News

POST TYPE

EDUCATION

B.E ပေါင်းကူးတန်းလျှောက်ထားသူများနှင့် တွေ့ဆုံခြင်း
21-Dec-2017


နည်းပညာဘွဲ့​(B.Tech) မှ အင်ဂျင်နီယာဘွဲ့ (B.E) အတွက် ပေါင်းကူးသင်တန်းကို သက်ဆိုင်ရာ ကျောင်း၌သာ လျှောက်ထားရမည်ဟု အဆင့်မြင့်ပညာဦးစီးဌာနက သတ်မှတ်သည်။ ယင်းသို့သတ်မှတ်ခြင်းကြောင့် နယ်ဒေသများမှ နည်းပညာဘွဲ့ရပြီး  ရန်ကုန်သို့ လာရောက်အလုပ်လုပ်ကိုင်နေသူများ မိမိကျောင်းတက်ရောက်ခဲ့သည့် (B.Tech ဘွဲ့ယူခဲ့သည့်) ဒေသသို့ပြန်ကာ ပေါင်းကူးသင်တန်း ပြန်တက်ရမည်ဖြစ်သည်။ ထို့ကြောင့် အခက်အခဲများရှိကြောင်း ကျောင်းသားများက ဆိုသည်။ ယင်းပေါင်းကူးသင်တန်းအတွက် လုပ်ငန်းခွင်မှ ပြန်တက်မည့်သူ (သင်ကြားရေးဝန်ထမ်း မဟုတ်သူများ) ၆၀ဝ ကျော်ရှိကြောင်း ၎င်းတို့ထံမှ သိရှိရသည်။ ယင်းသို့ အခက်အခဲ ရှိနေသည့်အကြောင်း B.E ပေါင်းကူးသင်တန်း လျှောက်ထားမည့်သူများကို တွေ့ဆုံမေးမြန်းဖော်ပြလိုက်ပါသည်။ 

“ရန်ကုန်မှာ အလုပ်ရ၊ အိမ်ထောင်တွေကျပြီး အခြေကျနေတဲ့သူတွေလည်း ရှိတယ်”
မထက်ထက်စိုးဦး (ရန်ကုန်အနောက်ပိုင်း နည်းပညာတက္ကသိုလ်၊ နည်းပညာဘွဲ့ရ)

ကျွန်မက ပညာရေးဝန်ထမ်း မဟုတ်ပါဘူး။ အပြင်ကဝန်ထမ်းပါ။ B.Tech to BE ပေါင်းကူး သင်တန်းကိစ္စနဲ့ပတ်သက်ပြီး ကျွန်မတို့တောင်းဆိုတာက တိုက်ရိုက် တက်ရောက်ခွင့်ရဖို့ တောင်းဆိုတာပါ။ ဒီဇင်ဘာလ ၁၁ ရက်က အဆင့်မြင့် ပညာရေးဝန်ကြီးဌာန၊ နိုင်ငံတော်အတိုင်ပင်ခံရုံးနဲ့ သမ္မတရုံးကို စာတင်တယ်။ နယ်အသီးသီးက ကျောင်းသား ၅၅ ယောက် လက်မှတ်နဲ့ တင်ခဲ့တာပါ။ စာကမရောက်ဘူးလို့ ပြောတယ်။ ဒါပေမဲ့ သတင်းစာရှင်းလင်းပွဲ ထပ်လုပ်တဲ့အတွက်ကြောင့် နေပြည်တော်မှာ နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်တွေနဲ့ ဝန်ကြီးဌာန ဆွေးနွေးပွဲလုပ်တယ်လို့ထင်တယ်။ တောင်းတယ်ဆိုတာက ပထမ ထုတ်ပြန်တာက တိုက်ရိုက်ခေါ်မယ်ဆိုပြီး ထုတ်ပြန်ခဲ့တာလေ။ ဒါပေမဲ့ နောက်သူတို့က ဝင်ခွင့်ဆိုပြီး ပြောင်းသွားသေးတယ်။ အဲဒီဝင်ခွင့်ထဲမှာ ကျွန်မတို့ မပါဘူး ဖြစ်သွားတယ်လေ။ ခုတော့ ဝင်ခွင့်ဖြေလို့ရပြီ။ ဖြေဖို့အတွက် စာကြည့်ချိန် အချိန်တစ်လတော့ ပေးထားတယ်။ ဒါပေမဲ့အဲဒီအချိန် တစ်လပိုင်းမှာ ဖြေပြီးသွားရင် ပထမအစမ်းစာမေးပွဲရှိတော့ ကျွန်မတို့ ကျောင်းတက် ရမှာက နှစ်လပိုင်း။ စာမေးပွဲဖြေရမှာက သုံးလပိုင်း အဲဒီနှစ်ခုကတော့ နည်းနည်း ကပ်သွားတာပေါ့။ စာမေးပွဲက နှစ်ပိုင်းဖြေရမှာ။ သုံးလပိုင်း အကုန်ကျရင် ပထမ အစမ်းစာမေးပွဲ ရှိတယ်။ ၉ လပိုင်းမှာ ဒုတိယ အစမ်းစာမေးပွဲ ရှိတယ်။ အဲဒီအပေါ်မှာ ကျွန်မတို့ကို အအောင် အကျပေးမှာ။ 

