News

POST TYPE

EDUCATION

နည်းပညာနှင့် ပညာရေးပေါင်းစပ်ရေးအတွက် သတိပြုရမည့်အချက်များ


ခေတ်က နည်းပညာခေတ်ကို ရောက်လာပြီဖြစ်သဖြင့် ပညာရေးတွင်လည်း နည်းပညာကို အထောက်အကူပြုပစ္စည်း တစ်ခုအနေနှင့် မဖြစ်မနေ သုံးစွဲလာရတော့မည် ဖြစ်သည်။ အထူးသဖြင့် အထက်တန်းအဆင့် ပညာသင်ကြားရေးတွင် နည်းပညာကို လိုအပ်ချက်တစ်ရပ်အနေနှင့် ထည့်သွင်း မသင်ကြားပေးနိုင်သေးပါက ကမ္ဘာ့အဆင့်ပညာရေးကို တက်လှမ်းနိုင်ပြီဟု မဆိုနိုင်သေးပေ။

ကမ္ဘာ့ပညာရေးက မည်သည့်လမ်းကြောင်းဆီသို့ ဦးတည်ပြီးပြောင်းလဲနေသနည်း။ သတိပြုရမည့် အချက်များမှာ -

၁။ ကွန်ပျူတာ Code ရေးနည်းကို ကျောင်းသင်ခန်းစာတွင် ထည့်သွင်းသင်ကြားခြင်း
ဒစ်ဂျစ်တယ်ခေတ်ကို လက်ခံလျှင် ဒစ်ဂျစ်တယ် စီးပွားရေးခေတ် (Digital Economy) ခေတ်ရောက်ပြီ ဆိုခြင်းကိုလည်း လက်ခံရပေလိမ့်မည်။ အနာဂတ်ပညာရေးသည် အစဉ်အလာစာရွက်၊ စာအုပ်ပညာရေး မဟုတ်။ ကွန်ပျူတာပေါ်တွင် ပရိုဂရမ်ရေးထုတ်သည့် (Programming Skills) များ ဖြစ်လာစေရန် တီထွင်သင်ကြားပေးရမည့် ပညာရေးဖြစ်လာသည်။ ကွန်ပျူတာသုံးတတ်ရုံအဆင့် မဟုတ်တော့။ ကွန်ပျူတာကုတ်ရေးတတ်မှ ဖြစ်တော့မည်ဆိုသည့် အဆင့်ကို တက်လှမ်းလာပြီဖြစ်ကြောင်း သဘောပေါက်ထားသင့်သည်။ ကျောင်းသားများကို ကွန်ပျူတာသုံးတတ်သည့် အဆင့်မှသည် ကွန်ပျူတာကို ထိန်းချုပ်ခိုင်းစေနိုင်သည်အထိ ခေတ်က ပြောင်းသွားကြောင်း သိထားသင့်သည်။ ကွန်ပျူတာနှင့် ပရိုဂရမ်များအပြင် ဆော့ဖ်ဝဲဖန်တီးမှု အတတ်ပညာများကို မသင်ပေးနိုင်လျှင် ခေတ်နောက်ကျ ကျန်ခဲ့မည်ဖြစ်သည်။

၂။ ကျောင်းသားများကို နားထောင်သူအဆင့်မှသည် ဖန်တီးသူအဆင့် တိုးမြှင့်ပေးခြင်း
ကျောင်းသားဆိုသည်မှာ ဆရာပြောတာ နားစိုက်ထောင်ပြီး၊ ဆရာသင်သလောက် အဝန်းအဝိုင်းလေးအတွင်း၌ လိုက်လုပ်ကြရမည့်သူများ မဟုတ်တော့ပါ။ ပညာရေးဆိုသည်မှာ ပေးတာယူ၊ ကျွေးတာစား အဆင့်မှသည် လိုသလောက်ရယူ ဖန်တီးဆိုသည့် အဆင့်ကို ရောက်လာပြီဖြစ်သည်။ ကွန်ပျူတာနှင့် ပရိုဂရမ်ပေါင်းများစွာက ကျောင်းသားများကို တီထွင်ဖန်တီးလိုစိတ်များကို တိုးမြှင့်ပေးနိုင်သည်။ သိလိုသည့်အချက်များကို ဆရာ့ထက် ပိုပြောနိုင်သည့် အင်တာနက်ရှိနေချိန်တွင် ဆရာက သိသလောက်ပြောအဆင့်ထက်၊ ရှိသလောက်ကို ဖော်ထုတ်ပြသပေးနိုင်မည့် ခေတ်ကို ပြောင်းလဲသွားပြီဖြစ်သည်။ တီထွင်ဖန်တီးနိုင်စွမ်းကို ကန့်သတ်ပိတ်ပင်ထား၍ မရနိုင်ပါ။ လမ်းပြရှေ့ဆောင်ခေါ်နိုင်မှသာ ဆရာဖြစ်နေပါလိမ့်မည်။

