News

POST TYPE

EDUCATION

ဆော်ဒီအာရေးဗီးယားနိုင်ငံနှင့် ကမ္ဘာ့အဆင့်ဝင်ရန် ကြိုးပမ်းချက်များ
25-Nov-2017 tagged as ပညာရေး


ဆော်ဒီအာရေးဗီးယားနိုင်ငံသည် ယခုနောက်ပိုင်း တွင် ကမ္ဘာ့အဆင့် စွမ်းရည်ပြိုင်ပွဲတိုင်းလိုလိုတွင် ပါဝင် နိုင်ရန် ကြိုးပမ်းလာပြီး (Talent Ranking) များကို ရယူလာရန် ကြိုးပမ်းလာကြောင်း တွေ့ရသည်။ အားထုတ်မှုက အံ့မခန်းပင် ပြင်သစ်၊ မလေးရှား၊ ဂျပန်နိုင်ငံများ အပါအဝင် နိုင်ငံပေါင်း ၃၀ စာရင်းဝင်နိုင်ငံ တစ်နိုင်ငံဖြစ်လာသည်။ IMD World Talent Rankings တွင် ဆော်ဒီနိုင်ငံသည် အဆင့် ၂၆ ချိတ်သည်။

ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု အနေနှင့် နိုင်ငံ၏ GDP မှ ၈ ဒသမ ၈ ရာခိုင်နှုန်းအထိ ထုတ်သုံးနေသည်။ ကမ္ဘာ့အဆင့်အနေနှင့် ကြည့်လျှင်လည်း ပညာရေးတွင် စိုက်ထုတ်သုံးစွဲမှု အမြင့်ဆုံး နိုင်ငံတစ်နိုင်ငံဖြစ်သည်။ 

ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှု များလာခြင်းသည် ဆော်ဒီ အာရေးဗီးယားနိုင်ငံအား IMD တွင် ထိပ်တန်းကို ရောက်လာစေခြင်းဖြစ်သည်။ သူတို့နိုင်ငံ၏ စီးပွားရေး အနေအထားကလည်း ကောင်းသည်။ ပညာရေးကို မြှင့်တင်နေသလို ဘက်စုံဖွံ့ဖြိုးရေးကို ဦးတည် ဆောင်ရွက်နေသောကြောင့် ထိပ်တန်း နိုင်ငံများစာရင်း ဝင်လာခြင်းဖြစ်ကြောင်း ဆွစ်ဇာလန်အခြေစိုက် IMD ဌာန၏ စီးပွားရေးပညာရှင် ခရစ်တော့ ကာဘိုလိစ်က  ပြောကြားသည်။ 

IMD World Talent Ranking ကို နှစ်စဉ် ဖော်ထုတ်ခဲ့သည်မှာ လေးနှစ်ရှိခဲ့ပြီဖြစ်သည်။ ထိုအဆင့် သတ်မှတ်ချက် ဝင်ရန်အတွက် စီးပွားရေးကလည်း ရှင်သန်အားကောင်းရန်လိုသည်။ ဆော်ဒီတွင် အခွန် ကောက်ခံမှုနှုန်းထားများ လျှော့ချထားသည်။ လုပ်ခကို သင့်တင့်မျှတစွာ ပေးထားနိုင်သည်။ ထို့ပြင် အလုပ်သမားများအတွက် လုံခြုံရေးကိုလည်း အပြည့်အဝ တာဝန်ယူထားသည်။ 

IMD အဆင့်ဝင်ရန်အတွက် နိုင်ငံတစ်နိုင်ငံသည် စွမ်းဆောင်မှု သုံးရပ်ကို လုပ်ဆောင်ပြရသည်။ ယင်းတို့မှာ (၁) ရင်းနှီးမြှုပ်နှံမှုနှင့် ဖွံ့ဖြိုးတိုးတက်မှု (၂) ဆွဲဆောင်နိုင်စွမ်းရှိမှု (၃) အသင့်အနေအထားရှိမှုတို့ဖြစ်သည်။ (investment and development, appeal, and readiness) 

အထက်ပါ သုံးချက်ကို အကဲဖြတ်ရာတွင် နိုင်ငံတစ်နိုင်ငံ၏ ပညာရေးကို အဓိက ထားပြီး ပိုင်းဖြတ်သည်။ အလုပ်သင်အဖြစ် သင်တန်းပေးမှု၊ လုပ်ငန်းခွင်သင်တန်း၊ ဘာသာစကား ကျွမ်းကျင်မှု၊ လူနေမှုစရိတ်၊ နေထိုင်မှု အဆင့်အတန်း၊ လုပ်ခ လစာပေးမှု၊ အခွန် ကောက်ခံမှုနှုန်းထားတို့ကိုလည်း ထည့်တွက်သည်။ IMD အဆင့်ကို သတ်မှတ်ရာတွင် နိုင်ငံတကာမှ စီးပွားရေး ပညာရှင်ပေါင်း ၆၃ ဦးက ပိုင်းဖြတ်ခြင်းဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော် နိုင်ငံတစ်နိုင်ငံ၏ ပညာရေး၊ စီးပွားရေး၊ လူမှုရေး စွမ်းဆောင်ချက်များအပေါ် ပိုင်းဖြတ်ကာ အဆင့် သတ်မှတ်ပေးခြင်းဖြစ်သည်။ 

