News

POST TYPE

EDUCATION

တောင်ကိုရီးယားနှင့် မူလတန်းအောက်ဆင့် အင်္ဂလိပ်စာ
10-Mar-2018



တောင်ကိုရီးယားနိုင်ငံတွင် ပထမတန်းနှင့် ဒုတိယတန်းအဆင့်အတန်းများ၌ အင်္ဂလိပ်စာသင်ကြားရန် တားမြစ်လိုက်ပြီဖြစ်သည်။ မူလတန်းအဆင့်တွင် အင်္ဂလိပ်စာသင်ကြားခြင်းသည် အဆိုးမြင်စိတ်ဓာတ်များကို ဖြစ်စေသောကြောင့် ဤသို့တားမြစ်ရကြောင်း ပညာရေးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။ ထိုတားမြစ်ချက်သည် လာမည့် မတ်လ ၈ ရက်နေ့က စတင်ပြီး သက်ဝင်မည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်ကတည်းက ကိုရီးယားဘာသာစကားအပေါ် အင်္ဂလိပ်စာ၏ လွှမ်းမိုးမှုမခံရန် ဥပဒေဖြင့် ပိတ်ပင်ထားခဲ့ခြင်းဖြစ်သည်။

“အင်္ဂလိပ်စာ ကျွမ်းကျင်ပညာရှင်များနဲ့ စိတ်ပညာရှင်များအလိုအရ အင်္ဂလိပ်စာကို ဒုတိယဘာသာ စကားအနေနဲ့ သင်ကြားဖို့ အကောင်းဆုံးအရွယ်ဟာ တတိယတန်းအဆင့်လောက်သာ ဖြစ်သင့်တယ်လို့ ဆိုထားပါတယ်”ဟု တောင်ကိုရီးယားနိုင်ငံ ပညာရေးဝန်ကြီးဌာန၊ ရှေးဦးသင် ပညာရေးမူဝါဒရေးဆွဲရေးဌာန ညွှန်ကြားရေးမှူး ကွမ်ဂျီရမ်းက ဆိုသည်။ 

“ဒုတိယဘာသာစကားကို မူကြိုအဆင့်မှာကတည်းက သင်ဖို့ဆိုတာ သိပ်စောလွန်းပါတယ်။ အဲဒီအရွယ်တွေဟာ လူမှုပေါင်းသင်းဆက်ဆံရေးတွေ၊ အသိဉာဏ်ဖွံ့ဖြိုးအောင် လုပ်ရမယ့်အချိန်တွေပါ။ မိဘတွေက ဒုတိယဘာသာစကားကို စောစောသင်လေ ကောင်းလေဆိုတာ မဟုတ်ပါဘူး”ဟု ကွမ်ဂျီယန်းက ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံတွင် KG တန်းများကို အင်္ဂလိပ်စာသင်ကြားမည်ဟု သတ်မှတ်ပြဋ္ဌာန်းထားခြင်း မရှိသော်လည်း၊ ပုဂ္ဂလိက KG ကျောင်းများတွင် အင်္ဂလိပ်စာကို အလေးထားသင်ကြားပေးမှုများ ရှိနေသည်။ အင်္ဂလိပ်စာကို အလေးထားသင်ကြားသည့် KG တန်းကျောင်းများကိုသာ မိဘများကလည်း ဈေးကြီးကြီးပေးပြီး အပ်နေကြသည်။ တောင်ကိုရီးယားနိုင်ငံတွင် အိမ်တစ်အိမ်ချင်း၏ နှစ်စဉ်ဝင်ငွေမှာ ဒေါ်လာ ၁၅၃၃၅ ဖြစ်သဖြင့် ပညာရေးအတွက် တစ်လလျှင် ဒေါ်လာ ၁၅၀၀ မျှ သုံးစွဲနိုင်စွမ်းရှိကြသည်။ 

