News

POST TYPE

EDUCATION

ကင်ဂျုံအန်း၏ ဖအေတူမအေကွဲအစ်ကိုအား သတ်ရန် VX ဓာတုပစ္စည်းကို မြောက်ကိုရီးယား အသုံးပြုခဲ့
08-Mar-2018



နယူးယောက်၊ မတ် ၇

မြောက်ကိုရီးယားသည် ခေါင်းဆောင်လေး ကင်ဂျုံအန်း၏ ဖအေတူမအေကွဲ အစ်ကို ကင်ဂျုံနန်ကို ကွာလာလမ်ပူလေဆိပ်တွင် လုပ်ကြံသတ်ဖြတ်ရာတွင် VX ဓာတုပစ္စည်းကို အသုံးပြုခဲ့သည်ဟု အမေရိကန်အစိုးရက ဆုံးဖြတ်ကြောင်း DW သတင်းတွင်ဖော်ပြထားသည်။

ဓာတုပစ္စည်းကို တားမြစ်သည့် နိုင်ငံတကာစည်းမျဉ်း ထိုကဲ့သို့ လူသိရှင်ကြား ချိုးဖောက်မှုသည် မြောက်ကိုရီးယား၏ မဆင်မခြင်လုပ်သည့်အကျင့်ကို ထင်ဟပ်နေပြီး မြောက်ကိုရီးယား၏ အစုလိုက်အပြုံလိုက် ဖျက်ဆီးမည့် လက်နက်အစီအစဉ် မှန်သမျှကို သည်းခံခြင်းမပြုရန် ညွှန်ပြနေသည်ဟု အမေရိကန် နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဟယ်သာနော်ရတ်က အင်္ဂါနေ့က ပြောကြားသည်။

အမေရိကန်က မြောက်ကိုရီးယားအပေါ် ချမှတ်ထားပြီးဖြစ်သော ဒဏ်ခတ်မှုများအပြင် ယခုတွေ့ရှိချက်ကြောင့် ထပ်တိုးလာသည့် အရေးယူပိတ်ဆို့မှုများတွင် အမေရိကန်၏ နိုင်ငံခြားရေးအကူအညီ၊ ငွေကြေးထောက်ပံ့မှု၊ လက်နက်ရောင်းဝယ်မှုဆိုင်ရာ တားမြစ်ချက်များပါဝင်သည်။

ကိုရီးယားနှစ်နိုင်ငံအကြား ထိပ်သီးဆွေးနွေးပွဲ ကျင်းပရေးကို သဘောတူညီမှုရရှိခဲ့သော တောင်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့၏ ပြုံယမ်းခရီးစဉ်အပြီး ကိုရီးယားကျွန်းဆွယ်အတွက် အလွန်အရေးကြီးနေသည့်အချိန်တွင် အမေရိကန် နိုင်ငံခြားရေးဌာန၏ ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

မြောက်ကိုရီးယား၏ နျူကလီးယား ဖျက်သိမ်းရေး ဆွေးနွေးပွဲများကျင်းပရန် ကမ်းလှမ်းမှုသည် အပြုသဘောဆောင်ပြီး ရိုးဖြောင့်မှုရှိသည်ဟု အမေရိကန်သမ္မတ ထရမ့်က မှတ်ချက်ပေးကာ အင်္ဂါနေ့တွင် ကြိုဆိုလိုက်သည်။

ယခုကဲ့သို့ သံတမန်ရေး တိုးတက်မှုများအတွက် ဝါရှင်တန်၏ အလွန့်အလွန် ပြင်းထန်သော အရေးယူပိတ်ဆို့မှုများနှင့် တရုတ်နိုင်ငံ၏ ကြီးမားသော အကူအညီတို့ကို ထရမ့်က အမွှန်းတင်ချီကျူးလိုက်ပြီး ကင်မ်နှင့် သမိုင်းဝင်တွေ့ဆုံရေးကို မှတ်ချက်ပေးရန် ငြင်းဆန်ခဲ့သည်။

“မြောက်ကိုရီးယားအရေးမှာ ကျုပ်တို့ ခရီးအရှည်ကြီးလာခဲ့ရပြီ။ ကျုပ်တို့ တစ်ခုမဟုတ်တစ်ခု လုပ်မှဖြစ်တော့မယ်။ ဒီအနေအထားကို အပျက်မခံနိုင်ဘူး”ဟု ထရမ့်က ပြောကြားသည်။

မြောက်ကိုရီးယား ခေါင်းဆောင်က ၎င်းတို့နိုင်ငံကို မတိုက်ခိုက်ရန်နှင့် ၎င်းတို့ အစိုးရကို ဖြုတ်ချခြင်းမပြုရန် အမေရိကန် ပြည်ထောင်စုက သဘောတူပါက အစုအပြုံလိုက် ဖျက်ဆီးနိုင်သည့် လက်နက်များ စွန့်လွှတ်ရေးကို စဉ်းစားရန် လိုလားမှုရှိသည်ဟု သိရှိရသည်။

ခေါင်းဆောင်လေး ကင်ဂျုံအန်း၏ ဖအေတူမအေကွဲအစ်ကို ကင်ဂျုံနမ်သည် ၂၀၁၇ ဖေဖော်ဝါရီလ ၁၃ ရက်က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်တွင် အမျိုးသမီးနှစ်ဦးက VX ဓာတုအဆိပ်ဖြင့် ပက်ဖြန်းမှုကြောင့် သေဆုံးခဲ့ရသည်။

ပင်တဂွန်က မြောက်ကိုရီးယားသည် အာရုံကြော၊ အရည်ကြည်ဖု၊ သွေးကြောနှင့် အသက်ရှူလမ်းကြောင်း ဘေးသင့်စေသော ဓာတုအဆိပ်များကို ထုတ်လုပ်စုဆောင်းထားသည်ဟု ယခင်ကတည်းက ပြောကြားခဲ့သည်။

ပြုံယမ်းကမူ ထိုစွပ်စွဲချက်များကို ငြင်းဆန်ခဲ့ပြီး ၎င်း၏ နျူကလီးယားအစီအစဉ်ကို ဆန့်ကျင်ကန့်ကွက်ရာတွင် အသုံးပြုသော အကွက်များသာဖြစ်သည်ဟု ပြောကြားထားသည်။ 

F-04

  • VIA