News

POST TYPE

EDUCATION

ထိုင်းနိုင်ငံပညာရေးစနစ် ဆန်းစစ်ချက်
10-Feb-2018 tagged as ပညာရေး ထိုင်း



ထိုင်းနိုင်ငံပညာရေးစနစ်တွင် ဝေဖန်မှုတွေ ညံနေလောက်အောင် ကြားနေရသည်။ နိုင်ငံတော်က ကျင်းပနေသည့် O-Net ဟုခေါ်သော Grade 12  တန်းအတွက် Ordinary National Educational Test ကို လေ့လာသုံးသပ်ကြည့်လျှင် အဖြေဖြစ်သည်။ ကျောင်းသားများ၏ ဘာသာရပ်ဆိုင်ရာ တစ်ဘာသာချင်းစီ၏ ရမှတ်များက သတ်မှတ်ထားသည်ထက်ပင် လျှော့ကျနေသည်။ ထိုင်းဘာသာစကား စစ်ဆေးမှုတွင် ၅၀ ရာခိုင်နှုန်းအထက်ရမှ အအောင်ပေးရန် ဖြစ်သော်လည်း ကျောင်းသားတွေက အမှတ်ပြည့်ရအောင်ပင် ဖြေဆိုနိုင်စွမ်းမရှိကြောင်း တွေ့လာရသည်။ 

ကမ္ဘာ့ဘဏ် အစီရင်ခံစာအရ ထိုင်းနိုင်ငံမှ အသက် ၁၅ နှစ်အရွယ် ၃၂ ရာခိုင်နှုန်းသည် ထိုင်းစာကိုပင် ကျွမ်းကျင်စွာမတတ်ဟု ဆိုထားသည်။ ဆိုလိုသည်က စာဖတ်စွမ်းရည်မှာ များစွာနိမ့်ကျနေပြီး သာမန်အလုပ်များကို လျှောက်ရာ၌ပင် စာကောင်းစွာ ရေးဖြည့်မတတ်ကြောင်း တွေ့နေရသည်ဟု ဆိုထားသည်။ 

နိုင်ငံတကာအဆင့် ကျောင်းသားများနှင့် နှိုင်းယှဉ်ကြည့်လျှင်လည်း တစ်ဦးချင်းစွမ်းရည်တွင် ထိုင်းနိုင်ငံက ကျောင်းသားများသည် ဗီယက်နမ်၊ မလေးရှား၊ စင်ကာပူနိုင်ငံများမှ ကျောင်းသားများထက်ပင် နိမ့်ကျနေကြောင်း တွေ့ရသည်။ နိုင်ငံတကာ တိုင်းတာစစ်ဆေးမှု PISA စာမေးပွဲတွင် ထိုင်းနိုင်ငံသည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း ထိုနိုင်ငံများကို ကျော်လွှားနိုင်မှုမရှိခဲ့ခြင်းက အဖြေဖြစ်သည်။ အိမ်နီးချင်း ဗီယက်နမ်နိုင်ငံကိုပင် မမီသည့် အနေအထားဖြစ်သည်။

ထိုင်းနိုင်ငံ ပညာရှင်များကလည်း မိမိတို့နိုင်ငံ၏ ပညာရေးနိမ့်ကျနေမှုကို ကောင်းစွာရှုမြင်နိုင်ကြပါသည်။ သို့သော် နှစ်ပေါင်းများစွာ ပညာရေးပြုပြင်ပြောင်းလဲရန် စွမ်းအား၊ အားထုတ်မှု၊ ရင်းမြစ်တွေကို တစ်ခုမှ ထုတ်မသုံးသည့်အပြင် ပညာရေးကို ပုံစံပြောင်းရန်ပင် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိကြောင်း တွေ့ရသည်။ ၁၉၉၉ ခုနှစ်က အမျိုးသားပညာရေး ဥပဒေကို ပြဋ္ဌာန်းအတည်ပြုခဲ့ပါသည်။ သို့သော် ယနေ့တိုင် ကောင်းမွန်သည့် ရလဒ်တစ်ခုကို အကောင်အထည် မဖော်နိုင်သေးကြောင်း တွေ့ရသည်။

