News

POST TYPE

EDUCATION

ဖင်လန်တွင် အဘယ်ကြောင့် ခုနစ်နှစ်မှ ကျောင်းတက်ခိုင်းသနည်း


“အကောင်းဆုံးပညာရေးဖြင့်သာ အကောင်းဆုံးဘဝနှင့် အကောင်းဆုံးလောကကို တည်ဆောက်နိုင်သည်”

ဖင်လန်နိုင်ငံတွင် နေထိုင်ကြသူအပေါင်းသည် မည်သည့်အသက်အရွယ်မဆို ပညာကို တန်းတူညီမျှ ခံစားခွင့်ရရှိပိုင်ခွင့်ရှိကြောင်း ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက သတ်မှတ်ပြဋ္ဌာန်းထားသည်။ 

သို့သော် ဖင်လန်နိုင်ငံ၏ ကျောင်းနေနှစ် သတ်မှတ်ပြဋ္ဌာန်းချက်က အသက် ၇ နှစ်ဖြစ်သည်။ ၇ နှစ်မှ ကျောင်းစတက်ခွင့်ပြုထားသော်လည်း စာမေးပွဲမရှိ၊ အဆင့်သတ်မှတ်ခြင်းမရှိ၊ စစ်ဆေးရေးမဝင်၊ စံပြကျောင်းဟူ၍လည်း မသတ်မှတ်။ ဖင်လန်တွင် အစိုးရကျောင်းတွေများပြီး ပုဂ္ဂလိကကျောင်းတွေက အနည်းငယ်သာရှိသည်။ ကျောင်းရောက်သည့် အခါတွင်လည်း ၄၅ မိနစ်သင်ကြားပြီးတိုင်း ၁၅ မိနစ်နားခိုင်းသည့်စနစ်ကို ကျင့်သုံးသည်။

“ပညာသင်ယူတာဟာ ပျော်စရာကောင်းပါတယ်။ ကျွန်မတို့ကတော့ ကလေးကို ကလေးလိုပဲ သဘောထားပြီး သင်တယ်”ဟု ဖင်လန်နိုင်ငံပညာရေး အေဂျင်စီမှ ခရစ္စတီးနားဗိုမာရီက ဆိုသည်။ 

ဖင်လန်နိုင်ငံတွင် ပြဋ္ဌာန်းထားသည့် သင်ရိုးများက လူတစ်ဦးချင်းစီ၏ ကျွမ်းကျင်တတ်မြောက်မှုကို အလေးထားကြောင်းတွေ့ရသည်။ 

“ကျွန်မတို့က ကလေးတွေ သင်ယူနိုင်မှုကို အလေးထားခိုင်းတယ်။ ကလေးတွေကို စာမေးပွဲစစ်ဖို့ အလေးမထားဘူး။ ကျောင်းသားတွေကို အဆင့်သတ်မှတ်တာ၊ ကျောင်းတွေကို အဆင့်အတန်းခွဲတာတွေလည်း မယုံကြည်ဘူး”ဟု သူက ဆိုသည်။ 

ဖင်လန်ပညာရေးစနစ်က ပျော်ပျော်ရွှင်ရွှင် ပညာသင်ယူနိုင်ရေးဖြစ်သည်။ ကျောင်းလာပြီး စိတ်မဆင်းရဲစေရ၊ ကျောင်းလာခြင်းသည် အချင်းချင်း ပျော်ပျော်ရွှင်ရွှင်နေထိုင်ပြီး ပညာရှာနိုင်ရေးသာဖြစ်သည်။ သူတို့ပျော်ရွှင်စွာ ပညာရှာနိုင်ရေးသည် ကုန်ထုတ်လုပ်မှုအတွက် အတွေးအေခ်ါများ ဖွံ့ဖြိုးတိုးတက်ရန်ဖြစ်သည်။ ထို့ကြောင့်လည်း သူတို့ပညာရေးစနစ်က လွတ်လပ်သော၊ တီထွင်ဖန်တီးနိုင်စွမ်းရှိသော၊ ပညာကိုမြတ်နိုးသော အနေအထားတစ်ခုကို ရောက်အောင်ဖန်တီးနေသည်။ သူတို့ သင်ကြားနေသည့် ပညာရေးက အနာဂတ်၏ ကမ္ဘာ့လမ်းကြောင်း ပညာရေးဖြစ်သည့် နည်းပညာနှင့်စက်ရုပ်စနစ်များ တီထွင်ဖော်ထုတ်နိုင်ရေး လမ်းကြောင်းကို လိုက်နေသည့် ပညာရေးဖြစ်သည်။

