News

POST TYPE

EDUCATION

ဆရာများ၏ ရင်ဖွင့်သံ (ယင်လုံအိမ်သာ)
02-Dec-2017 tagged as ပညာရေး

တစ်နိုင်ငံလုံးရှိ စာသင်ကျောင်းများတွင် ယင်လုံအိမ်သာ ငါးသောင်းနီးပါး လိုအပ်နေသေးကြောင်း ပညာရေးဝန်ကြီး ဒေါက်တာ မျိုးသိမ်းကြီးက ယခုသီတင်းပတ်အတွင်း ပြောကြားသည်။ ကျန်းမာရေးအတွက် ယင်လုံအိမ်သာသည် မရှိမဖြစ် လိုသည်။ အခြေခံပညာကျောင်းများတွင် လက်တွေ့ဖြစ်နေသည့် အခြေအနေအကြောင်း ဆရာများ၏ ပြောကြားချက်များကို ယခုတစ်ပတ် ဆရာများ၏ ရင်ဖွင့်သံကဏ္ဍမှတစ်ဆင့် The Voice က စုစည်းဖော်ပြလိုက်ပါသည်။ 

“ကျန်းမာရေး မကောင်းတာမျိုး ဖြစ်နေရင်တော့ သူ့ကို သတ်သတ် ဦးစားပေး ပုံစံမျိုး သွားခိုင်းတယ်”
ဦးကျော်ရာဇာထွန်း (မူလတန်းပြ၊ အလက-လွှဲဆိပ်၊ ကန့်ဘလူမြို့နယ်၊ စစ်ကိုင်းတိုင်း)

ကျွန်တော်တို့ကျောင်းမှာက ကျောင်းသား၊ ကျောင်းသူ ၃၆၀ ရှိတယ်။ ဆရာ လေးယောက်ရှိတယ်။ မိသားစုတွေရောဆိုရင် ဆယ်ယောက်လောက် ရှိတယ်။ ကျောင်းဝင်းထဲမှာပဲ နေကြတယ်။ ဆရာတွေအတွက်ကို ရွာက ဝန်ထမ်းအိမ်ရာ ဆောက်ပေးထားတယ်။ ယင်လုံအိမ်သာက သုံးလုံးပဲ ရှိတယ်။ ကျောင်းသားကများပြီး အိမ်သာ အရေအတွက်က နည်းတော့ အဆင်ပြေမှုတော့ မရှိဘူး။ ခုလောလောဆယ်တော့ လုံလောက်မှု မရှိတော့ အဆင်မပြေဘူး ပြောရမှာပဲ။ ကျောင်းသားတွေအတွက်က အိမ်သာတစ်လုံး၊ ကျောင်းသူတွေအတွက် အိမ်သာတစ်လုံး သတ်မှတ်ပေးထားတယ်။ ဆရာတွေအတွက်က တစ်လုံးပါ။ ရှိတဲ့သုံးလုံးကတော့ သန့်ရှင်းပါတယ်။ ကလေးတွေကို သန့်ရှင်းအောင် လုပ်နည်း ကိုင်နည်းတွေရော စနစ်တကျ သင်ပေးရတယ်။ အခန်းထဲမှာ စာသင်ရင်းနဲ့ သင်တယ်။ နောက်ပြီး ဘဝတွက်တာ သင်ခန်းစာတွေ တစ်ကိုယ်ရေ သန့်ရှင်းမှုဆိုတဲ့ သင်ခန်းစာတွေနဲ့ ဆက်စပ်ပြီး သင်ပေးတယ်။ 

