News

POST TYPE

EDUCATION

ထိုင်းပညာရေးစနစ် ကျဆုံးနေပြီလား
25-Nov-2017 tagged as ပညာရေး

UNESCO ၏ နောက်ဆုံး အစီရင်ခံစာတစ်စောင်တွင် ထိုင်းနိုင်ငံ ပညာရေးစနစ်သည် အစိုးရ၏လုပ်ရပ်များကြောင့် စိတ်ပျက်စရာ ကောင်းနေပြီး၊ ထိုင်းပြည်သူတွေကလည်း ထိုနည်းတူဖြစ်ကြောင်း ပါရှိသည်။ ထိုအစီရင်ခံစာကြောင့် ထိုင်းနိုင်ငံ အစိုးရသည် မျက်လုံးပြူးသွားရသည်။

UNESCO ၏ 2017-18 Global Education Monitoring Report တွင် ထိုင်းနိုင်ငံ၏ အတိတ်၊ ပစ္စုပ္ပန် ပညာရေးအကြောင်းကို သုံးသပ် ဝေဖန်ပြထားသည်။ အထူးသဖြင့် တစ်ကမ္ဘာလုံးက လက်ခံကျင့်သုံးနေသည့် ပညာရေးစနစ်တွင် ကျဆုံးနေမှုများကို ထောက်ပြထားသည်။ လက်ရှိ စစ်အစိုးရ၏ အခြေခံပညာရေးဘက်တွင် ပျက်ကွက်နေမှုများကို ဝေဖန် ထောက်ပြထားခြင်းဖြစ်သည်။

ထိုအစီရင်ခံစာတွင် ထိုင်းနိုင်ငံသည် လျင်မြန်စွာ တိုးတက်ပြောင်းလဲနေသည့် ကမ္ဘာကြီးနှင့်အညီ ခေတ်မီသည့် ပညာရေးမျိုးကို ကျောင်းသားများ လေ့လာသင်ယူနိုင်ရေးအတွက် စီစဉ်ပေးရန်လည်း တိုက်တွန်းထားသည်။ အထူးသဖြင့် ထိုင်းနိုင်ငံပညာရေးတွင် သင်ရိုးညွှန်းတမ်းများကို ပြန်လည် ဆန်းစစ်ဝေဖန်သင့်ပြီဟုထင်သည်။ 

အရေးအကြီးဆုံးမှာ ဆရာနှင့် ကျောင်းအဖွဲ့အစည်းများကို ဦးဆောင်နေသူတို့အား လုံးဝ ပြုပြင်ပြောင်းလဲပေးရန် ဖြစ်သည်။ ပညာရေး ပြုပြင်ပြောင်းလဲမှုတွင် ဆရာနှင့် မိဘများကို ဦးစွာ ပြုပြင်ပြောင်းလဲမှု မလုပ်နိုင်လျှင် အောင်မြင်နိုင်မည် မဟုတ်ပေ။ 

နောက်တစ်ချက်မှာ ၂၁ ရာစုနှင့်အညီ ထိုင်းနိုင်ငံ ကျောင်းများတွင် ICT ကို တပ်ဆင်ပေးနိုင်ရန် ကြိုးစားခြင်းဖြစ်သည်။ ကျောင်းတိုင်းတွင် သတင်းအချက်အလက်နှင့် နည်းပညာကို ရယူသုံးစွဲနိုင်ခြင်း မရှိလျှင် အောင်မြင်မည်မဟုတ်ပေ။ အထူးသဖြင့် ဆရာတွေကို ဦးစွာ နည်းပညာနှင့် ထိတွေ့စေပြီး ကျွမ်းကျင်သည့် ဆရာများဖြစ်စေရန် ပြုပြင်ပြောင်းလဲခြင်းကို မလုပ်ဆောင်နိုင်သရွေ့ ပညာရေးတွင် အောင်မြင်နိုင်မည် မဟုတ်ပေ။ 