ဆော်ဒီ အာရေးဗီးယားနိုင်ငံသည် Investment and Development တွင် အဆင့် ၂၆၊ Appeal တွင် အဆင့် ၃၁ နှင့် Readiness အပိုင်းတွင် အဆင့် ၂၆ ချိတ်သည်။ စုစုပေါင်း ပျမ်းမျှအဆင့် သတ်မှတ်ချက်အားဖြင့်လည်း ကမ္ဘာ့ အဆင့် ၂၆ ဖြစ်သည်။ 

“ဆော်ဒီ အာရေးဗီးယားနိုင်ငံရဲ့ ပညာရေး ရင်းနှီးမြှုပ်နှံမှုကတော့ အထင်ကြီး လေးစားစရာ ကောင်းတယ်။ အနာဂတ်မှာ တကယ့်ကို စွမ်းဆောင်ရေးကောင်းတဲ့ ပညာရှင်တွေ အများကြီး ရှိလာမှာ ကျိန်းသေတယ်”ဟုပင် ကာဘိုလိစ်က ထုတ်ဖော်ချီးကျူးခဲ့သည်။ 

ဆော်ဒီ အားရေးဗီးယားနိုင်ငံ၏ ကမ္ဘာ့အဆင့် Talent ဝင်ရန် ကြိုးပမ်းမှုတွင် ပညာရေးကို မြှင့်တင်နိုင်ခြင်းက အဓိက အကြောင်းတရား ဖြစ်နေသည်ကို လေ့လာ တွေ့ရှိနိုင်ပါသည်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုတွင် ပညာရေးကို အကောင်းဆုံး ရင်းနှီးမြှုပ်နှံနိုင်သည့်နိုင်ငံများမှာ အဖွံ့ဖြိုး အတိုးတက်ဆုံး ဖြစ်နေသည်ကို တွေ့ကြရမည်။ ပညာရေးဖြင့် မျိုးဆက်သစ်ကို ဉာဏ်အမြော်အမြင်ရှိစွာ မွေးထုတ်ခြင်းဟူ၍ပင် ဆိုနိုင်သည်။ 

ဆော်ဒီတွင် ကျောင်းသားနှင့် ဆရာအချိုးမှာ ၁၁း ၁ ဖြစ်သည်။ ကျောင်းသား ၁၁ ဦးလျှင် ဆရာ ၁ ဦးနှုန်း သင်ကြားနေသည်။ သို့သော် လုပ်ငန်းခွင်တွင် အမျိုးသမီး အရေအတွက်ကတော့ နည်းသည်။ ထို့ကြောင့် သင်တန်းတွင် အမျိုးသမီးများကို သင်တန်းပေးမှု နည်းပါးကြောင်းလည်း လေ့လာနိုင်သည်။ 

ဗစစနေူ ဆိုသည့် ဆွဲဆောင်နိုင်မှုအပိုင်းတွင် နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များကိုခေါ်ထားပြီး ကောင်းကောင်းပေးကာ ခိုင်းထားနိုင်သည်မှန်သော် လည်း ပြည်တွင်းက လုပ်အားကို ထုတ်သုံးနိုင်မှုမှာ နည်းပါးလှသည်။ 

Appeal အပိုင်းတွင် နိုင်ငံတကာမှ ကျွမ်းကျင်လုပ်သားများကို မွေးထားနိုင်သဖြင့် ပြည်တွင်း လုပ်သားများအတွက်လည်း ကျွမ်းကျင်သူပေါများသည်။ လုပ်ငန်းအတွက် မည်သည့်လုပ်ငန်းကို လုပ်သည်ဖြစ်စေ သူတို့တွင် ကျွမ်းကျင်လုပ်သားများ အသင့်အနေအထားရှိစေရန် ဖန်တီးထားနိုင်သည်။ 

ဆော်ဒီသည် မွတ်ဆလင်နိုင်ငံ တစ်နိုင်ဖြစ်ပြီး ဘာသာရေး စည်းကမ်းများ တင်းကျပ်သည်ဆိုသော်လည်း ယခုအခါတွင် ဖြေလျှော့မှုများကို ပြုလုပ်ပေးလျက်ရှိသည်။ အမျိုးသမီးများကို ယခင်က ကားမောင်းခွင့်ပင် မပေးခဲ့သည့်နိုင်ငံက ယခုအခါ ကားမောင်းခွင့်များကို ပြန်လည် ပေးအပ်လာကြောင်း တွေ့ရသည်။ 

နိုင်ငံတကာအဆင့် ရောက်ရန် နိုင်ငံတကာစံကို လိုက်နာပြီး နိုင်ငံတကာ နည်းများအတိုင်း ဆောင်ရွက်မည်ဆိုပါက ဆော်ဒီ အာရေးဗီးယားနိုင်ငံ၏ အနာဂတ်သည် ဖွံ့ဖြိုးတိုးတက်မှုအပိုင်းတွင် အားလုံးကို ကျော်ဖြတ်သွားနိုင်သည်။

နိုင်ငံတစ်နိုင်ငံသည် ချမ်းသာတိုင်း ပညာရေးတွင် ရင်းနှီးမြှုပ်နှံမှုကို ရက်ရောစွာ လုပ်ဆောင်နိုင်သည် မဟုတ်ပါ။ ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ အနာဂတ်အရေးဖြစ်ကြောင်း ကောင်းစွာ သဘောပေါက်ထားသည့် ဆော်ဒီ အာရေးဗီးယားနိုင်ငံ၏ ကြိုးပမ်းနေမှုများသည် အကြောင်းမဲ့ မဟုတ်တန်ရာ။

E-01
(Ref: Arab News)