News

POST TYPE

EDUCATION

အဝေးသင်ကျောင်းသားများ စာစဉ်ကြေးပေးရန်မလို
02-Jan-2018


ရန်ကုန်၊ ဇန်နဝါရီ ၂

ရန်ကုန်နှင့် မန္တလေး အဝေးသင်တက္ကသိုလ် အဝေးသင်ဌာနခွဲ အများစုတွင် စာစဉ်တင်သွင်းရာ၌ ပေးရလေ့ရှိသည့် စာစဉ်ကြေးကို ယခုနှစ်မှစ၍ ပေးရန်မလိုကြောင်း အဆင့်မြင့် ပညာဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။

ပထမနှစ်ကျောင်းသားများအတွက် မှတ်ပုံတင်ကြေး ၅၀ ကျပ်၊ ကျောင်းဝင်ကြေး ၅၀ ကျပ်၊ စာသင်နှစ်တစ်နှစ်စာ သင်တန်းကြေး ၁၅၀ဝ ကျပ်၊ စာအုပ်ဖိုးနှင့် သင်ခန်းစာ ပို့ချချက် CD ခွေ ၁၅၀ဝ၀ ကျပ်၊ သိပ္ပံဘာသာရပ်များအတွက် ဓာတ်ခွဲခန်းကြေး ၃၀ဝ ကျပ်၊ စာမေးပွဲ ဝင်ကြေး ၁၀ဝ ကျပ်သာ တရားဝင် ကောက်ခံခြင်းဖြစ်သည်။ 

“ကျွန်တော်တို့ တောင်းတာထဲမှာ စာစဉ်ကြေးဆိုတာ လုံးဝ မရှိဘူး။ ကျွန်တော်ထင်တာတော့ စာစဉ်ကြေးဆိုတာ ကျောင်းက တရားမဝင် ကောက်တဲ့ငွေလို့ ထင်တယ်”ဟု ဒေါက်တာအောင်အောင်မင်းက ပြောကြားသည်။ 

ကျောင်းသား၊ ကျောင်းသူများအနေနှင့် ယခင်နှစ်များက စာစဉ်ကြေး ပေးသွင်းရခြင်းသည်လည်း အဆင့်မြင့် ပညာဦးစီးဌာနနှင့် သက်ဆိုင်မှုမရှိဘဲ ကျောင်းတွင်း ပြဿနာများသာဖြစ်ကြောင်း ဒေါက်တာအောင်အောင်မင်းက တုံ့ပြန်သည်။ 

ယခုနှစ် ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် ပထမနှစ် တက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအနေနှင့် အဝေးသင် တက္ကသိုလ် ကျောင်းအပ်ခြင်းကို ဇန်နဝါရီလ ၂ ရက်မှစ၍ မတ်လကုန်အထိ အဝေးသင် တက္ကသိုလ် ဌာနခွဲများတွင် ကျောင်းအပ်နိုင်မည်ဖြစ်သည်။ 

ဒဂုံတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ကျောင်းသားရေးရာ တာဝန်ခံ ကိုကောင်းက အဝေးသင် စာစဉ်တင်သွင်းရာတွင် ၂၀ဝ ကျပ် ပေးသွင်းရပြီး လျှောက်လွှာ တင်သွင်းသည့်အခါတွင်လည်း ၁၀ဝ ကျပ်ပေးရကြောင်း တစ်ဦးလျှင် စာစဉ်ကြေး ကျပ် ၂၀ဝ နှုန်းဖြင့် ကျောင်းသား ၄၀,ဝ၀ဝ ဆိုလျှင် သိန်း ၈၀ ရှိကြောင်း တွက်ပြသည်။ 

ကျပ် ၂၀ဝ အတွက် မည်သည့်အကြောင်းကြောင့် မပေးလိုသည်ကိုမူ “အဓိကက ကျောင်းသားတွေ ၂၀ဝ သက်သာလည်း နည်းလား။ ဒီပိုက်ဆံက အစိုးရလည်းရမယ်လို့ မထင်ဘူး။ ကြားထဲက တစ်ယောက်ယောက်က ရနေတာမျိုးကို နှစ်တိုင်း ပေးနေရမှာလား”ဟု ကိုကောင်းက ပြောကြားသည်။ 

ပထဝီဝင်ဘာသာရပ် အထူးပြု ဒုတိယနှစ် အဝေးသင်ကျောင်းသူတစ်ဦးက “စာစဉ်ကြေး ၂၀ဝ က များတယ်တော့ မဟုတ်ဘူး။ ဒါပေမဲ့ တောင်းတော့လည်း အာရုံ မနောက်ချင်လို့ ပေးလိုက်တာပဲ။ စကားပြောနေရရင် အာရုံနောက်တယ်”ဟု ပြောကြားသည်။

တရားဝင် ကောက်ခံမှုတွင် မပါဝင်သော စာစဉ်ကြေးကိစ္စနှင့် ပတ်သက်၍ ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် နိုင်ငံတကာ ဆက်ဆံရေး ပညာဌာန ကထိက ဦးလှိုင်တင့်က ထိုကဲ့သို့ စာစဉ်ကြေး ကောက်ခံမှုများ ရှိနေ၍ တက္ကသိုလ်များတွင် တင်းတင်းကျပ်ကျပ် အရေးယူမှုများ ရှိနေကြောင်း ပြောကြားသည်။

“ကျောင်းတွေ တော်တော်များများမှာ ကလေးတွေက ငွေကြေး တစ်စုံတစ်ရာပေးပြီး သက်ဆိုင်ရာ စာရေးတွေက အခကြေးငွေယူပြီး ရေးပေးတာမျိုး၊ ကျောင်းအပ်တာမျိုးကအစ အခကြေးငွေယူပြီး လုပ်နေတာမျိုးတွေ ရှိတယ်။ အခုဒါမျိုးတွေကို စစ်ဆေးပြီး တင်းတင်းကျပ်ကျပ် အရေးယူနေပါပြီ”ဟု ဦးလှိုင်တင့်ကပြော ကြားသည်။

စာစဉ်ကြေးပေးရခြင်းနှင့် ပတ်သက်၍ ဒဂုံတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအနေနှင့် ရန်ကုန် အဝေးသင် တက္ကသိုလ် ဆရာ၊ ဆရာမများ၊ ပါမောက္ခချုပ်၊ အဆင့်မြင့်ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်များနှင့် ဒီဇင်ဘာလအတွင်းက တွေ့ဆုံကာ တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း ယင်းသမဂ္ဂထံမှ သိရှိရသည်။

ပြီးခဲ့သည့် ၂၀၁၇ - ၂၀၁၈ ပညာသင်နှစ်တွင် မြန်မာတစ်နိုင်ငံလုံးအနေနှင့် ရန်ကုန် အဝေးသင်တက္ကသိုလ်နှင့် မန္တလေး အဝေးသင် တက္ကသိုလ် ဌာနခွဲများတွင် တက်ရောက်ခဲ့သည့် ကျောင်းသား၊ ကျောင်းသူ ၅၁၀,ဝ၀ဝ ကျော်ရှိပြီး အဝေးသင် စာမေးပွဲဖြေဆိုသူ ၄၅၀,ဝ၀ဝ နီးပါးရှိကြောင်း ပညာရေးဝန်ကြီးဌာနထံမှ သိရှိရသည်။

မြဇာခြည်သင်း

  • VIA