တစ်ချိန်က ထိုင်းနိုင်ငံတွင် ကလေးတိုင်း အသက် ၁၅ နှစ်အထိ အခမဲ့ ပညာသင်ကြားခွင့် ရမည်ဟု ကတိပေးခြင်း ခံခဲ့ရဖူးသည်။ လာမည့် ၂၀၃၆ ခုနှစ်တွင် ထိုင်းနိုင်ငံကို ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံတစ်နိုင်ငံဖြစ်ရမည်ဆိုကာ အလယ်အလတ် ဝင်ငွေရှိသူများ လျော့ပါးရေးကို လုပ်ဆောင်သည့်အနေနှင့် ဝန်ကြီးချုပ် ပရာယွတ် အိုချာ ကိုယ်တိုင် ကတိတွေ ပေးခဲ့သော်လည်း၊ သူသာ နောက်တစ်ကြိမ် ရွေးကောက်ခံရရန် ပြင်ဆင်နေသည် ထိုင်းနိုင်ငံ ပညာရေးကတော့ နိမ့်ကျနေဆဲဖြစ်သည်။ 

OECD နိုင်ငံများက ထုတ်ပြန်သည့် “Education at a Glance 2017” အစီရင်ခံစာတွင် တစ်ကမ္ဘာလုံးဆိုင်ရာ ပညာရေးကို ဝေဖန်သုံးသပ်မှုများ ပြုလုပ်ထားကြောင်း တွေ့ရသည်။ OECD အဖွဲ့ဝင်နိုင်ငံများအတွင်း နိုင်ငံ GDP မှ ပညာရေး အသုံးစရိတ်များကို ထိုအစီရင်ခံစာတွင် ဖော်ပြထားရာ၌ ဗြိတိန်က ၆ ဒသမ ၆ ရာခိုင်နှုန်း၊ ဒိန်းမတ်က ၆ ဒသမ ၅ ရာခိုင်နှုန်း၊ နယူးဇီလန်က ၆ ဒသမ ၄ ရာခိုင်နှုန်းဖြစ်ကြောင်း တွေ့ရသည်။ ထိုအချိန်တွင် ထိုင်းနိုင်ငံ ပညာရေးအတွက် GDP မှ အသုံးပြုမှုမှာ ၄ ရာခိုင်နှုန်းသာ ရှိသည်။ ထိုပမာဏသည် အစိုးရဘတ်ဂျက်မှ ၂၀ ရာခိုင်နှုန်း သုံးသည်ဆိုသော်လည်း ပညာရေးတွင် ဇောက်ထိုးဆင်းမြဲဖြစ်နေသည်။ 

ယမန်နှစ်ကတည်းက WTO အဖွဲ့ အထွေထွေ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ယူခဲ့ဖူးသူ ဆူပါချိုင် ပါနစ်ချပက်ဒီက ဆွေးနွေးပွဲတစ်ခုတွင် “A University for the 21st Century” ခေါင်းစဉ်ဖြင့် စာတမ်းတစ်စောင် ဖတ်ခဲ့သည်။ ထိုစာတမ်းတွင် ထိုင်းနိုင်ငံပညာရေးစနစ် ကျဆုံးနေရပုံ၊ ဘတ်ဂျက်ကို မတိုးချဲ့နိုင်ပုံ၊ နိုင်ငံတကာကို မယှဉ်နိုင်ခဲ့ပုံများကို ဆွေးနွေးတင်ပြ သွားခဲ့သည်။ မူဝါဒ ရေးဆွဲသူများ အနေနှင့် ထိုင်းနိုင်ငံ ပညာရေးစနစ်၏ အခက်တွေ့နေမှုများကို ပြန်လည် သုံးသပ်သင့်ပြီး အဘယ်ကြောင့် ထိုင်းနိုင်ငံမှ ကလေးများသည် ကမ္ဘာ့အဆင့် ပညာရေး၏ စစ်ဆေးတိုင်းတာမှုများကို မယှဉ်နိုင်ရသနည်းဟု မေးခွန်း ထုတ်သွားခဲ့သည်။ 

