News

POST TYPE

EDUCATION

ဆရာတွေ လက်နက်ကိုင်ရမည်လော


အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်၊ ပါ့ခ်လန်းရှိ Marjory Stoneman Douglas အထက်တန်းကျောင်းတွင် သေနတ်ပစ်ခတ်မှုကြီးတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်ကျောင်းများတွင် ဆရာတွေ လက်နက်ကိုင်ဆောင်ရတော့မည်ဆိုသည့် အငြင်းပွားစရာများ ဖြစ်ခဲ့ရသည်။ ကျောင်းများတွင် ဆရာများကို လက်နက်ကိုင်ဆောင်ခွင့်ပြုရန်ဆိုသည့် အဆိုကိုလည်း ဝေဖန်ဆွေးနွေးစရာများ ဖြစ်ခဲ့ရသည်။ ပညာရေးတွင်သာမက အဖွဲ့အစည်းအသီးသီးတွင် ဆရာများ လက်နက်ကိုင်ဆောင်ရေးမှာ သဘာဝမကျသော လုပ်ရပ်ဖြစ်ကြောင်း ဝိုင်းဝန်းဝေဖန် ဆွေးနွေးခဲ့ကြသည်။ အမေရိကန် ပြည်ထောင်စုကလွဲပြီး ကျန်နိုင်ငံအတော်များများတွင် ကျောင်းကို လက်နက်ယူ ဆောင်လာခြင်းမပြုရဆိုသည့် စည်းကမ်းကို ယနေ့တိုင် လိုက်နာနေကြသည်။ ထို့ကြောင့် ဆရာတွေ လက်နက်ကိုင်ပြီး ကျောင်းလာရန်ကိစ္စဆိုသည်မှာ အလွန်လက်ခံရခက်သော ကိစ္စရပ်ကြီးတစ်ခုဖြစ်သည်။ 

ဂျပန်နှင့် တရုတ်နိုင်ငံများတွင်လည်း မူလတန်း ကျောင်းတစ်ကျောင်း၌ ၂၀၀၀ ပြည့်နှစ်က ဓားထိုးမှုများ ဖြစ်ပွားခဲ့ဖူးသည်။ ထို့ကြောင့် ထိုကာလလောက်ကတည်းက အခြေခံကျောင်းများနှင့် တက္ကသိုလ်ဝင်းများအတွင်း လုံခြုံရေးအတွက်ဆောင်ရွက်ပေးရန် လှုပ်ရှားဆန္ဒပြပွဲများ လုပ်ခဲ့ကြသည်။ ကျောင်းတိုင်းတွင် ဂိတ်ပေါက်ဝများထားခြင်း၊ ကျောင်းလုံခြုံရေးများထားခြင်း၊ ကင်းလှည့်ခြင်းများကိုပါ ဆောင်ရွက်ခဲ့ကြောင်းလည်း တွေ့ရသည်။ ဆရာဆိုသည်မှာ ကျောင်းတွင် နောက်ဆုံးခံတပ်အဆင့်သာ ရှိနေရမည့်သူများသာဖြစ်ပြီး ရှေ့တန်းက ကာကွယ်သူများ မဖြစ်သင့်ပေ။ ထို့ကြောင့် ဂျပန်ဆရာများကိုလည်း သေနတ်ကိုင် တိုက်ခိုက်ခြင်းထက်၊ စာသင်ခန်းတံခါးကိုပိတ်ပြီး ကလေးများကို မည်သို့ အကာအကွယ်ပေးမည်နည်း လောက်သာ လေ့ကျင့်သင်ကြားပေးခဲ့ကြသည်။ 

ဂျပန်နိုင်ငံတွင် ဆရာများကို လက်နက်ကိုင်ဆောင်ခွင့် ပြုထားပါသည်။ ထိုလက်နက်မှာ လက်ကိုင်ရိုးတံပါသော ဆာဆူမာတာဆိုသည့် တုတ်ဖြစ်သည်။ ဘုရင်ခေတ်က ဂျပန်ဆာမူရိုင်းများကိုင်သည့် ခက်ရင်းခွအသွင် လူဖမ်းရာ၌ အသုံးပြုသော လက်နက်တစ်မျိုးဖြစ်သည်။ ထို့ပြင် ကင်ဒိုကစားရာ၌ အသုံးပြုသော သစ်သားဓားကိုလည်း ကိုင်ဆောင်ခွင့်ပေးသည်။ နှစ်စဉ် ဆရာများသည် အကြမ်းဖက်လာလျှင် မည်သို့တုံ့ပြန်မည်၊ ကာကွယ်မည်၊ ဖမ်းဆီးမည်ဆိုသည့် သင်တန်းတက်ကြရသည်။ ဂျပန်ကျောင်းတိုင်းတွင် ဆာဆူမာတာများ ထားလေ့ရှိသည်။ ကလေးများ၏ အသက်ပစ္စည်းတစ်ခုအနေနှင့် ထားခြင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်တွင် အီဘာရာကီနှင့် အီချီတို့တွင် ကျောင်းဝင်းအတွင်း ဓားနှင့်ဝင်သောင်းကျန်းနေသူကို ဆာဆူမာတာများဖြင့် ကာကွယ်တားဆီးနိုင်ခဲ့သည်။ 