OECD နိုင်ငံများအတွင်း ဖင်လန်နိုင်ငံ၏ PISA စာမေးပွဲရလဒ်မှာ ထိပ်ဆုံးနေရာယူထားသည်က နှစ်ပေါင်း ၂၀ ခန့် ရှိတော့မည်ဖြစ်သည်။ 

စာပေ၊ သင်္ချာ၊ သိပ္ပံနှင့်ကလေးများ၏ ပြဿနာဖြေရှင်းနိုင်စွမ်းများက အားလုံးထက် သာလွန်နေသည်။ ထိုအချက်များကပင် ကမ္ဘာကိုကျော်လွှားနေသည့် ပညာရေးစနစ်ဖြစ်နေကြောင်း ထင်ရှားသည်။ ဖင်လန်သည် ၂၀၁၅ ခုနှစ် PISA စာမေးပွဲ ကမ္ဘာ့အဆင့်တွင်ပင် နံပါတ် ၁၂ နေရာ၌ ရှိသည်။ 

ယခုဆိုလျှင် ဖင်လန်နိုင်ငံ၏ ပညာရေးနည်းစနစ်ကို လက်ခံကျင့်သုံးနေသော ကမ္ဘာ့နိုင်ငံပေါင်းများစွာ ရှိနေပြီဖြစ်သည်။ 

တစ်နည်းဆိုရလျှင် ဖင်လန်ပညာရေးသည် နိုင်ငံခြားပို့ကုန်ပစ္စည်းတစ်ခု ဖြစ်လာသည်။ နိုင်ငံတကာကလည်း ပုံတူကူးချယူရန်အထိ အားထုတ်ကာ မိမိတို့နိုင်ငံ၏ ပညာရေးစနစ်ထဲသို့ သွတ်သွင်းရန် ကြိုးစားနေကြသည်။ ဩစတြေးလျနိုင်ငံဆိုလျှင် ဖင်လန်နိုင်ငံ၏ ဆရာအတတ်သင်စနစ်နှင့် ဆရာရွေးချယ်ခန့်ထားပုံ စနစ်များကို အတိအကျ လိုက်နာကျင့်သုံးနေသည်။ 

“ကျွန်တော်တို့က ကလေးတစ်ဦးချင်းရဲ့ သင်ယူလိုမှုကို အထောက်အပံ့ပေးနိုင်အောင် ကြိုးစားတယ်။ သူတို့ ဘာတွေလိုအပ်သလဲ။ သူတို့လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့ကြိုးစားတယ်။ ကျောင်းလာတဲ့ ကျောင်းသားတိုင်းမှာ တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချက်တွေ မတူညီကြဘူး။ ဒါကြောင့် ကလေးတိုင်းအတွက် အထူးပညာရေးဆိုတာ လိုအပ်တယ်။ ပညာရေးပေါ်လစီဆိုတာ ကလေးတွေရဲ့ အောင်မြင်မှုနဲ့ တိုင်းတာရတယ်။ ပညာရေးဆိုတာ မိဘတွေ ချမ်းသာတာ၊ မချမ်းသာတာနဲ့ ဘာမှမဆိုင်ဘူး”ဟု ဖင်လန်နိုင်ငံ ပညာရေးကျွမ်းကျင်ပညာရှင် ပါစီရှဲလ်ဘတ်က ဆိုသည်။

ဖင်လန်နိုင်ငံက ရေခဲမှတ်အောက်ရောက်နေသည့် နှင်းတောထဲတွင် ကလေးတွေ ကစားနေကြသည်။ သူတို့ကျောင်းတွေက အချိန်မရွေး ကစားခွင့်ပေးထားသည်။ ကလေးတွေကို ကစားခွင့်ပေးထားခြင်းမှာ လူမှုပေါင်းသင်းဆက်ဆံရေး ကောင်းရန်ဖြစ်သည်။ သူတို့အချင်းချင်း ပေါင်းသင်းဆက်ဆံရေး ကောင်းပြီး ပူးပေါင်းဆောင်ရွက်တတ်ရေးက သူတို့ပညာရေးတွင် အရေးကြီးသည်။

ကလေးတွေအားလုံးသည် မိဘနှင့်ဆရာများ ကြားတွင်ထိုင်ပြီး သူတို့ အနာဂတ်ပညာရေးကို ကိုယ်တိုင်အကွက်ချကြသည်။ 

