News

POST TYPE

EDUCATION

ဘိုးဘိုး ဘွားဘွားတို့ကို မူလတန်းသို့ဖိတ်ခေါ်
16-Dec-2017

 
အင်္ဂလန်နိုင်ငံ အရှေ့တောင်ပိုင်း Essex မြို့လေးတွင် ပရောဂျက်တစ်ခုကို အကောင်အထည် ဖော်ကြည့်နေကြသည်။ အထီးကျန်စွာဖြင့် ဘဝကို ကျော်ဖြတ်နေကြရသည့် ဘိုးဘိုးနှင့် ဘွားဘွားတို့ကို အသက်လေးနှစ်နှင့် ငါးနှစ်မြေးအရွယ်လေးတွေရှိနေသည့် မူလတန်းကျောင်းများသို့ ဖိတ်ခေါ်ရေး အစီအစဉ်ဖြစ်သည်။ အထူးသဖြင့် သက်ကြီးရွယ်အိုများ၏ အထီးကျန်ခြင်း၊ စိတ်ဓာတ်ကျခြင်းနှင့် စောစီးစွာ သတိမေ့ခြင်း စသည့်ရောဂါဝေဒနာများကို ပျောက်ကင်းစေရန် ဖြစ်သည်။

ယခင်က အင်္ဂလန်တွင် ကလေးတွေကို ဘိုးဘွားရိပ်သာသို့ အလည်ပို့ဖူးသည်။ Downshall မူလတန်းကျောင်းကတော့ ယခုနှစ်တွင်မှ စတင်ပြီး ဘိုးဘွားများကို ကျောင်းသို့ဖိတ်ခေါ်သည့် အစီအစဉ်ကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ ဘိုးဘွားတို့သည့် တစ်နေ့တာအတွင်း မြေးအရွယ် ကလေးငယ်များနှင့်အတူ စာအုပ်တွေဖတ်မည်။ ပဟေဠိတွေ ဝှက်မည်။ သီချင်းတွေ အတူဆိုကြမည်။

ထိုအစီအစဉ်သည် အဘိုးအဘွားတို့ လူ့ဘောင်လောကအတွင်း ပြန်လည်ဝင်ရောက်ရန် အခွင့်အရေးပေးသလို ဖြစ်နေသောကြောင့် စိတ်ဓာတ်များ ပြန်လည်နိုးကြား တက်ကြွလာစေရုံမက၊ အင်္ဂလိပ်စာကို ဒုတိယဘာသာစကားတစ်ခုအနေနှင့် သင်ကြားနေကြသည့် ကျောင်းများတွင်လည်း ကလေးတွေကို အင်္ဂလိပ်စာအရည်အသွေး ပိုပြီးတောက်ပြောင်လာစေမည့် နှစ်ဖက်အကျိုးရှိသော လုပ်ငန်းဟု စီစဉ်သူဆရာများက ယူဆကြသည်။

Downshall မူလတန်းကျောင်းကလုပ်သည့် ပရောဂျက်ကို  (Bringing Together, Learning Together, Growing Together) ဟု ခေါ်ကြသည်။ ထိုသဘောတရားကို ဂျပန်နိုင်ငံကတစ်ဆင့် နည်းယူထားခြင်းဖြစ်သည်။ အသက်အရွယ် ကြီးရင့်အိုမင်းလာသည့် ဘိုးဘွားများနှင့် မျိုးဆက်သစ်လူငယ်တို့ကြားတွင် ကွာဟမှုမရှိစေရန် လုပ်ဆောင်ပေးခြင်းဟု ဂျပန်တို့ကလည်း သဘောထားလုပ်ဆောင်ခဲ့ကြသော အစီအစဉ်တစ်ခုဖြစ်သည်။ 

အဘိုး အဘွားတို့သည် တစ်ပတ်လျှင် ကျောင်းကို သုံးရက်လာကြရသည်။ သူတို့တွင်လည်း အစောင့်များ အထိန်းလုပ်သားများ အပြည့်အစုံပါလာကြသည်။ တစ်ရက်လျှင် ဘိုးဘွားရိပ်သာမှ အဘိုးအဘွား ၉ ဦးကို လာရောက်ခွင့်ပြုထားသည်။ တစ်ဦးလျှင် စာသင်ခန်းတစ်ခန်းဝင်ပြီး ကလေးများနှင့် လွတ်လပ်ပျော်ရွှင်စွာ နေထိုင်ခွင့်ရကြသည်။ 

