News

POST TYPE

EDUCATION

အာဖရိကတိုက်နှင့် မိုဘိုင်းလ် ပညာရေး
09-Dec-2017


ပညာသင်ယူရေး စနစ်ဆိုသည်မှာ အီလက်ထရွန်းနစ် သင်ယူနည်းစနစ်ကဲ့သို့ မဟုတ်ပါ။ လူတိုင်းက ကွန်ပျူတာရှိမှ အီလက်ထရွန်းနစ်ပညာရေးနှင့် နီးစပ်မည်ဟု ထင်နေခြင်းမှာ မဟုတ်ပါ။ မိုဘိုင်းလ် ပညာရေးက အီလက်ထရွန်းနစ် ပညာရေးလောက် မကျယ်ပြန့်သော်လည်း Wireless ပစ္စည်းများနှင့် ဆက်သွယ်သင်ကြားနိုင်သည့် စနစ်တစ်ခုဖြစ်ပါသည်။ အထူးသဖြင့် မိုဘိုင်းလ်ဖုန်းတစ်လုံးရှိလျှင် ပညာသင်ကြားမှု သင်ယူမှုကို အချိန်မရွေး၊ နေရာမရွေး လုပ်ဆောင်နိုင်သည့် အစီအစဉ်တစ်ခုဟု ဆိုနိုင်ပါသည်။ 

Electronic Learning ဆိုသည့်သဘောမှာ ဆက်သွယ်ရေးဆိုင်ရာ ပစ္စည်းများဖြစ်သည့် ကွန်ပျူတာ အင်တာနက်တို့ကို ပုံသေတပ်ဆင်ထားသည့် နေရာတွင် သင်ကြားကြရသည့် သဘောဖြစ်သည်။ ထူထောင်ရသည့် စရိတ်ကြီးမားပြီး တန်ဖိုးလည်း များသည်။ ဆင်းရဲသည့် မဖွံ့ဖြိုးသေးသော နိုင်ငံများတွင် ကွန်ပျူတာရှိမှ ပညာသင်နိုင်မည်ဆိုသည့် သဘောတရားကို ဆန့်ကျင်လာပြီး တန်ဖိုးနည်း ပညာသင်ယူနိုင်မှုကို နည်းလမ်းများ ရှာဖွေလာရာမှ မိုဘိုင်းလ်ပညာရေးခေါ် ဖုန်းကတစ်ဆင့် ပညာသင်ယူနိုင်သည့် စနစ်များ ပေါ်ပေါက်လာခဲ့ရသည်။

အာဖရိကတွင် မိုဘိုင်းလ်ဖုန်းများကို အသုံးပြုမှု ဖွံ့ဖြိုးတိုးတက်လာသည့်အလျောက် အွန်လိုင်းသင်ယူမှုကို စီးပွားရေးလုပ်ငန်းကြီးတစ်ခုအသွင်ဖြင့် လုပ်ဆောင်လာသည့် ကုမ္ပဏီကြီးများလည်း ဝင်လာကြပြီးဖြစ်သည်။ ဆင်းရဲတွင်းနက်ပြီး အမြန်ဆုံး ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်ရေးအတွက် မိုဘိုင်းလ်နှင့် အွန်လိုင်းပညာရေးသာ အဖြေဖြစ်ကြောင်း သိနေသည့် အာဖရိက၏ အွန်လိုင်းပညာရေး သို့မဟုတ် မိုဘိုင်းလ်ပညာရေးတွင် မည်သို့လှုပ်ရှားဆောင်ရွက်နေကြောင်း သိထားရန်လိုပါသည်။

Sterio.me

ပညာရေးလောကအတွက် မိုဘိုင်းလ်တော်လှန်ရေးတစ်ခုကို လုပ်ဆောင်ရန် ကြိုးပမ်းနေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ စာသင်ခန်းများအတွင်း ကျောင်းသားများကို မိုဘိုင်းလ်ဖုန်းများကတစ်ဆင့် သင်ခန်းစာများကို ရယူနိုင်ရန် စီစဉ်ပေးနေသည်။ Sterio ဆိုသည်မှာ သင်ခန်းစာများကို ကြိုတင်ကာသွင်းထားပြီး SMS စနစ်ဖြင့် ပို့ပေးခြင်းဖြစ်သည်။ အင်တာနက်မရသည့် နေရာများတွင်လည်း ကိစ္စမရှိ။ ဖုန်းလိုင်း ချိတ်ဆက်မိလျှင် ဖုန်းထဲတွင် အသင့်သွင်းပေးထားသည့် သင်ခန်းစာများကို လေ့လာနိုင်သည်။ 

Sterio.me ကို ထူထောင်သူမှာ ခရစ်တိုဖာပရူဂျေဆန်ဆိုသူဖြစ်သည်။ သူက လက်ရှိလည်း ကုမ္ပဏီ၏ CEO အဖြစ် တာဝန်ယူထားသည်။ သူက အာဖရိကတိုက်မှ ဆရာများကို တစ်ပတ်လျှင် နာရီပေါင်း ၂၀ ဖုန်းများကို အသုံးပြုခွင့်ပေးရန် တိုက်တွန်းနှိုးဆော်ထားသည်။ သူတို့ ဖုန်းများဖြင့် အိမ်စာတွေပေးခြင်းကို စတင်ဆောင်ရွက်နေကြပြီဖြစ်သည်။ အိမ်စာများကို ပေးရာတွင် ဆရာများက ကြိုတင်စီစဉ်ခြင်း၊ ကျောင်းသားတိုင်းဆီသို့ ဖုန်းကတစ်ဆင့် ပေးပို့ခြင်း၊ ကျောင်းသားများ လုပ်ဆောင်ချက်အဖြေကို ဖုန်းကတစ်ဆင့် ပြန်လည်လက်ခံခြင်း စသည့်စနစ်များနှင့် လည်ပတ်နေကြပြီဖြစ်သည်။