ထိုင်းပညာရေးစနစ်၏ မအောင်မြင်ရခြင်း အဓိကအချက်ကို ပြန်လည်လေ့လာသုံးသပ်လျှင် သင်ကြားနည်းဆိုင်ရာ နည်းစနစ်များသည် မထိရောက်ခြင်း လည်းပါသည်။ ကျောင်းစာသင်ခန်းထဲတွင် ယနေ့တိုင် Top-down စနစ်ဖြစ်သည့် ဆရာကိုဗဟိုပြုနေမှုကို မဖျောက်နိုင်သေး။ ကျောင်းသားနှင့်ဆရာ အပြန်အလှန် ဆွေးနွေးသင်ကြားမှုမျိုးကို မကျင့်သုံးနိုင်သေးပေ။ နှစ်ပေါင်းများစွာ ကျင့်သုံးနေသော ဆရာပြောတာ နားစိုက်ထောင်ကြဆိုသည့် စနစ်အတိုင်း သွားနေကြသေးသည်။ ဆရာက အတန်းထဲဝင်လာလျှင် အတန်းရှေ့၌ မတ်တတ်ရပ်နေသည်။ 

သူကိုယ်တိုင် အားလုံးကို သိထားသူဟုထင်နေပြီး ပညာရှိကြီးပုံစံဖြင့် သင်ကြားနေသည်။ ကျောင်းသားတွေကို ငါပြောသလိုလုပ်စိတ်မျိုးဖြင့် သင်နေသောကြောင့် ကျောင်းသားတွေကလည်း သူသင်သမျှ စိတ်ဝင်စားမှု ရှိချင်မှရှိကြသည်။ 

ပိုဆိုးသည်က အတန်းတိုင်းတွင် ဆရာတွေက ရှိချင်မှရှိနေခြင်း ဖြစ်သည်။ The Quality Learning Foundation အစီရင်ခံစာတွင် ထိုင်းနိုင်ငံဆရာတွေလည်း ကျောင်းပြေးကြသည်။ ဆရာ ၄၂ ရာခိုင်နှုန်းခန့် သည် စာသင်ခန်းအပြင်တွင် ရှိနေကြသည်ဟု ဆိုသည်။ 

ထို့ထက်ဆိုးသည်က ထိုင်းနိုင်ငံကျောင်းများတွင် ပြဋ္ဌာန်းထားသည့် သင်ရိုးတွေက ကျောင်းသားနှင့်မမျှအောင် များလွန်းနေခြင်းဖြစ်သည်။ များလွန်းသောကြောင့် အချို့အခန်းတွေကို ခေါင်းစဉ်လောက်သာ သင်ကြသည်။ သင်သည့်စနစ်ကလည်း ယနေ့တိုင် အလွတ်ကျက်ခိုင်းနေသေးသည်။ နားလည်အောင် သင်ခြင်းထက်၊ အလွတ်ကျက်ပြန်ဆို စစ်ဆေးခြင်းများကို လုပ်နေကြသေးသဖြင့် မအောင်မြင်ရခြင်းဖြစ်သည်။ 

ထိုင်းနိုင်ငံပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်အတွက် ဘာတွေလိုအပ်နေသနည်း။ ဆရာဗဟိုပြု စနစ်ဖြစ်သည့် Top-down မှသည် ကျောင်းသားဗဟိုပြုစနစ်ဖြစ်သည့် Bottom-up စနစ်ကို ပြုပြင်ပြောင်းလဲရန် အရေးတကြီးလိုအပ်နေသည်။ ထို့ပြင် ထိုင်းပညာရေးစနစ်တွင် အားကောင်းနေသည့် ဗဟိုဦးစီးချုပ်ကိုင်ထားမှုကို ဖြေလျှော့ပေးရန်လိုသည်။ ၁၉၉၉ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် အမျိုးသားပညာရေး ဥပဒေသည် ဗဟိုဦးစီးချုပ်ကိုင်မှုကို ရှေ့တန်းတင်ထားခြင်းအား ပယ်ဖျက်ထားပါသည်။ သို့သော် ပညာရေးစနစ်က ယနေ့တိုင် ဗျူရိုကရက်ဆန်ဆန် ဖြေရှင်းမှုများကို ရင်ဆိုင်နေကြရသေးသည်။ ပညာရေးကို ဖြေလျှော့ပေးရမည့် ကိစ္စများတွင် ဖြေလျှော့ပေးရန် လိုနေပါသေးသည်။ ယနေ့အထိ ထိုင်းနိုင်ငံပညာရေးစနစ်၏ ပြဿနာမှာ ပြုပြင်ပြောင်းလဲရန် မည်သူကမှလည်း တာဝန်မခံ၊ တာဝန်မယူရဲသေးခြင်း ဖြစ်သည်။ 

