News

POST TYPE

EDUCATION

ထိုင်းနိုင်ငံ အမျိုးသားပညာရေး အလှည့်အပြောင်း
06-Jan-2018

x

ထိုင်းနိုင်ငံပညာရေးသည် ၂၀၁၈ ခုနှစ်တွင်လည်း စိန်ခေါ်မှုများကို ဆက်လက် ရင်ဆိုင်နေရဦးမည် ဖြစ်သည်။ အထူးသဖြင့် ဘွဲ့ရပြီးသူများ၏ လုပ်ငန်းခွင်နှင့် အံဝင်ခွင်ကျဖြစ်စေမည့် ကျွမ်းကျင်မှု (Skill) မရှိသေးခြင်းနှင့် အတွေးအမြင် (Mindset) တို့ကို ပြောင်းပေးရန် လိုအပ်နေသေးခြင်းဖြစ်သည်။ ကျောင်းဆရာ၊ ဆရာမများဘက်ကလည်း သူတို့၏ အခန်းကဏ္ဍကို ရှေ့တန်းတင် စိုးမိုးထားခြင်းအား လျှော့ချပေးနိုင်မှု မရှိသေးခြင်း၊ ပညာရှာရေးတွင် ဆရာသာ အရေးပါသည်ဆိုသည့် အစွဲများကို မချွတ်နိုင်သေးခြင်းမှာ ထိုင်းနိုင်ငံပညာရေး၏ အကြီးမားဆုံးသော စိန်ခေါ်မှု များဖြစ်သည်။

ထိုင်းနိုင်ငံပညာရေး ကျွမ်းကျင်ပညာရှင် အာသာပို အနန်သာဗိုရာဆာကာက ထိုင်းနိုင်ငံလူငယ်များ၏ နေ့စဉ်ဘဝ နည်းပညာအသုံးချမှုများမှာ အခြားနိုင်ငံများ၏ အသုံးချပုံများနှင့် ကွာခြားနေသေးကြောင်း ထောက်ပြထားသည်။ 

ချူလာလောင်ကွန်တက္ကသိုလ် ပညာရေးသုတေသနဌာနတွင် တာဝန်ထမ်းဆောင်နေသူ ဆရာအာသာပိုက - “နည်းဟောင်းတွေနဲ့ အသိပညာကို ရယူဖို့ဆိုတာ သိပ်အလုပ်မဖြစ်တော့ဘူး” ဟူ၍လည်း ထောက်ပြဝေဖန်ခဲ့သည်။

“ယနေ့လူငယ်တွေဟာ လုပ်ငန်းဆိုင်ရာ ကျွမ်းကျင်တတ်မြောက်မှုတွေ အများကြီးလိုလာတယ်။ သူတို့တွေးခေါ်မှုတွေကို အထောက်အကူပြုစေနိုင်မယ့် ဒေတာတွေကို ရအောင်လုပ်နိုင်ဖို့ သူတို့လိုအပ်နေတယ်။ ဒီခေတ်မှာ သူတို့ ဘာတွေ ဆက်လုပ်ရမလဲဆိုတာကို ပြင်ဆင်ဖို့အတွက် သူတို့မှာ အခက်အခဲတွေ အများကြီးနဲ့ရင်ဆိုင်နေရတယ်”ဟု သူက ဆိုသည်။

ယနေ့ခေတ်စီးပွားရေးက ပြုပြင်ပြောင်းလဲမှုတွေ များစွာဖြစ်ပေါ်နေသည်။ ယနေ့ခေတ်တွင် လိုအပ်နေသည်မှာ လုပ်ငန်းကြီးတစ်ခုလုံးကို ကြိုးကိုင်သွားမည့် အော်ပရေတာမဟုတ်။ စွန့်ဦးပညာရှင်သဘောဖြင့် ဦးဆောင်ပြီး လက်တွေ့အကောင်အထည် ဖော်သွားနိုင်မည့် ခေါင်းဆောင်မျိုးကို လိုအပ်နေသည်။ ထိုလိုအပ်ချက်အတိုင်း ပညာရေးစနစ်က လိုက်ပြီး ပြောင်းလဲပေးမှ ရပေလိမ့်မည်။ ဆိုလိုသည်မှာ Operator ဆိုသည့် ဦးဆောင်သူ လုပ်ငန်းရှင်တွေကိုမလို Entrepreneur ဆိုသည့် စွန့်ဦးလုပ်ငန်းရှင်တွေကို လိုအပ်နေသည့် ခေတ်ဖြစ်သည်။