၃။ ပူးပေါင်းလေ့လာ ပညာရှာသည့်ခေတ်ကို ဖော်ဆောင်ပေးခြင်း
တစ်ဦးကောင်း၊ တစ်ယောက်စွမ်း တစ်ကိုယ်တော် ပညာခေတ် မဟုတ်တော့ပါ။ အားလုံးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ရလဒ်ကိုဖော်ဆောင်နိုင်သည်ဆိုသော အနေအထားတစ်ခုကို လမ်းပြရမည့်ခေတ် ဖြစ်လာကြောင်း သတိပြုစေလိုပါသည်။ လူသားအချင်းချင်း ပူးပေါင်းကာ ပြဿနာများကို အဖြေရှာခြင်း၊ အခက်အခဲများကို လူအား၊ ဉာဏ်အား၊ နည်းပညာစွမ်းအားများဖြင့် ပူးပေါင်းဖြေရှင်းနိုင်ခြင်းတို့ကို လက်တွေ့သင်ပေးရမည့် ခေတ်ရောက်လာပြီဖြစ်သည်။ တစ်ဦးနှင့်တစ်ဦး ဆက်သွယ်ပေါင်းသင်း ဝေမျှအဖြေရှာမှသာ ရလဒ်ကောင်းတစ်ခု ဖြစ်လာနိုင်သည်ကို ပြန်လည်သင်ကြားပေးရမည့် ခေတ်ဖြစ်သည်။ ကျောင်းသားများကို Google Apps for Education နှင့် Microsoft Classroom အစီအစဉ်များကို သင်ကြားပေးရန် အားထုတ်သင့်သည့် ခေတ်ရောက်နေပြီကို ဆရာများသိစေချင်သည်။

၎။ ရှပ်ပြေးပညာ သင်ကြားမှုထက် အတွင်းနှိုက် ပညာရေးကိုပေးခြင်း
ကျောင်းသားများကို သာမန်သင်ခြင်းထက် သူတို့ လေ့လာသင်ယူလိုစိတ်ကို နှိုးဆွပေးပြီး သူတို့လေ့လာသင်ယူချင်သည့် အကြောင်းအရာကို သင်ယူခွင့်ပေးရန် အချိန်ရောက်လာကြောင်း သိထားစေချင်ပါသည်။ ဆိုရှယ်မီဒီယာများဖြစ်သည့် Twitter, WeChat, Snapchat တို့သည် တစ်ဦးနှင့်တစ်ဦး အပြုသဘောဆောင်သည့် အကောင်းဘက်က ဆက်သွယ်နိုင်သော ဆိုရှယ်မီဒီယာများ ဖြစ်သည်။ အကောင်းဘက်က ပညာရေးအတွက် မည်သို့အသုံးပြုနိုင်ကြောင်း ဆရာတွေကလည်း သိရမည်။ လမ်းညွှန်ပြရမည်။ အသုံးပြုတတ်စေရန် ကြံဆောင်ပေးနိုင်ရမည်။ YouTube နှင့် WeVideo တို့ကို ပညာရေးအတွက် မည်သို့အသုံးချနိုင်ကြောင်း ဆရာများက ကြိုတင်လေ့လာဖွေရှာထားမှ တပည့်များကို အကောင်းဆုံး လမ်းညွှန်နိုင်ပါလိမ့်မည်။

၅။ ကျောင်းကိုပြန်လည်ဆန်းစစ်ခြင်း
ကျောင်းဆိုသည့်သဘောတရား မတိမ်ကောစေလိုလျှင် ကျောင်း၏ လုပ်ဆောင်ပေးနိုင်မှုများကို ပြုပြင်ပြောင်းလဲမှရပေလိမ့်မည်။ ကျောင်းသားများကို ပညာရင်းမြစ်ပြနိုင်ရမည်။ လိုချင်ရာရှာနိုင်ရမည်။ လွတ်လပ်စွာ သင်ယူခွင့်ရှိရမည်။ ကျောင်းဆိုသည်မှာ အင်တာနက်၊ ကွန်ရက်၊ စမတ်ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာများဖြင့် ချိတ်ဆက်သင်ကြားနိုင်သည့် နေရာ ဖြစ်နေရမည်။ အချိန်မရွေး၊ နေရာမရွေး၊ လွတ်လပ်စွာ ပညာပေး၊ ပညာရှာနိုင်သည့် နေရာဖြစ်နေရန် ဖန်တီးပေးထားနိုင်သောနေရာ ဖြစ်နေရပေလိမ့်မည်။

၆။ စာသင်ခန်းများကို ပုံစံပြောင်းခြင်း
ကျောင်းစာသင်ခန်းဆိုသည်မှာ နံရံလေးဖက်ကာထားသည့် နေရာ ဖြစ်ချင်မှလည်းဖြစ်မည်။ နှစ်စမှ နှစ်ဆုံး သတ်မှတ်ထားသည့် အခန်းတစ်ခန်းထဲတွင် ထိုင်နေကြရသည့် အနေအထားမျိုး ဖြစ်ချင်မှလည်းဖြစ်မည်။ စာသင်ခန်းနံရံများသည် ဖြုတ်ချင်ဖြုတ်၊ ကာချင်ကာ အရှင်များဖြစ်သည်။ ပန်းခြံထဲလည်း လက်တော့ပ်တစ်လုံးယူသွားပြီး အကြောင်းအရာများကို လေ့လာနိုင်သည်။ ဆရာဆိုသည်မှာ စာသင်ခန်းရှေ့မှာ နေရာယူထားသူ ဖြစ်ချင်မှလည်း ဖြစ်တော့မည်။ အိမ်မှသည် လမ်း၊ လမ်းမှသည် ကျောင်း၊ ကျောင်းမှသည် အိမ် အားလုံးကို ကွန်ရက်နှင့် ချိတ်ဆက်ထားလိုက်လျှင် နံရံတွေ ပြုတ်သွားပေလိမ့်မည်။ 

E-01