ယခုအခါ အမေရိကန်ပြည်ထောင်စုတွင် ကိုင် ဆောင်သောင်းကျန်းနေကြသည်က ဓားမဟုတ်၊ သေနတ်တွေဖြစ်သည်။ ဆရာတွေကို သေနတ်ကိုင်ခွင့် ပေးလိုက်လျှင် သေနတ်ကိုင်အကြမ်းဖက်သည့် ကျောင်း သားကို ဆရာက အပြန်အလှန် ပစ်ခတ်ဖမ်းဆီးရပေ တော့မည်။ သမ္မတထရမ့်က ဆရာတွေကို သေနတ်ကိုင် ခွင့် ပေးလိုက်တိုင်း ဆရာတွေက ပစ်ခတ်ခြင်းကို လုပ် မည်လား။ ဆရာတွေ သေနတ်ကိုင်ခြင်းက တပည့်တွေ ကို အကာအကွယ်ပေးရန် ဖြစ်သည်ဆိုသော်လည်း ဆရာက တပည့်ကို သေနတ်နှင့် ပစ်သတ်လိုက်မိလျှင် ဘာတွေဖြစ်ကုန်မည်နည်း ဆိုသည်မှာ စဉ်းစားစရာ ဖြစ်လာသည်။ 

ဂျပန်နိုင်ငံတွင် ဆာဆူမာတာ လူဖမ်းကိရိယာ နှင့် ကင်ဒိုတုတ်ဓားများကို ကျောင်းစာသင်ခန်းအတွင်း ထားခွင့်မပြု၊ ကျောင်းရုံးခန်း သို့မဟုတ် ဆရာခန်းတွင် သာ ထားခွင့်ပြုသည်။ အကယ်၍ အမေရိကန်တွင် ကျောင်းဆရာများကို လက်နက်ကိုင်ဆောင်ခွင့်ပြုမည် ဆိုလျှင် စာသင်ခန်းအတွင်းမကိုင်ရ၊ ကျောင်းဆရာ ခန်း သို့မဟုတ် ရုံးခန်းလောက်တွင်သာထားရန်လည်း အဆိုပြုကြသည်။ 

အမေရိကတွင် ကျောင်းများအတွင်း ဆရာများကို သေနတ်ကိုင်ဆောင်ခွင့်ပြုလိုက်ခြင်းက ကျောင်းသားများအတွက် လုံခြုံမှုရှိစေနိုင်မည်လားဟု ထပ်ဆင့် မေးခွန်းထုတ်စရာများ ဖြစ်လာစေသည်။ လက်နက်က လက်ထဲတွင်ရှိနေလျှင် အချိန်မရွေး စိတ်မချရသည့် သဘောဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျောင်းနှင့်ဆရာဆိုသည်မှာ လက်နက်ကိုင်အဖွဲ့အစည်း မဟုတ်သောကြောင့်၊ လက်နက်ကြောင့် အပြုသဘောထက် အပျက်သဘောများ ဖြစ်သွားနိုင်ပါသည်။ 

သေနတ်ကို သေနတ်နှင့် ရင်ဆိုင်ခြင်းဆိုသည်မှာ ကျောင်းဆရာအလုပ်ထက် ရဲအလုပ်ဖြစ်သည်။ ရဲက ကျောင်းဆရာထက် လက်နက်ကိုင်ထားသူကို မည်သို့ ကိုင်တွယ်ရမည်ကို ပိုသိသည်။ ကျောင်းတွင် ကျောင်းဆရာတွေကို သေနတ်တပ်ဆင်ပေးရန် အမေရိကန် သမ္မတအကြံထက်၊ ကျောင်းများတွင် လက်နက်ကိုင် လုံခြုံရေးထားပေးရန် စီစဉ်ခြင်းက ပိုပြီး သဘာဝကျနိုင်ပါသည်။ 

လက်နက်ကိုင်ဆောင်သည့်သူသည် စိတ်အခြေအနေလည်းကောင်းရန် လိုပါသည်။ လက်နက်တစ်ခု လက်အတွင်းရှိနေလျှင် ကိုယ့်အတွက်လည်း မလုံခြုံနိုင်သလို အခြားသူများအတွက်လည်း မလုံခြုံနိုင်ပေ။ အမေရိကန်ပြည်ထောင်စုတွင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်ရေးအတွက် လက်နက်ဆောင်ခြင်း ဥပဒေကြောင့် လက်နက်တွေကိုင်ပြီး ပစ်ခတ်သောင်းကျန်းမှုတွေ ဖြစ်နေရသည်။ လက်နက်တွေသိမ်းမည်လော၊ ဆရာတွေကို လက်နက်ထုတ်ပေးပြီး ကာကွယ်ခိုင်းမည်လော။ အလွန်တာဝန်ကြီးသည့် သေနတ်ကြီးတစ်လက်နှင့် စာသင်ခန်းအတွင်း ဝင်လာရမည့် ဆရာတစ်ယောက် ဘဝမှာ ကလေးတွေအတွက် ပိုပြီးမလုံခြုံနိုင်ပါ။

E-01
(Ref: The Hill, Opinion, Allan Richarz)