အထူးသဖြင့် ယနေ့ ကမ္ဘာတစ်ဝန်းတွင် နာမည် ကျော်နေသည့် Programme for International Students Assessment (PISA) စစ်ဆေးမှု စာမေးပွဲတွင် ၂၀၁၅ ခုနှစ်က စင်ကာပူ၊ ဟောင်ကောင်၊ ကိုရီးယား၊ တရုတ်၊ တိုင်ပေနှင့် ဂျပန်တို့သည် ထိပ်ဆုံးနေရာတွင် ရှိနေသည်။ အထူးသဖြင့် သင်္ချာနှင့် သိပ္ပံတွင် ထိုနိုင်ငံများမှ ကလေးများသည် တစ်ကမ္ဘာလုံးတွင် အတော်ဆုံး ဖြစ်နေကြသည်။ 

စင်ကာပူနိုင်ငံသည် ကမ္ဘာ့သိပ္ပံနှင့် သင်္ချာစစ်ဆေးမှုတွင် ထိပ်ဆုံးက ဖြစ်သည်။ စင်ကာပူနိုင်ငံ၏ ပညာရေးစနစ်ကလည်း အရှိန်နှင့်ပြေးပြီး တင်းကျပ်သော စည်းကမ်းများကြောင့် နာမည်ကျော်နေခဲ့ရသည်။ ထို့ပြင် စင်ကာပူသည် ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုများသည်။ အရည်အသွေးပြည့် သင်ကြားနိုင်ရေး၊ Quality ပညာဖြစ်ရေး၊ ဘွဲ့ရလျှင် အကောင်းဆုံး ကျွမ်းကျင်သူများ ဖြစ်လာရေးတို့ကို ဦးတည်ဖော်ဆောင်နေသည်။ 

PISA စာမေးပွဲကို ဝင်ရောက် ဖြေဆိုသော နိုင်ငံပေါင်း ၇၀ ခန့်ရှိသည့်အနက် ထိုင်းနိုင်ငံ အဆင့်က ၅၄ လိုက်နေသည်။ ၂၀၁၂ ခုနှစ် စာမေးပွဲကတည်းက နာလန် မထူနိုင်ခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ထိုင်းနိုင်ငံက PISA စာမေးပွဲတွင် သင်္ချာ (အဆင့် ၅၄)၊ စာဖတ်စွမ်းရည် (အဆင့် ၅၇)၊ သိပ္ပံ (အဆင့် ၅၄) ဖြစ်နေကြောင်း တွေ့ရသည်။

ထိုင်းနိုင်ငံ ပညာရေးဝန်ကြီးဌာန အနေနှင့် ပညာရေးစနစ်တွင် တစ်ကမ္ဘာလုံးက အလေးအနက်ထားနေသည့် PISA အပေါ် အဘယ်ကြောင့် တိုးတက်မြင့်မားလာစေရန် ကြိုးစားအားထုတ်မှုများ မလုပ်နိုင်ရသေးသနည်းဟု မေးခွန်းထုတ်စရာတွေ ဖြစ်လာသည်။ 

အစိုးရအနေနှင့် ပညာရေးတွင် အထက်တန်းစားကျောင်းများနှင့် အစိုးရကျောင်းများ ကွာဟမှုမရှိစေရေး တစ်ခုတည်းကို လုပ်ဆောင်နေ၍ မဖြစ်ပါ။ ထိုင်းနိုင်ငံတွင် ယနေ့ ဖြစ်နေသည်မှာ မြို့ပြမှ ကျောင်းအကောင်းစားများနှင့် ကျေးလက်မှ ကျောင်းများ၏ ပညာသင်ကြားမှု အဆင့်အတန်းများ ကွာခြားနေခြင်း ဖြစ်သည်။ 