ထို့ကြောင့် ခေတ်နှင့်အညီလိုအပ်သည့် တွေးခေါ်ပုံစနစ်၊ လုပ်ဆောင်နိုင်စွမ်းအသစ်တွေကို ဖော်ဆောင်ပေးနိုင်မည့် သင်ကြားနည်း စနစ်သစ်တွေလိုသည်။ ပညာရေးဆိုင်ရာ စီမံခန့်ခွဲသဘောတရားတွေကိုပါ ပြောင်းလဲပေးရပေလိမ့်မည်။

ခေတ်သစ်တွင် အမှန်တကယ်လိုအပ်နေသည့် ပညာရေးစနစ်မှာ ကိုယ်တိုင်ရွေးချယ်သင်ယူရမည့် (Self-directed Learning) ဖြစ်သည်။ ကျောင်းသားများကိုယ်တိုင် လေ့လာသုတေသနပြုပြီး၊ ဒေတာအချက်အလက်များကို ကိုယ်ပိုင်ဆန်းစစ်ခွဲခြမ်း စိတ်ဖြာနိုင်မည့် အတွေးအမြင်မျိုးတွေ လိုအပ်နေသည်။ ထို့ကြောင့် ကိုယ်တိုင်လေ့လာချင်သည့် အကြောင်းအရာကို ကိုယ်တိုင်ရှာဖွေဖော်ထုတ်၊ ကိုယ်တိုင်စီစဉ်၊ ကိုယ်တိုင်စိတ်ဖြာနိုင်မည့်စနစ်ကို ပြုပြင်ပြောင်းလဲပေးရန် လိုအပ်နေသည်။ 

ထိုင်းနိုင်ငံအတွက် ပညာရေးပြုပြင်ပြောင်းလဲမှုကို အမှန်တကယ်လိုအပ်ချက်မှာ ကိုယ်ပိုင်လွတ်လပ်စွာ ရွေးချယ်သင်ယူပိုင်ခွင့် (Autonomous Learning) လည်း ဖြစ်သည်။ ဆရာများ၏ အခန်းကဏ္ဍက ဖွံ့ဖြိုးတိုးတက်လာသည့် ဒစ်ဂျစ်တယ်နည်းပညာကို ကျောင်းသားများအား အမြန်ဆုံး ရယူလေ့လာနိုင်ရေးအတွက် အထောက်အကူပေးရန်ဖြစ်သည်။ ထိုင်းနိုင်ငံတွင် Thai Education 4.0 ဆိုသည့် ဦးတည်ချက်ကို ချမှတ်အကောင်အထည်ဖော်လျက် ရှိပါသည်။ ထိုသို့ အကောင်အထည်ဖော်ရာတွင် တီထွင်ဖန်တီးမှုများကို ဖော်ထုတ်ပြသနိုင်သည့် ပညာရေးမျိုးကို အကောင်အထည်ဖော်ပေးရန် လိုအပ်သည်။ အထူးသဖြင့် စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ဦး၏ အတွေးအမြင်မျိုး ရှိလာစေရန် လေ့ကျင့်ပေးနိုင်ရေးဖြစ်သည်။ လက်ရှိပညာရေးစနစ်က ထိုအချက်ကို အကောင်အထည် ဖော်ပေးနိုင်စွမ်း ရှိမည်မဟုတ်သောကြောင့် ဆရာကစပြီး ပြောင်းလဲရလိမ့်မည်။ ဆရာတွေကိုယ်တိုင်က နည်းပညာဆိုင်ရာ သုတေသနလုပ်မှုကို နားလည်မှ ကလေးတွေကိုလည်း ပြန်လည်သင်ပေးနိုင်ပေလိမ့်မည်။

ဆရာအာသာပိုက အစိုးရက အသက်မွေးပညာ သင်ကြားမှုအဖွဲ့ PLC (Professional Learning Community) ဖွဲ့စည်းပေးထားမှုနှင့်ပတ်သက်ပြီး ကြိုဆိုလိုက်သည်။ လက်တွေ့ကျသည့် အသက်မွေးဝမ်းကျောင်းပညာ သင်ကြားခြင်းများကို အစိုးရက လမ်းကြောင်းပေးထားခြင်းကြောင့် ဖြစ်သည်။