အဘိုးအဘွားတို့သည် အတန်းတစ်တန်းတွင် မိနစ် ၂၀ ခန့် လေးငါးနှစ်သားလေးများနှင့် အတူနေပြီး ကျောင်းသင်ခန်းစာပါ အချက်အလက်များကို ပူးပေါင်းလှုပ်ရှား ဆောင်ရွက်ကြရသည်။ သီချင်းတွေ ဆိုကြသည်။ လက်တွန်းလှည်းပေါ်တွင် ထိုင်နေသော်လည်း အသက် ၈၆ နှစ်အရွယ်အဘိုးက ကလေးတွေနှင့်အတူ သီချင်းဆိုနေသည်။ အဘိုးသည် လွန်ခဲ့သည့် လေးနှစ်ခန့်ကတည်းက စိတ်ဖောက်ပြန်သလို ဖြစ်နေရာက ယခုတော့ ပျော်ရွှင်နေသည်။ 

အသက် ၇၁ နှစ်အရွယ် ပန်ဆိုသည့် အဘွားကတော့ မူလတန်းကျောင်းဆရာမဟောင်းတစ်ဦး ဖြစ်ခဲ့သောကြောင့် စာသင်ခန်းအတွင်း ပြန်လာရသည်ကို ပျော်ရွှင်နေရှာသည်။ 

“အိမ်မှာထိုင်နေရတာ ပျင်းတယ်။ ခုလို ကလေးတွေနဲ့တွေ့ရတော့ ပိုပျော်တယ်။ ကလေးတွေကို ပုံပြင်တွေ ပြောပြတယ်” ဟု ပြောပြသည်။

ယခုပရောဂျက်ကို ဦးဆောင်လုပ်နေသူမှာ စိတ်ပညာရှင် ဒေါက်တာ ဒေးဗစ်ဟင့်ခ်ျကလစ်ဖြစ်သည်။ အထူးသဖြင့် သူက ရောဂါဝေဒနာတစ်ခုခု ခံစားနေရသည့် အဘိုးအဘွားများအတွက် ဤပရောဂျက်ကို အကောင်အထည်ဖော်နေခြင်း ဖြစ်သည်။ အထီးကျန်စွာဖြင့် ဘဝကို နိဂုံးချုပ်ချိန် စောင့်နေသူများကို ပြန်လည်ပြီး လူ့ဘောင်အတွင်း ဆွဲသွင်းခြင်း အစီအစဉ်တစ်ခု ဖြစ်သည်။

“လူမူရေးလုပ်ငန်းတွေထဲ ဝင်ရောက်လုပ်ကိုင်ရေး အစီအစဉ်က ကုသရေးကို အများကြီး ထိရောက်စေပါတယ်။ ကုသခြင်းနောက်မှာ ကလေးတွေနဲ့ ဒီလို အတူနေထိုင်စေခြင်းက သူတို့ခံစားနေရတဲ့ ဝေဒနာတွေကို ပိုပြီးသက်သာစေပါတယ်” ဟု ဒေးဗစ်က ဆိုသည်။

အဘွားတစ်ယောက်ဆိုလျှင် သတိမေ့သည့် ဝေဒနာကို ခံစားနေရသည်မှာ ကြာပြီ။ သို့သော် ကလေးတွေနှင့်အတူ နေထိုင်စေပြီးနောက် မနက်အိပ်ရာကထလျှင် သူကျောင်းသွားရဦးမည်ဆိုသည့် အသိကို ထူးခြားစွာ ပြန်ရလာသည်။ 

ကလေးတွေဘက်ကလည်း ပိုပြီးစိတ်လှုပ်ရှား တက်ကြွနေကြသည်။ သူတို့အတွက် အဘိုးအဘွားတွေနှင့်အတူ နေထိုင်ခွင့်မှာ တွေ့ကြုံချင်မှ တွေ့ကြုံနိုင်မည်။ အဘွားတစ်ယောက်၏ အိုင်ယာလန်သူ လေသံနှင့် ပုံပြင်ဖတ်ပြနေခြင်းကို ကလေးတွေက အထူးစိတ်ဝင်စားကြသည်။ 

မူလတန်းကျောင်းသားလေးတစ်ယောက်ဆိုလျှင် ကျောင်းရောက်ကတည်းက စကားမပြောပေ။ သို့သော် အဘိုးအဘွားတွေရောက်လာပြီးကတည်းက စကားပြောစပြုလာသည်။ ဘာသာစကားစွမ်းရည် ပိုပြီး တိုးမြင့်လာသည်။

ယခုအစီအစဉ်သည် ကလေးတွေအတွက်ရော လူကြီးတွေအတွက်ပါ အကျိုးရှိစေသည်။ ကျောင်းအတွက် အကျိုးတရားမှာ လူစိတ်ဝင်စားမှု ပိုများလာစေပြီး လှူဒါန်းသူတွေ များလာသည်။ နှစ်ဦးနှစ်ဖက် အကျိုးရှိစေသည့် လူမှုရေး လုပ်ဆောင်ချက်တစ်ခု ဖြစ်သဖြင့် ဤပရောဂျက်မှာ အောင်မြင်ပါစေဟုသာ ဆုတောင်းမိသည်။

E-01

  • VIA