နိုင်ငံတကာကို ယှဉ်နိုင်ရန်ဆိုသည်မှာ အင်္ဂလိပ်စာကိုလည်း ကမ္ဘာ့အဆင့်အတိုင်း တတ်မြောက်စေရန် သင်ကြားနိုင်ဖို့ လိုသည်။ ထိုင်းနိုင်ငံတွင် လက်ရှိ ကျင့်သုံးနေသည့် ပညာရေးစနစ်မှာ ဖင်လန်နိုင်ငံ ပညာရေးစနစ်အတိုင်း ဖြစ်သည်။ ဖင်လန်နိုင်ငံသည် ကမ္ဘာ့ထိပ်တန်း နံပါတ် ၂ အဆင့်လောက်ကို ပညာရေးစနစ်တွင် ပိုင်ဆိုင်ထားသည့်နိုင်ငံ တစ်နိုင်ငံဖြစ်သည်။ ဖင်လန်နိုင်ငံ ပညာရေး အောင်မြင်မှုကို လေ့လာသုံးသပ်ကြည့်သည့်အခါတွင်

- ဆင်းရဲသည့်သူ မရှိသလောက်ဖြစ်သည်။

- ကျောင်းသားများသည် အင်္ဂလိပ်စာ အပါအဝင် အခြားဘာသာစကားများကို ကျွမ်းကျင်ကြသည်။ ဖင်လန်ကျောင်းများတွင် ပညာသင်ကြားနေသည့် ကလေးများသည် ဖင်လန်၊ ဆွီဒင်၊ အင်္ဂလိပ် ဘာသာစကား သုံးမျိုးကို ကျွမ်းကျင်စွာ တတ်မြောက်ကြသည်။

- ဖင်လန်နိုင်ငံတွင် ဆရာတွေ၏ ဘွဲ့ထူး ဂုဏ်ထူးတွေကလည်း လေးစားကြည်ညိုဖွယ်ဖြစ်ပြီး၊ မိဘတွေကလည်း လေးစားချစ်ခင် ယုံကြည်ကိုးစားကြသည်။

ဖင်လန်နိုင်ငံတွင် ကျောင်းဆရာတစ်ယောက်ဖြစ်ရန် အလွန်ခက်ခဲသည်။ နိုင်ငံ၏ ဘွဲ့ရများထဲမှ ကျောင်းဆရာအဖြစ် ရွေးချယ်နှုန်းက ၁၀ ရာခိုင်နှုန်းသာရှိသည်။ ပညာရေးတွင် သာမန်ဘွဲ့နှင့် ဆရာ မခန့်။ အနည်းဆုံး မာစတာဘွဲ့လောက်က စခန့်သည်။ ထိုင်းနိုင်ငံက ဖင်လန် ပညာရေးစနစ်အတိုင်း ကျင့်သုံးသည်ဆိုစေ ဆရာများနှင့် ပတ်သက်ပြီး ခန့်ထားမှုမှာ အားနည်းလှသည်။ ထိုင်းနိုင်ငံတွင် အဓိက လိုအပ်ချက်မှာ အရည်အသွေးပြည့် ကျွမ်းကျင်ဆရာများဖြစ်သည်။ 

ထိုင်းနိုင်ငံပညာရေး ကျဆုံးနေခြင်းအကြောင်း တရားမှာ UNESO က ချမှတ်ထားသည့် Quality ပညာရေးကို မဖော်ဆောင်ပေးနိုင်သေးခြင်း၊ လူတိုင်းအတွက် ပညာရေး (Education for all) ဆိုသည်ကို အကောင်အထည် မဖော်နိုင်သေးခြင်းများကြောင့် ဖြစ်သည်ဟု UNESCO က သုံးသပ်ထားသည်။ 

(Ref: Bangkok Post)
E-01