နောက်ပြီးတော့ နိုင်ငံတော်အလံ အလေးပြုတဲ့အခါမှာလည်း ရေအိမ်သာ ဘယ်လို အသုံးပြုရတယ်ဆိုတာ ပြောပြရတယ်။ အိမ်သာ သန့်ရှင်းရေးကို အစပိုင်းကတော့ ကလေးတွေနဲ့ ဆရာတွေနဲ့ ဝိုင်းလုပ်ရတယ်။ နောက်ပိုင်းကျတော့ ကလေးတွေ သိသွားပြီး သူတို့ဘာသာ လုပ်ကြတယ်။ ကျွန်တော်တို့ကျောင်းကတော့ သပ်ရပ်တယ် ပြောရမယ်။ ဘာကြောင့်လဲဆိုတော့ ခုခေတ်ကလေးတွေက ယင်လုံအိမ်သာ သုံးတာကို သိပ်မစိမ်းကြဘူးလို့ ပြောရမယ်။ အသိပညာပေးတာမျိုးတွေကိုလည်း နိုင်ငံတော်အလံ အလေးပြုတဲ့အခါမှာ ကျောင်းအုပ်က အဓိက ပြောတယ်။ ဆရာ၊ ဆရာမတွေကလည်း အလှည့်ကျ ပြောတယ်။ ကျောင်းသားများပြီး ယင်လုံအိမ်သာ နည်းပေမယ့် သိပ်ပြီး ခက်ခဲတာမျိုး တော့မရှိဘူး။ ကလေးတွေကို အလှည့်ကျစနစ်နဲ့ သွားခိုင်းတယ်။ စာသင်ခန်း တစ်ခန်းက ကျောင်းသားတစ်ယောက် ထွက်ပြီဆိုရင် သူ ပြန်လာမှ နောက်တစ်ယောက် သွားဆိုတာမျိုးပါ။ ဝမ်းပျက်တာမျိုး၊ ကျန်းမာရေး မကောင်းတာမျိုး ဖြစ်နေရင်တော့ သူ့ကိုသတ်သတ် ဦးစားပေးပုံစံမျိုး သွားခိုင်းတယ်။ ကျောင်းကလည်း မနက် ၉ နာရီလောက် တက်တယ်။ ညနေဆို ၄ နာရီဆင်းတာဆိုတော့ ကျောင်းမှာ အဲဒီကိစ္စနည်းတယ်လို့ ပြောရမယ်။ များသောအားဖြင့် ကလေးတွေက အိမ်ကနေပဲ အခင်းသွားလာတယ်။ ကျောင်းမှာက များသောအားဖြင့် အပေါ့လောက်ပဲသွားကြတယ်။ အိမ်သာအရေအတွက် နဲ့ ကျောင်းသားအချိုးကျတွက်ကြည့်ရင် နည်းတယ်။ ဒါကြောင့် ပထမအကြိမ် ကျောင်းစစ်လာတော့ တင်ပြ တယ်။ ပြီးခဲ့တဲ့လတုန်းကဖြစ်မယ်။ ကျောင်းစစ်ကတော့ ကျောင်းသားအချိုးနဲ့ အိမ်သာ အရေအတွက်ကို မှတ်သွားတယ်။ အဲဒါကို သူတို့ကမှ လိုအပ်တယ်ဆိုရင် ထပ်ပြီး တင်ပြဖို့ပြောတယ်။ သူတို့ကတော့ လုံလောက်မှု မရှိတဲ့အကြောင်း မှတ်ချက်တော့ ယူသွားတယ်။ 

ကျောင်းကို  ၄ မိုင်လောက်ဝေးတဲ့ တောထဲက လာတက်တဲ့ ကလေးတွေလည်း ရှိတယ်။ ကလေးတွေကို အိမ်သာ သွားချင်တဲ့အခါ မရှက်ဖို့ ဗိုက်အောင့်တာကို ပေမထားဖို့ ပြောရတယ်။ ယင်လုံအိမ်သာ နည်းတဲ့အတွက် ကလေးတွေ ဒုက္ခဖြစ်မှာမို့ ကျောင်းကော်မတီတွေရယ်၊ ကျောင်းရန်ပုံငွေရယ် မျှပြီးတော့ သစ်သား အိမ်သာသုံးလုံး ထပ်ဆောက်ထားတယ်။ ယင်လုံအိမ်သာတော့ မဟုတ်ဘူး။ ယင်လုံအိမ်သာ ဆိုတာကတော့ အုတ်နဲ့ ဆောက်ရတယ်။ တစ်လုံးကို ငါးသိန်းကျပ်နှုန်းနဲ့ ချပေးတယ်။ ကျင်းအနက်က ဘယ်လောက်၊ ကွန်ကရစ်အမိုးဆိုပြီး ပုံစံနဲ့ ချပေးတယ်။ သူတို့ ချပေးတဲ့ပုံစံအတိုင်း ဆောက်ရတယ်။ သစ်သားအိမ်သာ ဆိုတာကတော့ ကိုယ့်ဒေသမှာ ထွက်တဲ့ သစ်ဝါးလေးနဲ့ အဆင်ပြေသလိုဆောက်ရတယ်။ ကျွန်တော့်အမြင်ပြောရရင် လူအများနဲ့ ယင်လုံအိမ်သာ နည်းနည်းကို မျှသုံးနေရတော့ ကျန်းမာရေးအနေနဲ့ကြည့်မယ်ဆိုရင် လောလောဆယ် မထိခိုက်သေးရင်လည်း ရေရှည်အတွက် မကောင်းဘူး။ နောက်ပြီးတော့ လူများတယ်။ အိမ်သာနည်းတယ်ဆိုတော့ သန့်ရှင်းမှုပိုင်းလည်း အားနည်းတယ်။ ကျောင်းတွေမှာ လိုအပ်တာတွေကတော့ အများကြီးပဲ။ ယင်လုံအိမ်သာ ဆိုတာကတော့ ကျောင်းတွေမှာ အဓိက လိုအပ်ပါတယ်။

