News

POST TYPE

EDUCATION

EVOLUTION နှင့် မဖြစ်နိုင် REVOLUTION လုပ်မှဖြစ်တော့မယ်
12-Dec-2017

ပညာရေးစနစ်ကြီး တိုးတက်ကောင်းမွန်ဖို့ ပြုပြင်ပြောင်းလဲရေး စီမံကိန်းတွေ၊ စီမံချက်တွေချမှတ်ပြီး ဆောင်ရွက်နေတာ ခေတ်တိုင်း စနစ်တိုင်းမှာပါပဲ။ တိုးတက်လာသလား ဆိုတော့လည်း သိသာတဲ့အရွေ့တစ်ခုဆိုတာကို ရောက်မလာပါဘူး။ လုံးချာလည်နေတဲ့ ပညာရေးမျိုး ဖြစ်နေတယ်။ ဒါနဲ့ပတ်သက်ပြီး အတွေ့အကြုံလည်းရှိ၊ ပညာရေးလောကအပေါ် သံယောဇဉ်ကြီးမားလွန်းလှတဲ့ ဆရာကြီးဂုဏ်ထူး ဦးသိန်းနိုင်နဲ့တွေ့တဲ့အခါ ပညာရေးနဲ့ပတ်သက်ပြီး ဆရာကြီးရဲ့ သဘောထားအမြင်ကို ကြားခဲ့ရတယ်။ ပြောခွင့်ဆိုခွင့်ရမယ့် ပညာရေးတွေ့ဆုံဆွေးနွေးပွဲတွေအတွက်လည်း အမှာစကား ပါးလိုက်ခြင်းပါပဲ။

ဆရာကြီးကတော့ မြန်မာ့ပညာရေးစနစ်ကို Evolution နဲ့ မရနိုင်တော့ဘူးလို့ ဆိုပါတယ်။ တကယ့်ကို ပြုပြင်ပြောင်းလဲသွားနိုင်ဖို့ဆိုရင် Revolution လုပ်တော့မှပဲ ရမှာပါတဲ့။ အများသိပြီးဖြစ်တဲ့ အတိုင်းပါပဲ။ Evolution ဆိုတာ တစ်စတစ်စ တိုးတက်ပြောင်းလဲလာအောင် လုပ်တာပါ။ Revolution ကတော့ အမြစ်ကလှန်တာပါ။ လုံးလုံးလျားလျားကြီး ပြောင်းလဲပစ်ခြင်းပါ။ တော်လှန်ပစ်ခြင်းပါ၊ ဒီတော့ ဆရာကြီးရဲ့ အမြင်သဘောထားက ရှင်းပါတယ်။ ပညာရေးလောကကြီး တစ်ခုလုံးကို အမြစ်ကလှန်ပြီး စလုံးရေးစချင်တဲ့ သဘောပါပဲ။

ဒီနေရာမှာ စာရေးသူတို့လည်း ပညာရေးနဲ့ပတ်သက်ပြီး ရေးပေါင်းများလို့ အပ်ကြောင်းထပ်နေပါပြီ။ အခြေခံကစပါ၊ အခြေခံကို အာရုံစိုက်ပါ၊ အခြေခံကို ခိုင်ခိုင်မာမာ တည်ဆောက်ကြပါလို့။ အမျိုးသားပညာရေး စီမံကိန်း ချမှတ်ဆောင်ရွက်ကတည်းကိုက လိုအပ်ချက်တွေနဲ့။ ၂၀၁၆ ခုနှစ်မှာ စီမံကိန်းက စနေပြီ။ အဲ့ဒီ မဟာဗျူဟာစီမံကိန်းကြီး စတင်ခြင်းအခမ်းအနားက ၂၀၁၇ ခုနှစ်မှ စတင်ဖွင့်လှစ်နိုင်တယ်။ စာသင်နှစ်တစ်နှစ် ဘယ်လိုပြီးသွားမှန်းတောင် မသိလိုက်ဘူး။ အဲဒီစတင်လိုက်တဲ့နှစ်မှာပဲ (KG+12) KG တန်းတွေအတွက် တကယ့်ကို ပညာရေးက ရည်မှန်းတဲ့ အဆင့်တွေကို ကျော်ဖြတ်နိုင်ခဲ့သလား။ ပေးချင်တဲ့ အသိပညာတွေ ရသွားသလား။ တကယ် တတ်မြောက်သွားကြသလား။ ပြောင်းလဲကျင့်သုံးတဲ့ သင်ကြားနည်းစနစ်တွေ အသုံးချနိုင်လား။ အောင်မြင်ထိရောက်မှု ရှိသလား။ အဲဒီအတွက် လေ့လာဆန်းစစ်ချက်တွေရှိသလား။ သုတေသနပြုမှုတွေ ရှိသလား။ ပြန်ပြီးအသုံးချနိုင်ဖို့ လိုပါတယ်။