“PLC စနစ်ကို ကျောင်းတွေမှာ အသုံးပြုတော့မယ်ဆိုတာတော့ ကောင်းပါတယ်။ ဆရာတွေနဲ့ ကျောင်းသားတွေ အတူလက်တွဲပြီးတော့ လုပ်ငန်းနဲ့ ပတ်သက်တာတွေကို လေ့လာနိုင်ကြတော့မယ်။ အလုပ်နဲ့ပတ်သက်တာကို ဦးစားပေးပြီး အတန်းထဲမှာ ဖြေရှင်းကြတယ်ဆိုတာ ပိုပြီးတော့ကောင်းပါတယ်”ဟု သူက ဆိုသည်။ 

ထိုင်းနိုင်ငံတွင် ကျောင်းသားများ၏ အင်တာနက်သုံးနိုင်စွမ်းက ပိုပြီးတိုးတက်မြင့်မားလာသည်။ ဆရာတွေဘက်ကလည်း တိုးတက်မြင့်မားအောင် ကြံဆောင်ရပေလိမ့်မည်။ 

ထိုင်းနိုင်ငံအတွက် အမှန်တကယ် လိုအပ်နေသည့် ပညာရေးပြုပြင်ပြောင်းလဲမှုမှာ ကျွမ်းကျင်မှုကို အခြေခံသည့် သင်ရိုးများကို ပြုပြင်ပြောင်းလဲပေးရန် ဖြစ်သည်။ 

ယနေ့ခေတ်သည် ပညာကို ကျောင်းတစ်နေရာတွင်သာ ရနိုင်သည့်ခေတ် မဟုတ်တော့ပါ။ ပညာကို မည်သည့်နေရာတွင်မဆို ရယူနိုင်ကြောင်း သိထားရန် လိုပါသည်။ 

ပညာရေးဝန်ကြီးအနေနှင့် ကျောင်းပြင်ပ ပညာရေးကို ရှုမြင်တွေးထားရန် လိုသလို၊ ဆရာတွေဘက်ကလည်း ကျောင်းပြင်ပ လေ့လာနိုင်ရေးအတွက် မည်သို့ပြင်ဆင်ပေးရမည်ကို ကြိုတင်လေ့လာထားကြရန် လိုပါသည်။ 

“ကျွန်တော်တို့ ပညာသင်ကြားရေးမှာ စိတ်ထက်သန်မှုရှိရေး၊ အကောင်းမြင်စိတ်ရှိရေး၊ အတွေးအမြင် ပြောင်းလဲရေးတို့ကို ဦးတည်သင်ကြားဖို့ လိုအပ်လာပါပြီ။ ဒီလိုဖြစ်ဖို့ ကျောင်းထဲမှာ ကျိတ်လုပ်နေလို့ မရဘူး။ ပြင်ပလောကနဲ့လည်း ဆက်သွယ်မှုတွေ အများကြီးရှိမှ ရတော့မယ်။ ဥပမာ-ကျေးလက်က ကလေးတွေဆိုရင် လယ်ယာစိုက်ပျိုးရေးနဲ့ ပတ်သက်တာတွေကို လက်တွေ့ကျကျ လုပ်ဆောင်နိုင်အောင် ပညာရေးမှာ ထည့်သွင်းပေးနိုင်ရင် သူတို့မိဘတွေကိုပါ အထောက်အကူပေးရာရောက်မယ်”ဟု အာသာပိုက ထောက်ပြသည်။ 

အနာဂတ်ပညာရေးသည် အစဉ်အလာ လမ်းကြောင်းပေါ်တွင် လျှောက်နေ၍မရတော့။ အစဉ်အလာလမ်းကြောင်းက ဖောက်ထွက်ပြီး အိုင်စီတီပညာရေး၊ Entrepreneur ပညာရေးမျိုး၊ လုပ်ငန်းခွင်နှင့်ပညာရေး လက်တွေ့ပေါင်းစပ်ပေးနိုင်သည့် ပညာရေး၊ အတတ်ပညာကျွမ်းကျင်မှုကို ဦးတည်သည့်ပညာရေး၊ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူဖြစ်သည့် ပညာရေးမျိုးကို ဖော်ဆောင်နိုင်မှ ပညာရေးစနစ်ကို ပြုပြင်ပြောင်းလဲနိုင်ပြီဟု ဆိုနိုင်သည့် ပညာရေးလည်းဖြစ်သည်။                                            

E01 
(Ref: The Nation)


  • VIA