အစိုးရက အင်္ဂလိပ်စာသင်ကြားမှုကို ပိတ်ပင်လိုက်ခြင်းကြောင့် ဆရာ ၇၀၀၀ ခန့်မှာ အလုပ်ပြုတ်သွားနိုင်သည့် အနေအထားတွင်ရှိနေပြီး၊ ယခုအစီအစဉ်သည် ဝင်ငွေနည်းမိသားစုများအတွက် ပြိုင်ဆိုင်မှု အပြင်းအထန်လုပ်ခြင်းကိုလည်း သက်သာသွားစေမည်ဟု ပညာရေးဝန်ကြီးဌာနက ပြောကြားသည်။

အင်္ဂလိပ်စာကို ဒုတိယတန်းအောင်မှ သင်ရမည်ဟု ပြဋ္ဌာန်းလိုက်ခြင်းက အင်္ဂလိပ်စာကို မူကြိုကတည်းက အပြိုင်သင်ကြားရန် လုပ်ဆောင်နေမှုများကိုလည်း လျော့နည်းသွားစေနိုင်ကြောင်း၊ ကိုရီးယားလူ့ဘောင်တွင် ငွေများလျှင် ပညာရနိုင်ဆိုသည့် သဘောတရားများ လွှမ်းမိုးနေကြောင်း ပုဂ္ဂလိက အင်္ဂလိပ်စာသင်ကြားသည့်ဆရာ ကင်ဟီဝမ်းက ဆိုသည်။ 

ကင်ဟီဝမ်းသည် ဆိုးလ်မြို့တွင် ၂၀၀၃ ခုနှစ်ကတည်းက အင်္ဂလိပ်စာ သင်ကြားနေသူတစ်ဦးဖြစ်ပြီး မိဘများကြားတွင် အင်္ဂလိပ်စာတတ်မှဆိုသည့် ခံယူချက်ကို ဝေဖန်နေသူတစ်ဦးလည်း ဖြစ်သည်။ 

“ကိုရီးယားမှာ မိဘတွေက အချင်းချင်းတွေ့ရင် သူတို့ကလေးတွေကို ဘယ်ဆေးရုံမှာမွေးတယ်၊ ဘယ်ပညာရေးလမ်းကြောင်းကို လိုက်နေတယ်ဆိုတာကိုပဲ ပြောလေ့ရှိတယ်။ သူတို့ပြိုင်ဆိုင်မှုတွေက ကြောက်စရာကောင်းတယ်။ အင်္ဂလိပ်စာသင်ဖို့ ငွေဘယ်လောက် အကုန်ခံတယ်ဆိုတာကို ဂုဏ်ယူနေကြတယ်”ဟုလည်း သူက ဆိုသည်။

ဟွမ်ဟီဂျန်းသည် ကလေးတစ်ယောက်မိခင်ဖြစ်ပြီး သူ့သားကို အမေရိကန်ပြည်ထောင်စုတွင် မွေးဖွားခဲ့ကာ၊ ဆိုးလ်တွင် ပညာသင်ခိုင်းထားသူဖြစ်သည်။ ယမန်နှစ်ကစတင်ပြီး သူ့သားကို နိုင်ငံတကာကျောင်းသို့ ပြောင်းရွှေ့ထားခဲ့သည်။ သူက -

“ကျွန်မအထင် အင်္ဂလိပ်စကားပြောတာ အလွန်အရေးကြီးပါတယ်။ နိုင်ငံတကာ ဝင်ခွင့်စာမေးပွဲတွေက အလွန်ခက်ပြီးတော့ အောင်ဖို့ဆိုတာ အင်္ဂလိပ်စာ အမှတ်အကောင်းဆုံး ဖြစ်နေဖို့လည်း လိုပါတယ်။ ကိုရီးယားကျောင်းတွေမှာ ကျွန်မသားကို တစ်ပတ်တစ်နာရီ အင်္ဂလိပ်စာသင်ပေးတယ်။ ခုတော့ သူယူထားတဲ့ သင်ခန်းစာတွေအများစုကလည်း အင်္ဂလိပ်လိုပဲဖြစ်နေတယ်။ သူများများလေ့ကျင့်နိုင်မှ အင်္ဂလိပ်လို ပိုကောင်းနိုင်မှာပေါ့”ဟု ပြောကြားသည်။

