News

POST TYPE

EDUCATION

အချက်လေးချက် ဆက်ဆွေးနွေးခွင့်ပေးရန် ကျောင်းသားများတောင်းဆို
12-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၁

ဗကသကျောင်းသားများ ကျောင်းထုတ်ခံရမှု ကျောင်းပြန်တက်ခွင့်ပြုသော်လည်း သဘောတူရန်ကျန်သည့် အချက်လေးချက်ကို ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူများအနေနှင့် ဆက်ဆွေးနွေးခွင့်ပေးရန် ကျောင်းပြန်တက်ခွင့်ရရှိရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီက ဖေဖော်ဝါရီလ ၁၁ ရက်တွင် တောင်းဆိုသည်။

ကျောင်းပြန်တက်ခွင့်နှင့် တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ပါ စည်းကမ်းများ ပယ်ဖျက်၊ ပြင်ဆင်ရန် သဘောတူပြီးဖြစ်သော်လည်း ကျောင်းထုတ်သည့် အမိန့်စာများ ပယ်ဖျက်ရန်၊ မည်သည့်ဌာနက ဆောင်ရွက်သည်ကို ချပြရန်၊ မန္တလေးတိုင်းအစိုးရအဖွဲ့ ဖြိုခွင်းမှုကို ဖြေရှင်းပေးရန်နှင့် သမဂ္ဂရုံးခန်း ပြန်ပေးရေးအချက်များ ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေခြင်းဖြစ်သည်။

ကျန်ရှိသည့်အချက်များ ဆက်ဆွေးနွေးရန် ပညာရေးဝန်ကြီး၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်/ချုပ်၊ ဒုညွှန်/ချုပ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စားလှယ်တစ်ဦး၊ မန္တလေးတိုင်းအစိုးရအဖွဲ့၊ ရတနာပုံနှင့် မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ်များနှင့် ရမည်းသင်း နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ကို တွေ့ဆုံခွင့်တောင်းထားခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၂ ရက်မှ ၁၆ ရက်တွင်း တွေ့ဆုံညှိနှိုင်းလိုသဖြင့် ပညာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁၄ ရက် နောက်ဆုံးထား အကြောင်းပြန်ပေးရန် တောင်းဆိုထားခြင်းဖြစ်သည်။ သို့သော် ဝန်ကြီးဌာနအနေနှင့် အကြောင်းမပြန်လျှင် မည်သို့ဆက်လုပ်မည်ကို လတ်တလော မပြောနိုင်သေးကြောင်း ညှိနှိုင်းရေးကော်မတီဝင် ကိုအောင်ခိုင်မင်းက ပြောဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းက ကျောင်းသားများထံမှ တွေ့ဆုံညှိနှိုင်းခွင့်တောင်းဆိုသည့် စာမရရှိသေးဘဲ စာရရှိလျှင် ပညာရေးဝန်ကြီး၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၁ ရက်၊ နေ့လယ်ပိုင်းတွင် The Voice သို့ ပြောကြားသည်။

ဇန်နဝါရီလ ၂၂ ရက်မှ ၂၄ ရက်ထိ ရတနာပုံတက္ကသိုလ်ဝင်းအတွင်း ပညာရေးအသုံးစရိတ် တိုးမြှင့်သုံးစွဲပေးရန် တောင်းဆိုခဲ့သည့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်မှ ကျောင်းသား၊ ကျောင်းသူ ၇၂ ဦးအနက် ၅၆ ဦးကို ကျောင်းစည်းကမ်းဖောက်ဖျက်မှုနှင့် အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာ ပြစ်မှုများဖြင့် ကျောင်းမှထုတ်ပယ်ခဲ့သည်။

ထို့နောက် မကွေးတိုင်းဝန်ကြီးချုပ်က ကျောင်းမှထုတ်ပယ်ခံရသော ကျောင်းသားများ ကျောင်းပြန်တက်ခွင့်ပေးရန် ပညာရေးဝန်ကြီးဌာနထံ တောင်းဆိုခဲ့သဖြင့် ပညာရေးဝန်ကြီးဌာန ကိုယ်စားလှယ်များက ကျောင်းသားများနှင့် ဆွေးနွေးရာ ဖေဖော်ဝါရီလ ၈ ရက်တွင် ကျောင်းထုတ်ခံ ကျောင်းသားအားလုံး မည်သည့်ခံဝန်ကတိမျှ ပေးရန်မလိုဘဲ ပုံမှန်အတိုင်း ကျောင်းပြန်တက်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ 

J-19


  • VIA