ပညာရေးပြုပြင်ပြောင်းလဲမှုတွင် အစိုးရရော ပုဂ္ဂလိကပါ ပူးပေါင်းပါဝင်ရန် လိုအပ်နေပါသည်။ ပညာရေးတွင် အစိုးရသာတာဝန်ရှိသည် ဆိုသော်လည်း အစိုးရတစ်ခုတည်း မပြောင်းလဲနိုင်ပါ။ နိုင်ငံတော်၊ ကျောင်း၊ မိသားစု၊ ပုဂ္ဂလိကအခန်းကဏ္ဍ၊ အဖွဲ့အစည်းများကအစ ဘာသာရေးအဖွဲ့အစည်းများအထိ အားလုံးပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် လိုအပ်နေပါသည်။ ပြောင်းလဲမှုတစ်ခုသည် အားလုံးပူးပေါင်းပါဝင်မှ ပြောင်းလဲ၍ရနိုင်မည့် အနေအထားတွင်ဖြစ်သည်။ 

ထိုင်းနိုင်ငံပညာရေးစနစ်တွင် ဆရာနှင့်ကျောင်းသားများ၏ ခံယူချက်နှင့် အတွေးအမြင်တွေကလည်း အရေးကြီးသေးသည်။ 

ပညာရေးပြုပြင်ပြောင်းလဲမှုတွင် အဓိကကျသူများမှာ ဆရာနှင့်ကျောင်းသားများ ဖြစ်သည်။ ဆရာတွေကလည်း အသိပညာ၊ အတတ်ပညာ၊ နည်းပညာတွေကို ပြုပြင်ပြောင်းလဲမှ ဖြစ်တော့မည်ဟု ခံယူထားရန်လိုသလို၊ တပည့်တွေကိုလည်း ခေတ်စနစ်နှင့်လျော်ညီသည့် ကမ္ဘာ့ပညာရေးအဆင့် တစ်ခုရောက်အောင် ပြုပြင်ပြောင်းလဲပေးလိုသည့် စိတ်ဓာတ်တွေရှိရန်လိုသည်။ ထိုသို့ဖြစ်ရန်အတွက် ဆရာတွေကိုယ်တိုင်က ကိုယ့်ကိုယ်ကိုယ် စတင်ပြုပြင် ပြောင်းလဲကြရမည်ဖြစ်သည်။ 

ပညာရေး ပြုပြင်ပြောင်းလဲရေးဆိုသည်မှာ လေထိုးလေစိုက်လုပ်၍ မရ။ ပညာရေးအတွက် ဘတ်ဂျက်တွေကလည်း လိုအပ်သေးသည်။ ဘတ်ဂျက်က မည်မျှစိုက်ထုတ်သည်ဖြစ်စေ ပညာရေးဆိုသည်မှာ ပြန်မရနိုင်သည့် ရင်းနှီးမြှုပ်နှံမှုဟု ခံယူနေလျှင်လည်း အောင်မြင်မည်မဟုတ်။ 

ပညာရေးဆိုသည်မှာ အနာဂတ်အတွက် ရင်းနှီ့းမှုပ်နှံခြင်းဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်ထားရန်လိုသည်။ 

E-01
(Ref: Bangkok Post)