တောင်းရတဲ့ အကြောင်းအရင်းက ခုကျောင်းတွေကဖွင့်နေပြီ စာမေးပွဲဖြေမယ်ဆိုရင် ၃ လပိုင်းဆို ပထမလပတ် စာမေးပွဲဖြေရပြီ။  အဲတော့ စာကျက်ချိန် နည်းမှာစိုးလို့ပါ။ ပရောဂျက်တွေ ပေးတာရှိတယ်။ ခုကဇန်နဝါရီ ၂၀၊ ၂၁ ရက်မှာ ဝင်ခွင့် စာမေးပွဲဖြေရမယ်ဆိုတော့ ကျောင်းတက်ဖို့နောက် ကျမယ်ထင်တယ်။ နောက်ပြီး Roll Call တွေလည်း နောက်ကျမယ်။ ဒါပေမဲ့ အဲဒါတွေကတော့ ဆရာတွေ ဖြေရှင်းပေးမယ်လို့ ထင်တာပဲ။ ပြဿနာ မရှိလောက်ဘူးတော့ ထင်တယ်။ ဒါပေမဲ့ စာမေးပွဲနဲ့တော့ ကပ်နေပြီ။ ဘာပဲဖြစ်ဖြစ် ဝင်ခွင့်ဖြေရတာကိုပဲ ကျေးဇူးတင်ရမှာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အစက ကျွန်မတို့တွေ ဝင်ခွင့်ဖြေဖို့ လုံးဝ မပါဘူးလို့ လုပ်ထားတာ။ ပြန်ဖြေခိုင်းတာကိုတော့ လက်လည်းခံတယ်။ ဝမ်းလည်းသာတယ်။ လုံးဝ တက်ခွင့်မရတော့ဘူးဆိုတဲ့ အခြေအနေကနေ ကျောင်းပြန်တက်ခွင့်ရမယ်ဆိုတော့ မျှော်လင့်ချက် ရှိတာပေါ့။ ဒါပေမဲ့ သက်ဆိုင်ရာ ကျောင်းဆိုတာက ပြဿနာ နည်းနည်းရှိတာပေါ့။ ရန်ကုန်မှာ အလုပ်ရ၊ အိမ်ထောင်တွေကျပြီး အခြေကျနေတဲ့သူတွေလည်း ရှိတယ်။ အခက်အခဲ ရှိတဲ့သူတွေကျတော့ နီးစပ်ရာကျောင်းတွေမှာ လက်ခံပေးဖို့ မျှော်လင့်တယ်။ 

