News

POST TYPE

EDUCATION

ငါးခူအဆီကို အသုံးပြုပြီး ဇီဝပလတ်စတစ်တစ်မျိုး ဗီယက်နမ်ကျောင်းသူတီထွင်
13-Jan-2018



သူ့အမည်က သီမေအန်းဖြစ်သည်။ အသက် ၂၃ နှစ်သာရှိသေးသည့် ဟနွိုင်းပညာရေးတက္ကသိုလ်မှ ကျောင်းသူလေးတစ်ဦးဖြစ်သည်။ သူတို့ဗီယက်နမ်နိုင်ငံတွင် ဘာဆာငါးဟုခေါ်သော ငါးခူတစ်မျိုးက ရရှိသည့်ဆီများကို Polyhydroxyalkanoates (PHA) ဟု ခေါ်သည့် ပလတ်စတစ်သို့ ပြောင်းလဲနိုင်သည့် သုတေသနလုပ်ငန်းကို အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့သူလည်းဖြစ်သည်။

ငါးခူမျိုးစိတ်များ၏ အဆီပြင်များကို အဆင့်ဆင့်ခွဲခြမ်းပြီးနောက် သဘာဝပတ်ဝန်းကျင်ကို ဘေးမဖြစ်စေသော ဇီဝပလတ်စတစ် (bioplastics) တစ်မျိုးကို ဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်သည်။

သီမေအန်း၏ သုတေသနတွေ့ရှိချက်ကို Euréka 2017 နည်းပညာပြပွဲတွင် ပထမဆုအဖြစ် ရွေးချယ်လိုက်သည်။ ထို Euréka 2017 ပွဲကို ဟိုချီမင်းမြို့တော် လူငယ်သမဂ္ဂအဖွဲ့က ကြီးမှူးကျင်းပခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများကို နည်းပညာနှင့်ပတ်သက်၍ တီထွင်လေ့လာအားများ တိုးတက်မြင့်မားလာစေရန် စီစဉ်ပေးခြင်းဖြစ်သည်။ ထိုပွဲသည် တက္ကသိုလ် ကျောင်းသားများ၏ သုတေသနအားနှင့် တီထွင်မှုအားကိုလည်း မြေတောင်မြှောက်ပေးသည့်အနေနှင့် စီစဉ်ကျင်းပပေးနေခြင်း ဖြစ်သည်။

ပုံမှန်ပလတ်စတစ် ထုတ်လုပ်ရာတွင် ရေနံလောင်စာများကို အခြေခံပြီး ထုတ်လုပ်ရခြင်းဖြစ်သည်။ ရေနံက ထုတ်လုပ်သည့် ပလတ်စတစ်များသည် ပျက်စီးရန်ခက်ခဲပြီး သဘာဝပတ်ဝန်းကျင်အတွက်လည်း အလွန်အန္တရာယ်များသည့် ပစ္စည်းများဖြစ်လာသည်။ ယခု သီမေအန်းတီထွင်သည့် PHA သည် သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘဲ အလိုအလျောက် ပျော်ဝင်ပူးပေါင်းသွားနိုင်မည့် microorganism ဆိုသော ဓာတ်များပါဝင်စေရန် တီထွင်ထားသည်။ 

သူက microorganism ကို မြေကြီးထဲက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယင်းကို သူက (Strains) ဗီဇများဟုခေါ်သည်။ ယင်း strain များကို microorganism များအဖြစ် ဓာတ်ခွဲခန်းတွင်ထုတ်ပြီး မျိုးစိတ်တစ်ခုရအောင် ပြုပြင်ယူလိုက်သည်။

“သမီးက Strain တွေကို ဇီဝလက္ခဏာတွေဖြစ်အောင် လုပ်ပြီးတော့ သဘာဝနဲ့ပေါင်းစပ်နိုင်အောင် တီထွင်ထားပါတယ်။ အထူးသဖြင့်တော့ ဒီလိုအနေအထားကို ရလာဖို့ ငါးခူကထုတ်ထားတဲ့ ဆီတွေကို ရောနှောပေါင်းစပ်ရပါတယ်။ အဲဒီကနေ PHA ကို ရရှိပါတယ်”ဟု ရှင်းပြသည်။