ခေါင်းသုံးခေါင်းဆိုင်သည် ဆိုသော်လည်း ကလေးဖြစ်ချင်သည်ကို ဦးစားပေး ရွေးချယ်ကြသည်။ ကလေးကိုပြောခိုင်းပြီး ကလေးဖြစ်ချင်သည် လိုက်လုပ်ပေးကြသည်။ 

ဖင်လန်နိုင်ငံတွင် Basic Education Act အဖြစ် ထုတ်ပြန်ထားသည်။ စာမျက်နှာ ၂၄ မျက်နှာရှိသည့် ထိုဥပဒေသည်ပင် ဖင်လန်နိုင်ငံ၏ ပညာရေးပန်းတိုင်ဖြစ်သည်။ ကျောင်းနှင့်ကျောင်းသားများသည် ထိုဥပဒေအတိုင်း အကောင်အထည်ဖော်ပေးနိုင်ရန် ကြိုးစားနေခြင်းကပင် ဖင်လန်ပညာရေး၏ အောင်မြင်မှုဖြစ်သည်။ 

ဖင်လန်နိုင်ငံပညာရေး၏ အားသာချက်မှာ ကျောင်းများတွင် နေ့လယ်စာ အခမဲ့ကျွေးခြင်းဖြစ်သည်။ မူကြိုတန်းများတွင် ဘူဖေးသဘောဖြင့် ကိုယ်ကြိုက်သည်ကို ယူစားနိုင်ရန် စီစဉ်ပေးထားသည်။ စားသောက်တော့လည်း ကိုယ်တိုင်ယူစားစနစ်၊ အပြင်ထွက်ကစားလျှင်လည်း ကိုယ်တိုင် ကိုယ့်အနွေးထည်ကိုယ် ယူဝတ်စေခြင်းကပင် ကိုယ့်အားကိုယ်ကိုးတတ်စေရန် ပုံစံစချပေးနေခြင်းဖြစ်သည်။ 

ဖင်လန်နိုင်ငံ၏ ပညာရေးသည် တီထွင်မှု အားကောင်းစေရေးအပေါ် အလေးအနက်ထားသည်။ ထို့ကြောင့်လည်း စာကျက်ပြီး စာမေးပွဲနှင့် အဆုံးအဖြတ်ခံ စက်ရုပ်ကျောင်းသားတွေကို မွေးထုတ်ပေးမည့်အစား၊ ကိုယ်တိုင်က စက်ရုပ်ထုတ်ချင်သည့် ကျောင်းသားတွေ ဖြစ်အောင်လုပ်သည်။ 

တီထွင်မှုကို ဖျက်ဆီးရာရောက်သည့် စာကျက်ပြီး အအောင်ပေးနေသော စာမေးပွဲစနစ်ကို သူတို့က တိုက်ဖျက်နေခြင်းဖြစ်သည်။

ဖင်လန်နိုင်ငံက ဆရာတွေက သူတို့နိုင်ငံမှ ပညာရေးစနစ်ကို ဒီမိုကရေစီအပြည့်အဝရှိသော ပညာရေးစနစ်ဟု ပြောကြသည်။ ဆရာမ ခရစ္စတီးနာ ဗိုမာရီက -

“ကွန်ပျူတာတွေပေါ်လာတော့ ပြဿနာပေါင်းစုံကို ချက်ချင်း ဖြေရှင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ လူသားရဲ့ စိတ်ခံစားချက်နဲ့ တီထွင်ဖန်တီးလိုစိတ်တွေကိုတော့ ကွန်ပျူတာတွေက မဖန်တီးပေးနိုင်ပါဘူး။ အနာဂတ်မှာ မျိုးဆက်သစ်တွေကို သင်ယူမှုအပေါ် မြတ်နိုးတွယ်တာစိတ် ဖြစ်လာအောင် လုပ်ပေးဖို့၊ ဘဝတစ်လျှောက်လုံး သင်ယူလေ့လာခြင်းကို မြတ်နိုးသွားအောင် လုပ်ပေးဖို့လိုပါတယ်”ဟု ဆိုသည်။

ဖင်လန်ပညာရေးစနစ် ခံယူချက်က ကျောင်းကို စိတ်ပျက်ရန်မဟုတ်၊ ကျောင်းကို လွတ်လပ်စွာ ကိုယ်ရှာချင်သည့်ပညာကို လာရောက်ဖွေရှာနေသည့် နေရာတစ်နေရာဟု မှတ်ယူရန်သာဖြစ်သည်။ ထို့ကြောင့် ၇ နှစ်မှ ကျောင်းကစတင်ပြီး ကိုင်တွယ်သည်။

E-01
(Ref: Finland's education lessons for the future, Brett Mason)