News

POST TYPE

EDUCATION

ဖက်ဒရယ် ဒီမိုကရေစီပညာရေး အသိပညာပေးရန် ပညာရေးဝန်ကြီးမှာကြား
11-Jan-2018

ရန်ကုန်၊ ဇန်နဝါရီ ၁၀

ကျောင်းသုံးဖတ်စာအုပ်များတွင် ဖက်ဒရယ် ဒီမိုကရေစီပညာရေး၊ ငြိမ်းချမ်းရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သည့် ပညာရေး အသိပညာများပေးရန် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက မှာကြားသည်။

ရန်ကုန်မြို့ တက္ကသိုလ်စိန်ရတုခန်းမတွင် ဇန်နဝါရီလ ၁၀ ရက်က ကျင်းပသည့် ပညာရေးဝန်ကြီးနှင့် ဘာသာရပ် သင်ရိုးညွှန်းတမ်း ကော်မတီဝင်များ၊ သင်ရိုးညွှန်းတမ်း ရေးဆွဲရေးအဖွဲ့များ တွေ့ဆုံပွဲတွင် ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက အထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ်သည်။ 

ကျောင်းသုံး ဖတ်စာအုပ်များတွင် ကျောင်းသားများကို စိတ်ထားကောင်းမွန်သူများ ဖြစ်စေရန်၊ အများနှင့် ပူးပေါင်းဆောင်ရွက်တတ်စေရန်၊ တာဝန်ယူ၊ တာဝန်ခံ ဆောင်ရွက်တတ်စေရန်၊ တီထွင်နိုင်စွမ်းရှိသည့် လူငယ်များဖြစ်စေရန် ပြုစုပျိုးထောင်ပေးနိုင်သည့် သင်ရိုးများ ထည့်သွင်းရေးဆွဲရမည်ဟု ဝန်ကြီးက ဆိုသည်။ 

ဖက်ဒရယ် ဒီမိုကရေစီပညာရေးနှင့် ပတ်သက်၍ ဆရာ၊ ဆရာမအချို့သည် စိမ်းလွန်းသည့် အကြောင်းအရာဖြစ်နေသဖြင့် ကြောက်နေသေးပြီး အသိပညာပေးမှု မရှိသေးသောကြောင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေသေးကြောင်း ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှု နိုင်ငံလုံးဆိုင်ရာ ကွန်ရက် (NNER) တွင် ပါဝင်ဆောင်ရွက်သူအချို့က ပြောဆိုသည်။ 

လတ်တလောတွင် ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးမူဝါဒ လက်တွေ့ကျင့်သုံးမှု မရှိသေးခြင်းနှင့် ပတ်သက်၍ NNER ကိုယ်စားပြုမှု ကော်မတီဥက္ကဋ္ဌဖြစ်သူ ဒေါက်တာသိန်းလွင်ကမူ အစိုးရအဖွဲ့ အနေနှင့် တပ်မတော်နှင့်ဆက်ဆံရေးကို ထိန်းထားလိုခြင်းကြောင့် စောင့်ဆိုင်းနေသေးခြင်း ဖြစ်နိုင်ကြောင်း သုံးသပ်ထားသည်။ 

NNER ပြုစုထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးမူဝါဒတွင် ပညာရေးဆိုင်ရာ အခြေခံမူအချက် ၁၈ ချက်ပါဝင်ပြီး ကလေးသူငယ်များ၏ ရှေးဦးသင်ပညာရေးမှစ၍ ဆရာ၊ ဆရာမများဆိုင်ရာ မူဝါဒအထိ ကဏ္ဍ ၁၂ ခု ပါဝင်ဖော်ပြထားသည်။

ဒီမိုကရေစီပညာရေး မူဝါဒပေါ်ထွက်လာရန် ၂၀၁၂ ခုနှစ်က စတင်ဆွေးနွေးခဲ့ပြီး ၄ နှစ်တာအတွင်း ဆွေးနွေးချက်များအရ ဒီမိုကရေစီ ပညာရေးမူဝါဒအစား ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးတွင် ပညာရေးမူဝါဒပါ အကျုံးဝင်စေရန် ယခုနှစ်မှစ၍ ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးမူဝါဒဟု ပြောင်းလဲခေါ်ဆိုခဲ့ခြင်း ဖြစ်သည်။


  • VIA