ဒါက Evolution နည်း။ လက်ရှိ အနေအထားကနေ တစ်စတစ်စ ပြောင်းလဲတိုးတက်ဖို့ လုပ်နေတာ။ အဲဒီနည်းဟာ ကွက်ကျားမိုး ရွာသလိုပဲ ဖြစ်နေတယ်။ ဆိုလိုတာက တစ်စတစ်စ တိုးတက်ဖို့ဆိုတာ အခြေခံလိုအပ်ချက်တွေ ပြီးပြည့်စုံနေတဲ့ မြို့ကြီးပြကြီးတွေမှာပဲ အဆင်ပြေနိုင်တယ်။ မြို့ကြီးတွေဆိုတောင် မြို့အစွန်အဖျားကျောင်းတွေ ပြည့်စုံမှုမရှိဘူး။ နယ်ကျောင်းအနေအထားတွေဆိုရင် ဖြည့်ဆည်းပေးဖို့ လိုအပ်ချက်တွေ အများသား။ အဆောက်အအုံမလုံလောက်တာ၊ စာသင်ခုံ မပြည့်စုံတာ၊ ဆရာမ မလုံလောက်တာ၊ သင်တန်းမရှိတာ၊ သင်ပြနည်း မပြောင်းလဲနိုင်တာ၊ သင်ကြားမှု အထောက်အကူပစ္စည်း မစုံလင်တာ၊ ခေတ်မီနည်းပညာသုံး ပစ္စည်းတွေ မရှိတာ၊ အဲဒီလို အဘက်ဘက်က မပြည့်စုံတဲ့ အနေအထားမျိုးနဲ့ စီမံကိန်း စီမံချက်တွေကို စတင်နေတာဟာ ငွေကုန်သံပြာဖြစ်ရမယ့် ကိစ္စပဲလို့ မြင်နေကြပါတယ်။

ဒါကြောင့်လည်း ပညာရေးလောကက ဒုံရင်းဒုံရင်းဖြစ်နေတယ်လို့ ဆိုတာလည်း အပြစ်မဆိုသာဘူး။ ဘာကြောင့်လဲဆိုတော့ ပညာရေး ရပ်ဝန်းကြီး တစ်ခုလုံးအတွက် အားထားရလောက်တဲ့ စံမီ အမျိုးသားပညာရေး ဥပဒေဆိုတာကလည်း ထွက်မလာနိုင်သေးဘူး။ ခုဟာက အားလုံးပဲ မျှောလိုက်နေကြတဲ့ သဘောပဲ။ ဒီတော့ အများစုကတော့ Revolution လုပ်ဖို့ကို မျှော်လင့်ကြတယ်။ လုံးလုံးလျားလျား ပြောင်းပစ်မှရမှာ။ ပညာရေး လောကအတွက် ပညာရေးလောကသား၊ အတွေ့အကြုံ ရင့်ကျက်သူတွေ၊  အမြော်အမြင် ကြီးသူတွေ၊ နိုင်ငံတကာ စံချိန် စံညွှန်းတွေ နားလည်သူ၊ ထဲထဲဝင်ဝင် ရှိသူတွေ၊ တတ်ကျွမ်းနားလည်သူတွေနဲ့ အစားထိုးရပါလိမ့်မယ်။ ပညာရေးလုပ်ငန်းအတွက် ပညာရေးသဘောတရား၊ ပညာရေးစိတ်ပညာနဲ့ ပညာရေးစီမံခန့်ခွဲမှု စတဲ့ အခြေခံသဘောတရားတွေကို နက်နက်နဲနဲ မသိကျွမ်းသူတွေနဲ့ တည်ဆောက်လို့ မရနိုင်ပါဘူး။ မလိုအပ်ဘဲ ပိုနေတဲ့ ဖွဲ့စည်းပုံတွေကို ပြင်ရပါလိမ့်မယ်။ (မြို့နယ် ပညာရေးမှူးရုံးတစ်ရုံးမှာ ရုံးဝန်ထမ်း (Staff) က ၆၀ ရှိပါသတဲ့)

ပညာရေးလောကကြီးကို ပညာရေးလောက ပညာရှင်တွေနဲ့ ဖြည့်ဆည်းပြီးတဲ့နောက်မှာ တစ်နိုင်ငံလုံးအဆင့်အနေနဲ့ အခြေခံပညာ မူလတန်းအဆင့်ကို စပြီး ပြုပြင်တည်ဆောက်သင့်ပါတယ်။ ကျောင်းကို ကျောင်းနဲ့တူအောင် ဆရာ/ဆရာမ ပြည့်စုံအောင်၊ ပရိဘောဂ ပြည့်စုံအောင်၊ သင်ထောက်ကူ ပြည့်စုံအောင် ဖြည့်ဆည်းရပါလိမ့်မယ်။ အဲဒီအချိန်မှာ ပြုစုထားတဲ့သင်ရိုး၊ သင်တန်းပေးထားတဲ့ ဆရာ/ဆရာမတွေနဲ့ သင်ထောက်ကူတွေကို အပြည့်အစုံသုံးပြီး စတင်သင့်ပါတယ်။ ကောင်းမွန်ပြည့်စုံတဲ့ အခြေအနေမျိုးမှာ စတင်နိုင်တဲ့အတွက် တာထွက် ကောင်းပါလိမ့်မယ်။ အဲ့ဒါကို စဉ်ဆက်မပြတ် ကြီးကြပ်စေဖို့၊ အကဲဖြတ်ဖို့၊ ပညာရှင် အဖွဲ့ဖွဲ့ခြင်း၊ စစ်တမ်းကောက်ခြင်း သုတေသနပြုခြင်းတွေ ထက်ကြပ်မကွာ လိုက်ပါရပါလိမ့်မယ်။ အဲဒီ စစ်ဆေးအကဲဖြတ်မှု၊ သုတေသနပြုမှုတွေဟာ အဲဒီစနစ် အောင်မြင်ခြင်း၊ ကျရှုံးခြင်းအတွက် ရလဒ် တစ်စုံတစ်ရာကို ပေးနိုင်ပါလိမ့်မယ်။