အင်္ဂလိပ်စာကို တတိယတန်းရောက်မှသင်ရန် တားမြစ်သလို မိဘများကိုလည်း အင်္ဂလိပ်စာဆိုသည်မှာ ဒုတိယဘာသာစကားဖြစ်သည်ကို သိထားရန် လိုကြောင်းလည်း သတိပေးထားသည်။ ညွှန်ကြားရေးမှူးကွမ်က မိဘများအနေနှင့်လည်း အင်္ဂလိပ်စာကို ဒုတိယ ဘာသာစကားဖြစ်ကြောင်း ကောင်းစွာ သိထားရန်လိုကြောင်း။ ကိုရီးယားကလေးများအနေနှင့် ကျောင်းတက်ရာတွင် ဖိစီးမှုတွေများနေကြောင်း၊ မွေးလာကတည်းက သူတို့ စိတ်ဖိစီးလာခဲ့ရကြောင်း၊ ဝန်ကြီးဌာနအနေနှင့် အင်္ဂလိပ်စာသင်ကြားရေးနှင့် ပတ်သက်ပြီး ပညာပေးရန် ဆွေးနွေးပွဲများ လုပ်သင့်ကြောင်း ပြောကြားသည်။

မိုဘိုင်းလ်ဖုန်း ဘာသာပြန်စနစ်နှင့် ဘာသာပြန်ဆော့ဖ်ဝဲများ ခေတ်စားလာချိန်တွင် လူအချင်းချင်းဆက်သွယ်ရာ၌ အခက်အခဲမရှိနိုင်တော့ပေ။ သို့သော် အင်္ဂလိပ်စာသည် ကမ္ဘာသုံးစကားတစ်ရပ်အနေနှင့် ရှိနေသောကြောင့် လက်တွေ့တွင် အရေးကြီးနေသေးသည်မှာ အမှန်ပင်ဖြစ်သည်။ စီးပွားရေးလုပ်ငန်းများတွင် လည်းကောင်း၊ ပညာရေးတွင်လည်းကောင်း ပြိုင်ဆိုင်မှုတွင် အင်္ဂလိပ်စာကိုသာ အဓိကအသုံးပြုနေသေးသဖြင့် မိဘများအနေနှင့် အင်္ဂလိပ်စာအပေါ် အလေးထားကာ အသည်းအသန်ဖြစ်နေကြမည်သာ ဖြစ်သည်။ 

ကိုရီးယားမိဘများအနေနှင့်လည်း ကျောင်းတွင် မသင်ရဆိုလျှင် မိမိတို့ကလေးများကို ကျောင်းပြီးလျှင် အင်္ဂလိပ်စာသင်ကျောင်းများသို့ပို့သည့် အလုပ်တစ်ခုပိုလာရုံသာ ရှိသည်။ အစိုးရအနေနှင့် ကျောင်းတွင် မသင်ရန်သာ သတ်မှတ်နိုင်ပြီး ပြင်ပတွင် သင်ကြားမှုကို တားမြစ်နိုင်မည် မဟုတ်ပေ။ 

ငွေမရှိလျှင် အခွင့်အလမ်းမရှိ၊ ပညာမတတ်ဆိုသည့် သဘောတရားသည် ဆက်လက်လွှမ်းမိုးနေဦးမည်သာ ဖြစ်သည်။ ဆင်းရဲချမ်းသာ အခွင့်အရေးကို တန်းတူလိုက်ညှိ၍ မရနိုင်သည့် အနေအထားဖြစ်သည်။ ပိုက်ဆံရှိသော်လည်း ပညာသင်ချင်မှသင်မည်။ ပိုက်ဆံမရှိသော်လည်း ပညာရေးကို အားပေးချင်အားပေးမည်။ မိဘတိုင်းက ကမ္ဘာ့လမ်းကြောင်းကိုလိုက်သည်။ အင်္ဂလိပ်စာ မသင်ရဆိုပြီး ကန့်သတ်လိုက်လျှင် တညီတညာတည်းမသင်ရအောင် တောင်ကိုရီးယားနိုင်ငံသည် မြောက်ကိုရီးယားနိုင်ငံကဲ့သို့ ကွန်မြူနစ်နိုင်ငံမဟုတ်ကြောင်း သိထားရန်တော့ လိုပေလိမ့်မည်။ 

E-01 
(Ref: Korea Today)


  • VIA