News

POST TYPE

EDUCATION

ကျောင်းထုတ်ခံကျောင်းသားများ ပုံမှန်အတိုင်းကျောင်းပြန်တက်ခွင့်ရရှိ
08-Feb-2018

ရန်ကုန်၊ ဖေဖော်ဝါရီ ၈

ကျောင်းစည်းကမ်း ဖောက်ဖျက်မှုဆိုင်ရာနှင့် အကျင့်စာရိတ္တပျက်ပြားမှုဆိုင်ရာ ပြစ်မှုများကြောင့် ကျောင်းမှထုတ်ပယ်ခံရသည့် ကျောင်းသားများကို အသနားခံစာတင်ရန်မလိုဘဲ ပုံမှန်အတိုင်း ကျောင်းပြန်တက်ခွင့်ပေးရန် သဘောတူညီမှုရရှိခဲ့ကြောင်း ကျောင်းသားများ ကျောင်းပြန်တက်ခွင့်ရရေး ညှိနှိုင်းကော်မတီထံမှ သိရသည်။

ယနေ့ ဖေဖော်ဝါရီလ ၈ ရက်တွင် ကျောင်းထုတ်ခံ ကျောင်းသားများ ကျောင်းပြန်တက်ခွင့်ရရှိရေး ညှိနှိုင်းကော်မတီနှင့် အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသိန်းဝင်းနှင့် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းတို့နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ ထိုသို့ သဘောတူညီမှု ရရှိခဲ့ကြောင်း ယင်းကော်မတီထံမှ သိရသည်။

ယင်းကော်မတီအဖွဲ့ဝင် ကိုအောင်ခိုင်မြင့်က “ကျောင်းသားတွေကို ပုံမှန်အတိုင်းပဲ ဘာမှ လက်မှတ်ထိုးစရာမလိုဘူး။ ဒီတိုင်း ကျောင်းပြန်တက်ခွင့်ရမယ်လို့ ညှိနှိုင်းမှုရခဲ့တယ်”ဟု  ပြောကြားသည်။

အဆိုပါ တွေ့ဆုံညှိနှိုင်းမှုကို မကွေးတိုင်းအစိုးရဖွဲ့၏ ကူညီမှုဖြင့် မကွေးတိုင်းဝန်ကြီးရုံးတွင် ပြုလုပ်ခဲ့ပြီး အသနားခံစာတွင် ဝန်ခံကတိ လက်မှတ်ရေးထိုးရန် အမလိုအပ်ဘဲ ကျောင်းကို ပုံမှန်အတိုင်း ပြန်လည်တက်ခွင့်ရရှိမည်ဖြစ်ပြီး လာမည့်နှစ် တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ကျောင်းသား၊ ကျောင်းသူများ၏ အခွင့်အရေးကို တားဆီးပိတ်ပင်ထားသည့် ဥပဒေပြစ်မှုများကို ပယ်ဖျက်ရန် သဘောတူညီမှုရရှိခဲ့ကြောင်း ညှိနှိုင်းကော်မတီထံမှ သိရသည်။

ရတနာပုံ တက္ကသိုလ်ဝင်းအတွင်း ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရန် ဆန္ဒထုတ်ဖော် တောင်းဆိုခဲ့သဖြင့် ဇန်နဝါရီလ ၂၆ ရက်မှစတင်၍ ကျောင်းသား၊ ကျောင်းသူ ၅၆ ဦးကျောင်းမှ ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။

ထို ကျောင်းထုတ်ခံ ကျောင်းသားများအနေနှင့် ကျောင်းစည်းကမ်းနှင့် အကျင့်စာရိတ္တဆိုင်ရာ စည်းကမ်းများကို ထပ်မံကျူးလွန်မည် မဟုတ်ကြောင်း အုပ်ထိန်းသူမိဘများ၏ ထောက်ခံချက်ဖြင့် အသနားခံစာတင်လျှင် ကျောင်းပြန်တက်ခွင့် ရရှိမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁ ရက်တွင် အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ကြေငြာခဲ့သည်။

J - 19

  • VIA