“သောက်သုံးဖို့ ရေသန့် မဖန်တီးနိုင်ဘူး။ ရေကို ကန်ထဲကနေ စက်နဲ့မောင်းပြီး ပိုက်တွေနဲ့သွယ်ပေးထားတယ်”
ဒေါ်ချယ်ရီသင်းလှိုင် (မူလတန်းပြ၊ မူလွန်-တိုက်ကြီး၊ ပဲခူးတိုင်း)

ကျွန်မတို့ကျောင်းက ကျောင်းသား၊ ကျောင်းသူ ၃၀၈ ယောက်ရှိတယ်။ ဒါပေမဲ့ ယင်လုံအိမ်သာ ၄ လုံးပဲ ရှိတယ်။ ကျွန်မတို့က သင်ကြားရေးဘက်မှာဆိုတော့ ကျောင်းသားဦးရေ ဘယ်လောက်ကို အိမ်သာ ဘယ်နှလုံး သတ်မှတ်ထားတယ်ဆိုတာ မသိပေမယ့် ကျောင်းသားဦးရေနဲ့ အိမ်သာ အရေအတွက်နဲ့ဆိုရင် အချိုးမကျဘူးဆိုတာတော့ သိပါတယ်။ ဒါကြောင့် ကျောင်းဝင်းထဲမှာ ယာယီ အပေါ့သွားခန်းတွေ စီစဉ်ပေးထားတယ်။ ယာယီဆိုတာက ထရံကာလေးတွေပေါ့။ အလေးသွားရင်တော့ ယင်လုံအိမ်သာ သုံးတယ်။ ယာယီ အပေါ့သွားခန်းက ယောက်ျားလေးတစ်လုံး၊ မိန်းကလေးတစ်လုံး စီစဉ်ပေးထားတယ်။ ကျောင်းနဲ့ ရပ်ရွာလူထုနဲ့ တိုင်ပင်ပြီး ဆောက်ပေးထားတာ။ တိုက်ကြီး ကျေးရွာဆိုတာ လျှပ်စစ်ဓာတ်အား ထုတ်တဲ့ စီမံကိန်းနယ်မြေပါ။ ကျောင်းကိုလည်း စက်ရုံက ဆောက်ပေးထားတာပါ။ စက်ရုံဆိုတာ ဇောင်းတူ လျှပ်စစ်ဓာတ်အား စက်ရုံကို ပြောတာ။ အစိုးရစက်ရုံပါ။ ခုနှစ်တော့ အတိအကျ မသိဘူး။ ကျောင်းမှာက ဆရာ၊ ဆရာမ ခုနစ်ယောက် ရှိတယ်။ ကျောင်းမှာ ဝန်ထမ်းအိမ်ရာ ဆိုတာမရှိဘူး။ ဝန်ထမ်းအိမ်ရာ မရှိတော့ စက်ရုံလိုင်းခန်းတွေမှာ နေကြတယ်။ ဆရာ၊ ဆရာမတွေက ပဲခူးမြို့ပေါ်နဲ့ ကျောက်တန်းကျေးရွာဘက်ကပါ လာကြတာဆိုတော့ ကျောင်းမှာပဲ နေကြတယ်။ ကျောင်းသာဦးရေနဲ့ အိမ်သာအချိုး မမျှတာကို ကျောင်းအုပ်ကတော့ ကျောင်းစစ်တွေလာရင် တင်ပြပါတယ်။ ယာယီ အပေါ့သွားခန်းတွေက ကလေးတွေအတွက် အဆင်ပြေပါတယ်။ 

