ်သည့် ထိုတက္ကသိုလ်သည် ၁၉ ရာစုခေတ်ကတည်းက ထူထောင်ထားသည့် တက္ကသိုလ်ဖြစ်သည်။ ကျောင်းသားများ၏ လိုအပ်ချက်များကို အမြဲအထောက်အပံ့ပေးပြီး ဖြည့်ဆည်းပေးနိုင်ရန် ကြိုးစားသလို တီထွင်ပညာရှင်ပေါင်းများစွာ မွေးထုတ်ပေးနေသော တက္ကသိုလ်ကြီးလည်းဖြစ်သည်။ 

MIT တွင် မူလက ဗိသုကာပညာရပ်များကိုသာ သင်ကြားပေးသော်လည်း နောက်ပိုင်းတွင် နည်းပညာရှင်အများဆုံးမွေးထုတ်ရာ နေရာတစ်ခုဖြစ်လာသည်။ ပထမဆုံးကျောင်းသူ အယ်လင်ဆွားလိုး ရစ်ချတ်ကို ၁၈၇၁ ခုနှစ်တွင် ဓာတုဗေဒဘာသာရပ်တွင် တက်ရောက်ခွင့်ပြုခဲ့သည်။ ၁၈၇၃ ခုနှစ်တွင် ကနေဒါမှကျောင်းသားကို အခြားနိုင်ငံမှ ကျောင်းသားအဖြစ် ပထမဆုံး မွေးထုတ်ပေးခဲ့သည်။ 

Massachusetts တွင် ကျောင်းသားများနေထိုင်ရန် အဆောင်ပေါင်း ၁၈ ဆောင်ရှိသည်။ ထို့ပြင် ပန်းချီအနုပညာ ခန်းမပေါင်းများစွာလည်း ရှိသည်။

တက္ကသိုလ်ဝင်ခွင့်ကို စိစစ်ရွေးချယ်မှုစနစ်ဖြင့် လက်ခံသည်။ လျှောက်လွှာ၏ ၈ ရာခိုင်နှုန်းခန့်သာ ရွေးချယ်တတ်သည်။ MIT မှ ဘွဲ့ရသူများကလည်း ကုမ္ပဏီများတွင် အလုပ်ရလွယ်သဖြင့် လျှောက်ထားသူများသည်။ Google, Amazon နှင့် Apple ကုမ္ပဏီများက ထိုကျောင်းထွက်များကို လက်ခံလေ့ရှိသည်။

E-01
(Ref: Times Higher Education)

  • VIA