News

POST TYPE

EDUCATION

နန်းယွန်းတွင် စာသင်နှစ်ဝက်ကျော်သည်အထိ ပုံနှိပ်စာအုပ်အစုံမရခဲ့ဟုဆို
08-Feb-2018

ကလေး၊ ဖေဖော်ဝါရီ ၇

ဆက်သွယ်ရေးခက်ခဲပြီး ဝေးလံဒေသဖြစ်သည့် စစ်ကိုင်းတိုင်းဒေသကြီး နန်းယွန်းမြို့နယ် စာသင်ကျောင်းများတွင် ယခုပညာသင်နှစ် စာသင်နှစ်ဝက်ကျော်သည်အထိ ပုံနှိပ်စာအုပ် အစုံအလင်မရခဲ့ကြောင်း ယင်းမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးဝမ်းလှက လွှတ်တော်တွင် ပြောကြားသည်။

ဖေဖော်ဝါရီလ ၇ ရက်ကကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် နန်းယွန်းမြို့နယ်၌ ဆရာ၊ ဆရာမများမရှိသဖြင့် သင်ကြားရေးလုပ်ငန်းများ မလုပ်ဆောင်နိုင်သည့် ကျေးလက် အခြေခံပညာကျောင်းများ၌ ဆရာ၊ ဆရာမများ လုံလောက်စွာခန့်ထား၍ ပညာသင်ကြားပေးနိုင်ရေး ဆောင်ရွက်ပေးရန် ကြယ်ပွင့်ပြ မေးခွန်းမေးမြန်းရာတွင် ယင်းသို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“အခု ပညာသင်နှစ်က ကျွန်တော်တို့ နန်းယွန်းမြို့နယ်အတွက် အဆိုးရွားဆုံး ပညာသင်နှစ်ဖြစ်ပါတယ်”ဟု ပြည်သူ့လွှတ်တော်အမတ် ဦးဝမ်းလှက ပြောကြားသည်။

ယခုပညာသင်နှစ် နှစ်ဝက်စွန်းသည့်အထိ (စက်တင်ဘာလထိ) ပုံနှိပ်စာအုပ်မရှိဘဲ မူလတန်းကျောင်းများတွင် ဆရာ၊ ဆရာမတစ်ဦးတည်းကသာ ဦးဆောင်သင်ကြားနေရသည်ကို တွေ့ရှိရကြောင်း၊ ထို့ကြောင့် အခြားကျောင်းများမှ ဆရာများက ကူညီ၍ သင်ကြားသည့်အခါ ဆရာနှစ်ဦးဖြင့် သင်ကြားနေသည်မှာ ယခု အတန်းတင်စာမေးပွဲ ဖြေချိန်အထိဖြစ်ကြောင်း ဦးဝမ်းလှက ပြောဆိုသည်။

နန်းယွန်းမြို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိမ်းမောင်က “နိုဝင်ဘာလအထိ တစ်နယ်လုံး အစုံအလင် မရကြဘူး။ ဒီဇင်ဘာလမှာတော့ စာအုပ်အားလုံး ရရှိခဲ့ပါတယ်”ဟု ပြောကြားသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ပညာရေးဒုဝန်ကြီး ဦးဝင်းမော်ထွန်းက ကျေးလက်ကျောင်းများတွင် ဆရာ၊ ဆရာမများအားလုံးကို ဖွဲ့စည်းပုံ အပြည့်ခန့်ထားရေးမှာ လက်ရှိအခြေအနေအရ ခန့်ထားပေးနိုင်ခြင်း မရှိကြောင်း ဦးဝမ်းလှ၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် ယင်းသို့ ထည့်သွင်းပြောကြားခဲ့သည်။

နန်းယွန်းမြို့နယ်တွင် အခြေခံပညာ ကျောင်းပေါင်း ၁၁၇ ကျောင်းရှိပြီး အထက်တန်းကျောင်းသား ၄၉၀ ခန့်အတွက် အထက်တန်းပြဆရာ ၃၅ ဦး၊ အလယ်တန်းကျောင်းသား ၂၀၀၀ ကျော်အတွက် အလယ်တန်းပြဆရာ ၅၀ ကျော်၊ မူလတန်းဆင့် ကျောင်းသား ၁၁,၀၀၀ ကျော်အတွက် မူလတန်းပြဆရာ ၄၀၀ ခန့်ထားကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

ယခုပညာသင်နှစ်အတွက် ရာထူးတိုးပြောင်း ဆောင်ရွက်သည့် ၃ ရက် ၈ လ ၂၀၁၇ ရက်နေ့တွင် နန်းယွန်းမြို့နယ်အတွက် အထက်တန်းပြ ဆရာ၊ ဆရာမ ၅ ဦး၊ အလယ်တန်းပြ ဆရာ ၃၂ ဦး၊ နေ့စား လပေး မူလတန်းပြ ဆရာ ၂၉ ဦး အပါအဝင် စုစုပေါင်း ဆရာ၊ ဆရာမ ၁၆၇ ဦး ဖြည့်ဆည်းခန့်ထားကြောင်း ဒုဝန်ကြီးက ပြောဆိုသည်။

R-20

  • VIA