ကျောင်းမှာ အဓိက လိုအပ်တာက သောက်ရေပါ။ သောက်သုံးရေအတွက် လိုအပ်ချက်တွေ အများကြီး ရှိတယ်။ သောက်သုံးဖို့ ရေသန့် မဖန်တီးနိုင်ဘူး။ ရေကို ကန်ထဲကနေ စက်နဲ့မောင်းပြီး ပိုက်တွေနဲ့ သွယ်ပေးထားတယ်။ ကျွန်မတို့ကတော့ ကျိုချက် သောက်နိုင်ပေမယ့် ကျောင်းသားတွေအတွက်ကျတော့ ကျိုမပေးနိုင်ဘူး။ ရေစစ်နဲ့ပဲ စစ်သောက်ရတယ်။ ရွာဘက်ဆိုတော့ လိုအပ်ချက်တွေ အများကြီး ရှိတယ်။ ပြောပြရင်ကုန်မှာ မဟုတ်ဘူး။ ကျွန်မတို့ကျောင်းက ပဲခူးတိုင်းထဲမှာ အဝေးဆုံးပဲ။ ပဲခူးရိုးမ တောင်ခြေကို ရောက်နေပြီ။ ယင်လုံအိမ်သာ သုံးစွဲတာနဲ့ပတ်သက်ပြီး အသိပညာပေးတာမျိုးတွေ ရှိပါတယ်။ ဟောပြောပွဲတွေ လုပ်တယ်။ ကျောင်းကျန်းမာရေး သီတင်းပတ်တို့လိုမျိုးတွေ အခါအားလျော်စွာ လုပ်ဖြစ်ပါတယ်။ ကလေးတွေကို အိမ်သာ တက်ပြီးတဲ့အခါ လက်ဆေးဖို့အတွက် ဆပ်ပြာခွက်တွေ ရေကန်အနီးမှာ ထားပေးပါတယ်။ အိမ်သာ သန့်ရှင်းရေးကိုလည်း အသင်းလိုက် တာဝန်ကျတဲ့နေ့ကို စုပေါင်းဆောင်ရွက် သန့်ရှင်းကြပါတယ်။ ကျောင်းတွေမှာ ယင်လုံအိမ်သာက ကလေးတွေရဲ့ ကျန်းမာရေးအတွက် မရှိမဖြစ် လိုအပ်ပါတယ်။

“ကျန်တဲ့ကလေးတွေကို ရေခပ်ခိုင်းပြီး ရေလောင်းခိုင်းရတယ်။ နောက်တစ်ခါကျ ကလေးတွေကို အကုန်သင်ပေးရတယ်”
ဒေါ်သဲမာထွေး (မူလတန်းပြ၊ အ.မ.က၊ ညောင်ထောက်၊ ရှမ်းပြည်နယ်၊ သီပေါမြို့ )

ကျွန်မတို့ကျောင်းမှာက ကျောင်းသား ၅၀ လောက်ရှိတယ်။ ကျောင်းက ကိုယ်ထူကိုယ်ထကျောင်း ပါ။ ရွာထဲက ဆောက်ပေးထားတာ။ ယင်လုံအိမ်သာ သုံးလုံးရှိတယ်။ အိမ်သာတွေကိုလည်း ရွာထဲကဆောက် ပေးထားတယ်။ လောလောဆယ်တော့ အဆင်ပြေနေ တယ်။ အိမ်သာအတွက်က အဆင်ပြေတယ်။ ရေက တော့ အခက်အခဲရှိတယ်။ ရေက လောလောဆယ်တော့ မိုးရေလှောင်ကန်နဲ့ ထည့်ထားတာရှိသေးတယ်။ အဲဒါ နဲ့ပဲ အိမ်သာရေအတွက်ရော သုံးစွဲတယ်။ နွေရာသီ နောက်ပိုင်းဆိုရင်တော့ တောင်ကျရေကို ပိုက်နဲ့သွယ် ပြီး ကိုယ့်ဘာသာကိုယ် ခပ်ထည့်ရတယ်။ ကျွန်မ ဒီရွာ ကို စရောက်ခါစကဆိုရင် ယင်လုံအိမ်သာ နှစ်လုံးပဲရှိ တယ်။ ရေကလည်း အဆင်မပြေဘူး။ ရေမရှိတဲ့ခါကျ တော့ ကလေးတွေက အပေါ့၊ အလေးသွားတဲ့အခါ  အိမ်သာထဲမှာမဟုတ်ဘဲ အပြင်မှာသွားမှာ စိုးရိမ်တယ်။ ဒါကြောင့် ရွာထဲကိုသွားပြောတယ်။ သူတို့ကမေးတယ်။ ဆရာမ ဘာဖြစ်ချင်တာလဲလို့ မေးတယ်။ ကျွန်မ အိမ်သာလိုချင်တယ်ဆိုတယ်။ အဲလိုပြောတော့ သူတို့ က အခုအလုပ်များနေတယ်။ မအားသေးတဲ့အတွက်  သူတို့က နွေရာသီရောက်မှ ဆောက်ပေးမယ်လို့ပြော တယ်။ ကျွန်မရောက်တာက ၈လပိုင်းဆိုတော့ နွေရာသီ ဆိုရင်မှ ဆောက်ပေးမယ်ဆိုရင် အဆင်မပြေဘူးလို့ ပြောရ တယ်။ အဲဒီကျတော့ သူတို့က ကျင်းတူးပြီးတော့ ဆောက် ပေးတယ်။ ရေလောင်းအိမ်သာမဟုတ်ဘူး။ ရိုးရိုးကျင်း တူးပြီးပဲ ဆောက်ပေးတာ။ အိမ်သာတက် ဖြစ်ရုံပဲ ဆောက် ပေးတယ်။ ရွာထဲမှာလည်း ဒီလိုအိမ်သာပဲသုံးကြတယ်။ 