ကျွန်မတို့အတွက် မဟုတ်ပေမယ့် မနေ့ကဆို အစ်မတွေ တော်တော် စိတ်ဓာတ်ကျသွားတာ။ ကျွန်မကို လာပြောကြတာတွေ ရှိတယ်။ အဲဒီအစ်မဆို တောင်ကြီး ပြန်တက်ရမယ်ဆိုတော့ ဒီမှာအခြေကျနေတာ့ မဖြစ်နိုင်တော့ဘူးလေ။ ဝင်ခွင့်ဖြေခွင့်ရတာတောင် မဖြေရင်ကောင်းမလားလို့ တွေဝေသွားကြတာ ရှိတယ်။ အဲဒီ အစ်မဆိုရင် WYT မှာလျှောက်တယ်။ အဲတုန်းက ဖောင်တွေ လက်ခံတယ်။ ခုကျတော့ ကိုယ်ကျောင်းကိုဆိုတော့ ပြန်ဖြေဖို့ နည်းနည်း အခက်အခဲ ရှိတာပေါ့။ BE တန်းတက်ဖို့အတွက် လက်ရှိအလုပ်က ထွက်လိုက်တာကတော့ ကျွန်မကိုယ်တိုင်ပဲ။ BE တိုက်ရိုက်တက်ခွင့်ရမယ်ဆိုတော့ ထွက်လိုက်တာ။ နောက်ပြီး ကျောင်းတွေက ဖောင်တွေ တင်တယ်။ လျှောက်ရင် ဘာတွေလိုတယ် ဆိုပြီးတော့ထွက်တာ။ ဝင်ခွင့်ဆိုတာကို မသိဘူး။ အဲဒီကတည်းက တစ်လကြိုပြီး အလုပ်ထွက်စာ တင်ရတာ။ ထွက်စာတင်နေရင်းနဲ့မှ ဝင်ခွင့်ဖြေရမယ်ဆိုပြီး သိရတာ။ အဲဒီတော့လည်း ဖြေမယ်ဆိုပြီး စာပြန်ကြည့်တာ။ စာကြည့်ရင်းနဲ့ပဲ သင်ကြားရေးဝန်ထမ်းတွေပဲ ဖြေရမယ်ဆိုတော့ ကျွန်မဆို ဘာလုပ်ရမှန်းမသိတော့ဘူး။ ခုချိန်တစ်လပေးထားတယ် ဆိုတော့ ပါအောင်ကြိုးစားမှာပါ။ မပါဖြစ်ခဲ့ရင်လည်း  ကိုယ့်နှစ်က နောက်ဆုံးနှစ်ဆိုတော့ နောက်အလုပ်ပဲ ထပ်ရှာရမှာပေါ့။

“မတက်နိုင်တဲ့သူတွေများတယ်ဆိုပြီး ဒါက တမင်ကိုလုပ်တာ”
မမေစိုးအေး (တောင်ကြီး နည်းပညာတက္ကသိုလ်၊ နည်းပညာဘွဲ့ရ - B-tech)

ကျွန်မက နည်းပညာတက္ကသိုလ်တောင်ကြီးမှာ  ၂၀ဝ၉ ခုနှစ်က B-Tech to BE အောင်ခဲ့တယ်။ ဒါပေမဲ့ ဂုဏ်ထူးတန်း မဝင်ခဲ့ဘူး။ အဲဒီတော့ BE (အင်ဂျင်နီယာဘွဲ့) သင်တန်းတက်ချင်ရင် ကျောင်းတွေက ဝင်ခွင့်ပြန်ခေါ်တဲ့အခါ ဝင်ခွင့်ဖြေပြီးအောင်ရင် တက်ရတယ်။ ၂၆ ရက် ၁၁ လပိုင်းက အင်ဂျင်နီယာဘွဲ့သင်တန်းအတွက် ဝင်ခွင့်ဖြေရမယ်ဆိုပြီး တရားဝင် စာထွက်တယ်။ အဲဒါနဲ့လျှောက်လွှာတွေ တင်တာပေါ့။ ကျူရှင်တွေလည်း တက်ကြတယ်။ တစ်ခုဆိုးတာက ရန်ကုန်က ကျောင်းတွေက ခွဲခြားတယ်။ အစက မှော်ဘီမှာ လျှောက်မလို့။ လက်မခံဘူးတဲ့။ မော်ကွန်းထိန်းကပြောတာ။ ကျောင်းချင်း တူတယ်လေ ဘာကွာလဲလို့ မေးလိုက်တော့ လူများလို့တဲ့။ ကျွန်မတို့ကလည်း ကိုယ့်နယ်ကိုပြန်ဖြေချင်တာပေါ့။ နောက် ရန်ကုန် အနောက်ပိုင်း နည်းပညာတက္ကသိုလ်မှာ လျှောက်တယ်။ လျှောက်တော့ ကျောင်းသားရေးရာက ပြောတယ်။ ကျောင်းသား ဦးစားပေးတဲ့။ ဒါပေမဲ့ ဒီဇင်ဘာလ ၆ ရက်မှာ သင်ကြားရေး ဝန်ထမ်းတွေအတွက်ပဲလို့ တရားဝင် စာထွက်တယ်။ ကျောင်းသား၊ ကျောင်းသူတွေနဲ့ တခြားဝန်ကြီးဌာနက ဝန်ထမ်းတွေ မပါဘူး။ အစ်မတို့လည်းမပါလို့ သတင်းစာ ရှင်းလင်းပွဲလုပ်ပြီး တောင်းဆိုတာ။ ပြောရရင်ခွဲခြားလို့ တောင်းဆိုတာပါ။ ၁၆ ရက်နေ့ကတော့ သင်ကြားရေး ဆရာ၊ ဆရာမတွေ ဝင်ခွင့်ဖြေပြီးပြီ။ အဲဒီမတိုင်ခင်က ဝင်ခွင့်မဖြေဘဲ တက်ရမယ်လို့ သတင်းတွေ ထွက်တာ။ 

