News

POST TYPE

EDUCATION

ရှမ်းအရှေ့တွင် စာစစ်ဌာန သုံးခုထပ်တိုး


ကျိုင်းတုံ၊ ဖေဖော်ဝါရီ ၅

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့အပါအဝင် ပြည်နယ်အတွင်းရှိ မြို့နယ်သုံးခုတွင် လက်ရှိ ၂၀၁၇-၂၀၁၈ ပညာသင်နှစ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန သုံးခုထပ်တိုးထားကြောင်း ယင်းပြည်နယ် ပညာရေး ညွှန်ကြားရေးမှူးရုံးထံမှ သိရသည်။

“ကျိုင်းတုံအပါအဝင် တာချီလိတ်နဲ့ မက်မန်းမြို့မှာ စာစစ်ဌာနတစ်ခုစီ ထပ်တိုးပါတယ်၊ မက်မန်းမြို့မှာက သတ်မှတ်ကျောင်းသားဦးရေ မရှိပေမယ့် လူမှုရေးဝန်ကြီးရဲ့ ခရီးစဉ်မှာ အခက်အခဲတွေ တင်ပြကြလို့ ဒေသဖွံ့ဖြိုးရေး အထူးအစီအစဉ်အနေနဲ့ စာစစ်ဌာန ချထားပေးတာပါ”ဟု ယင်းရုံး လက်ထောက်ညွှန်ကြားရေးမှူး (ပညာ) ဦးတင့်ဆွေက ပြောကြားသည်။

 “ဝ” အထူးဒေသ (၂) နယ်မြေရှိ မက်မန်းမြို့နယ်သည် အမြင့်ပေ ၅၀၀၀ ကျော်ရှိသည့် တောင်ပေါ်ဒေသဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြောင်း၊ တက္ကသိုလ်ဝင်တန်းဖြေဆိုသည့် ကျောင်းသားများသည် ၇၃ မိုင်ကျော် ကွာဝေးသည့် မိုင်းပျဉ်းမြို့သို့ သွားရောက် ဖြေဆိုနေရသည့်အတွက် လမ်းခရီးတွင် ယာဉ်မတော်တဆမှုများ ဖြစ်ပွားသည့်အပြင် ကုန်ကျစရိတ်များ ကြီးမားကြောင်း ကျောင်းသားမိဘများက ဆိုသည်။

ပြည်နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့ အစည်းများ ရုံးစိုက်ရာ ကျိုင်းတုံမြို့အပါအဝင် မြို့နယ် ၁၁ ခုတွင် ယခင်က တက္ကသိုလ်ဝင်တန်း စာစစ်ဌာန ၁၃ ခုရှိပြီး ၂၀၁၆-၂၀၁၇ ပညာသင်နှစ်တွင် စာရင်းရှိ ကျောင်းသား ၄၇၀၁ ဦး၌ ၄၃၃၇ ဦး ဖြေဆိုကာ ၁၀၆၄ ဦး အောင်မြင်ကြောင်း၊ လက်ရှိ ၂၀၁၇ -၂၀၁၈ ပညာသင်နှစ်တွင် ကျောင်းသား ၅၂၆၅ ဦး ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

R-16