ခုတော့ အဲဒီလိုအိမ်သာမျိုးတွေ မရှိတော့ပါဘူး။ ကျွန်မတို့ ရောက်ပြီးတော့မှ ရေတံလျှောက်တွေကို ပြန်ပြင်တာမျိုးတွေလုပ်ရတယ်။ ရေကလည်း ကန်ထဲ ကိုသွယ်ပြီး ထည့်ထားတယ်။ ခုတော့ အဆင်ပြေသလို ရှိပါပြီ။ ယင်လုံအိမ်သာမရှိဘူးဆိုရင်တော့ ကလေး တွေအတွက် ကျန်းမာရေးကစ အကုန်ဒုက္ခရောက်တဲ့ အခါကျတော့ သူတို့ကိုလည်း ပညာပေးတာမျိုးတွေ လုပ်ရတယ်။  ကျွန်မတစ်ခါကြုံဖူးတယ်။ ကလေးတွေ တစ်ယောက်က အိမ်သာသွားပြီး ဆေးမလာတဲ့အခါ ကျတော့ စာတောင်မသင်နိုင်ဘူး။ ကလေးက သူ့ ဘောင်းဘီနဲ့သူ သုတ်လာတယ်။ တခြားကလေးတွေ ကလည်း သူ့နားကို မကပ်ချင်ကြဘူး။ အဲဒါကို ကျန် တဲ့ကလေးတွေကို ရေခပ်ခိုင်းပြီး ရေလောင်းခိုင်းရ တယ်။ နောက်တစ်ခါကျ ကလေးတွေကို အကုန်သင် ပေးရတယ်။ ကျွန်မကလည်း ရှမ်းလိုမပြောတတ်ဘူး။ ကလေးတွေကလည်း ဗမာလို သိပ်နားမလည်ဘူး။ နားလည်သလောက်တော့ နားလည်တယ်။ ကျွန်မ လည်း တတ်နိုင်သလောက်တော့ ပြောပြရတယ်။ စာသင် ခန်းတွေထဲမှာ စာသင်ရင်းနဲ့ ကိုယ့်ကလေးတွေကို ပြောပြရတယ်။ နိုင်ငံတော်အလေးပြုတဲ့အခါတွေမှာ လည်းပြောပြတယ်။ သတ်မှတ်ထားတာက ကျောင်းသာ ၅၀ ကို အိမ်သာတစ်လုံးသတ်မှတ်ထားတယ်။ ကျွန်မ တို့ကျောင်းကတော့ အချိုးကျပါတယ်။ တချို့ကျတော့ အိမ်သာမလုံလောက်တာမျိုးရှိတော့ စစ်ဆေးရေး တွေလာရင် တင်ပြရတယ်။ မလုံလောက်တာတော့ မဟုတ်ဘူး။ အိမ်သာမကောင်းတာတို့ မရှိတာတို့ပါ။ အိမ်သာမကောင်းရင် ကလေးတွေအတွက် ဒုက္ခရောက် တယ်။ ယင်လုံအိမ်သာမရှိဘူးဆိုရင်တော့ ကလေးတွေ အတွက် အစားအသောက်ကစ ယင်နားစာစားမိရင် ဝမ်းလျှောရောဂါတွေတို့ လက်မဆေးတဲ့အခါမျိုးတွေ မှာ ဗိုက်နာတာတို့ ဖြစ်နိုင်တယ်။