ဇီဝပလတ်စတစ်ကို လက်ရှိပလတ်စတစ် ထုတ်လုပ်နေသည့်အတိုင်း ထုတ်လုပ်နိုင်သည်။ လျှပ်စစ်ဓာတ် ဖြတ်မစီးနိုင်ခြင်း၊ အပူဒဏ်ခံနိုင်ခြင်းနှင့် စိမ့်ထွက်မှုမရှိခြင်းတို့တွင် လက်ရှိအသုံးပြုနေသည့် ပလတ်စတစ်များအတိုင်းဖြစ်သည်။ 

ဇီဝပလတ်စတစ်သည် သာမန်ပလတ်စတစ်နှင့်မခြား တွေ့မြင်ရမည်ဖြစ်သည်။ သို့သော် သဘာဝပတ်ဝန်းကျင်သို့ စွန့်ပစ်လိုက်သည့်အခါတွင် ပျော်ဝင်ပျက်စီးသွားနိုင်ခြင်းမှာ ယခင်အသုံးပြုနေသည့် ပလတ်စတစ်များထက် အားသာချက်ဖြစ်သည်။

ဟနွိုင်းဇီဝဗေဒဌာနမှ ပါမောက္ခ ဒေါက်တာ ဒွမ်ဗန်သော့က -
“သုတေသနကတော့ ဗီယက်နမ်အတွက် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းပေးနိုင်မယ့် သုတေသနဖြစ်ပါတယ်။ တီထွင်သူ ကျောင်းသူအနေနဲ့ ထုတ်လုပ်နိုင်တဲ့ အဆင့်ရောက်အောင် သုတေသနလုပ်ငန်းတွေ အများကြီး ဆက်လုပ်ဖို့ လိုပါသေးတယ်”ဟု ပြောကြားသည်။

သီမေအန်း၏ မိဘများသည့် စီးပွားရေး လုပ်ငန်းရှင်များဖြစ်ကြသည်။ သူက ကျောင်းဆရာမ ဖြစ်ချင်သည်။ အထူးသဖြင့် အထက်တန်းကျောင်းသူဘဝက သူ၏ ဓာတုဗေဒဆရာသည် သူ့အတွက် စံပြုလောက်သည့် ဆရာတစ်ဦးဖြစ်ခဲ့ရသည်။

“ဆရာက သမီးတို့ကို အစဉ်အလာအတိုင်း သင်နည်းတွေနဲ့မသင်ဘူး။ ဆရာက သမီးတို့ကို ဗီဒီယိုတွေပြတယ်။ ဓာတုဗေဒ သဘောတရားတွေရဲ့ ဓာတ်တုံ့ပြန်ချက်တွေကို သမီးတို့ အဲဒီမှာ လေ့လာကြရတယ်။ သမီးတို့ကို အလွယ်ဆုံးနဲ့ အရှင်းလင်းဆုံးဖြစ်အောင်၊ တစ်သက်လုံး မှတ်မိသွားအောင် ဆရာက သင်ပေးလိုက်တာပဲ”ဟု သူက ဆိုသည်။

သီမေအန်းသည် ဆရာသင်ပေးလိုက်သည့် နည်းကိုမှတ်ထားသည်။ သူ တက္ကသိုလ်ရောက်သည့် အခါတွင်လည်း သူက ဗီဒီယို Click များကို လိုက်ရှာပြီး သုတေသနပြုလုပ်သည်။ ၂ နှစ်တိုင် သုတေသန လုပ်နေစဉ်ကာလတွင် ဆုံးရှုံးရမှုတွေများစွာ ရင်ဆိုင်ခဲ့ရသည်။ သို့သော် အရိုးဆုံးအရှင်းဆုံးနှင့် အကောင်းဆုံးဖြစ်အောင် ဆရာက ညွှန်ကြားခဲ့သည့်အတိုင်း သုတေသနလုပ်ငန်းကို ဇွဲနှင့်လုပ်ဆောင်ရင်းက လမ်းစတွေ့ခဲ့ခြင်းဖြစ်သည်။

ယခုအခါ ဗီယက်နမ်နိုင်ငံတွင် ငါးက စွန့်ပစ်လိုက်သည့် အကြေး၊ အရိုး၊ ဆူးတောင်၊ ခေါင်း၊ အဆီများကို ဇီဝလောင်စာအဖြစ် ထုတ်လုပ်ရန် ပြင်ဆင်နေကြကြောင်း Vietnam.net သတင်းတွင် ရေးသားထားသည်။ 

(Ref: Vietnam.net)
E-01 


  • VIA