ဒီဇင်ဘာ ၁၉ ရက်က နေပြည်တော်မှာ အစည်းအဝေးရှိတယ်။ ဘာထူးမလဲဆိုပြီး အားလုံးက စောင့်နေတာ။ အခုအစည်းအဝေးရလဒ်က ကျောင်းသား အားလုံး လျှောက်ခွင့်ရတယ်။ ဖြေခွင့်ရမယ်ဆိုလည်း ကျွန်မတို့က ဦးစားပေးအဆင့် မပါဘူးလေ။ နောက်ပြီး ကိုယ်တက်ခဲ့တဲ့ကျောင်းကို ပြန်ရမယ်တဲ့။ မတက်နိုင်တဲ့သူတွေ များတယ်ဆိုပြီး ဒါက တမင်ကို လုပ်တာ။ ကျွန်မက ရန်ကုန်မှာ အလုပ်လုပ်နေတာ။ သွားမဖြေနိုင်တော့ဘူး။ အရင်နှစ်တွေတုန်းက နီးစပ်ရာကျောင်းတွေမှာ ဖြေခွင့်ရကြတယ်။ ဒီနှစ်မှ ကိုယ့်ကျောင်းကိုယ်ဆိုတော့ အလုပ်လုပ်ရင်း အခြေကျနေတဲ့သူတွေက ဘယ်လိုပြန်ဖြေမလဲ။ တချို့တွေက အလုပ်တွေနဲ့ တစ်နယ်တစ်ကျေးတွေ ရောက်နေကြတာ။ မိသားစုက ရှိသေးတယ်။ ကျောင်းဝင်ခွင့် အမှတ်တွေက နယ်ကကျောင်းတွေနဲ့ အတူတူပဲ။ အလုပ်နဲ့နီးတဲ့ နေရာမှာ လျှောက်လွှာတင်တာကို လက်မခံဘူး။ ပြည်ပနဲ့ တောင်တန်းကို ခွဲခြားနေတုန်းပဲ။ B-tech ဆိုတာ ဘယ်နိုင်ငံ ဘယ်အဆင့်မှာမှ မရှိပါဘူး AGTI အဆင့်ပဲထားတာ။ အစိုးရအလုပ်တွေတောင် BE ပဲခေါ်တာ။ သုံးစားမရတဲ့ဘွဲ့လိုဖြစ်နေလို့ BE ဘွဲ့ထပ်လျှောက်တာပါ။ ဒါပေမဲ့ ကျွန်မတို့က လူနည်းစုလေ။ ခုတော့ မဖြေရုံဘဲရှိတယ်။

မြဇာခြည်သင်း

  • VIA