Rethink Education

အာဖရိကတိုက် ကိတ်တောင်းတွင် အခြေစိုက်ထားသည့် E-Learning အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ၂၀၁၂ ခုနှစ်က စတင်ထူထောင်ခဲ့ပြီး Web နှင့် မိုဘိုင်းလ်ကို အခြေခံကာ ပညာပေးနေသည်။ ပညာရေးဆိုင်ရာအကြောင်း အချက်အလက်များကို မိုဘိုင်းလ်ဖုန်းကတစ်ဆင့် ရရှိနိုင်စေရန် စီစဉ်ပေးနေသည်။ သူတို့ အစီအစဉ်များကို Mxit, WeChat, Bambisa ဆိုသည့် ပရိုဂရမ်များကတစ်ဆင့် ရယူနိုင်စေရန် စီစဉ်ပေးထားသည်။ အထူးသဖြင့် ကျောင်းများတွင် အင်တာနက်ကတစ်ဆင့် ရယူသုံးစွဲနိုင်မည့် စနစ်များဖြစ်သည်။

Rethink အနေနှင့် မိမိတို့ ပရိုဂရမ်များကို မည်သည့်မိုဘိုင်းလ်ပစ္စည်းတွင်မဆို ရယူသုံးစွဲနိုင်စေရန် စီစဉ်ပေးထားပြီး Quality Education တစ်ခု ဖြစ်လာစေရေးအတွက် စောင့်ကြည့်အကြံပေးသည်။ ကျောင်းသားများ မည်မျှအထိ အသုံးပြုနိုင်စွမ်းရှိကြောင်းကို အကဲဖြတ်ပြီး အနာဂတ်အတွက် ပညာရေးလမ်းကြောင်းတစ်ခုကို အကောင်အထည်ဖော်နေသည်။ 

Rethink ကို လက်ရှိအခြေအနေတွင် တောင်အာဖရိက၌သာ အသုံးပြုနေပြီး ဂါနာနှင့် နိုင်ဂျီးရီးယားတို့တွင်ပါ တိုးမြှင့်လုပ်ဆောင်သွားရန် စီစဉ်နေသည်။ အထူးသဖြင့် သင်္ချာနှင့် သိပ္ပံဆိုင်ရာသင်ခန်းစာများကို တိုးချဲ့သင်ကြားနိုင်ရေးအတွက် စီစဉ်နေသည်။

Ubongo

တန်ဇန်းနီးယားနိုင်ငံမှ Ubongo အဖွဲ့သည် ကလေးများအတွက် သင်္ချာသင်ကြားရေးကို အဓိက ဦးစားပေးလုပ်ဆောင်နေသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ သူတို့က ဗီဒီယိုဇာတ်လမ်းလေးများကို တိရစ္ဆာန်လေးများနှင့် အထူးပြုလုပ်ဖန်တီးချက်များ ထည့်သွင်းကာ ရိုက်ကူးသည်။ သူတို့ရိုက်ကူးသည့် ဇာတ်လမ်းများကို SMS ပေးပို့ပြီး ကြည့်နိုင်သည်။ သင်္ချာဇာတ်လမ်းတွဲများကို Swahili ဟု အမည်ပေးထားသည်။ တန်ဇန်းနီးယားတွင် သူတို့ ဗီဒီယိုဇာတ်လမ်းတွဲများကို စောင့်ကြည့်နေသူပေါင်း ၁ ဒသမ ၄ သန်းကျော်ရှိသည်။ အရှေ့အာဖရိကတွင် အိမ်များက စောင့်ကြည့်သူပေါင်း တစ်သန်းကျော်ရှိသည်။

Ubongo အဖွဲ့သည် Pearson ကုမ္ပဏီ၏ ထောက်ပံ့ကြေး ဒေါ်လာ ၇၅၀၀၀ ကို လက်ခံရရှိထားသည်။ ထိုအဖွဲ့ကလည်း သင်ကြားရေးဆိုင်ရာ ကျွမ်းကျင်မှုလုပ်ငန်းများကို လုပ်ဆောင်နေသည့် အဖွဲ့အစည်း တစ်ခုဖြစ်သည်။ Ubongo Kids ဆိုသည့် အစီအစဉ်ကို အင်္ဂလိပ်လို ကင်ညာနိုင်ငံတွင် ထုတ်လွှင့်လျက်ရှိပြီး သင်္ချာကို ပျော်စရာရွှင်စရာနည်းပညာတစ်ခုအနေဖြင့် ဇာတ်လမ်း၊ သီချင်းလေးများ စီစဉ်ကာ သင်ကြားပေးလျက်ရှိသည်။

(Ref: African e-learning startups to watch)
E-01

  • VIA