အဲဒီရလဒ်တွေဟာ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ မူလတန်းအဆင့် ကျောင်းတွေမှာ စနစ်သစ်ပညာရေးက ပေးချင်တဲ့ သင်ခန်းစာတွေ၊ သင်ချင်တဲ့ သင်နည်းစနစ်တွေ၊ ကလေးကိုယ်တိုင် ပါဝင်မှုတွေ၊ သင်ထောက်ကူတွေကို သုံးရခြင်းရဲ့ အကျိုးကျေးဇူးတွေ တကယ်ရသွားသလား။ တကယ်ရသွားမှ မျှော်မှန်းထားတဲ့ ပညာရေးရည်မှန်းချက် ပေါက်မြောက်နိုင်မှာပါ။ အဲဒီအောင်မြင်မှုကို တိုင်းတာရာမှာလည်း မြို့ပေါ်က ကျောင်းတွေ၊ နာမည်ရှိတဲ့ ပုဂ္ဂလိကကျောင်းတွေတင် မဟုတ်ဘဲ တစ်နိုင်ငံလုံးရှိ ကျောင်းအမျိုးအစားအားလုံးနဲ့ တိုင်းတာကြည့်ရပါလိမ့်မယ်။ ဒါဟာ ကျောင်းအားလုံးအပေါ်မှာ လွှမ်းခြုံနိုင်ဖို့လိုတဲ့ အချက်ပါပဲ။

ဒီတော့ မူလတန်းအဆင့်ကိုပဲ အာရုံစိုက်ပြီး မိမိတို့ရည်မှန်းထားတဲ့ စံနှုန်းတစ်ခုကို မရောက်ရောက်အောင် မောင်းနှင်နိုင်ဖို့လိုတယ်။ အဲဒီ အဆင့်ကို ကျော်ဖြတ်နိုင်ရင် အလယ်တန်းအဆင့်နဲ့ အထက်တန်းအဆင့်ကို ညင်သာစွာ ကျော်ဖြတ်နိုင်မှာပါ။ အဲ့ဒီ အခြေခံအဆင့်ကို ခိုင်ခိုင်မာမာ တောင့်တောင့်တင်းတင်း မတည်ဆောက်နိုင်ခဲ့ရင် အဲဒီအခြေခံပေါ်မှာ တည်ဆောက်မယ့် အပေါ်ထပ် အဆောက်အဦကြီးတစ်ခုလုံးဟာ ဘယ်လိုမှ အာမခံချက်ပေးနိုင်မှာ မဟုတ်ပါဘူး။

ဒါကြောင့် ပညာရေးရပ်ဝန်းကြီးတစ်ခုလုံး ပြောင်းဖို့ဆိုရင် အခြေခံကျတဲ့ အခြေခံပညာအဆင့်ကို စပြောင်းပါ။ အခြေခံပညာအဆင့်မှာ အခြေခံပညာ မူလတန်းဆင့် (KG+4(or)KG+5) အပိုင်းကို အမိအရ ပြုပြင် ပြောင်းလဲဖို့ပါပဲ။ အဲဒီအချိန်မှာ အလယ်တန်းဆင့်နဲ့ အထက်တန်းဆင့်ကို ပုံမှန်အတိုင်း သွားသင့်ပါပြီ။ တစ်ပြိုင်နက်ပြောင်းဖို့ မနိုင်မနင်း ဖြစ်နိုင်ပါတယ်။ မူလတန်းအဆင့်က တက်လာမယ့် ကလေးတွေအတွက် အလယ်တန်းဆင့်နဲ့ အထက်တန်းဆင့်သင်ရိုး သင်ပြနည်းတွေကို ကြိုတင်ပြင်ဆင်ထားဖို့ပါပဲ။ အဲဒီလို အလုံးစုံပြောင်းလဲနိုင်ပြီး တစ်ဆင့်ထက် တစ်ဆင့် တိုးတက် ပြောင်းလဲသွားနိုင်မှသာ ပညာရေးလောကထဲမှာ အမြစ်စွဲနေမှုတွေကို ကျော်လွှားနိုင်ပြီး မိမိတို့မွေးထုတ်လိုတဲ့ လူ့စွမ်းအားအရင်းအမြစ်တွေကို ရရှိနိုင်လိမ့်မယ်လို့ တွေးဆမိကြောင်းပါ။

ခင်မောင်ဌေး (ပညာရေး)

  • VIA