News

POST TYPE

EDUCATION

အမေရိကန်နှင့် ဖိလစ်ပိုင် ဆက်ဆံရေး ကောင်းမွန်ကြောင်း နှစ်နိုင်ငံခေါင်းဆောင်များ ပြောကြား
14-Nov-2017 tagged as အမေရိကန်


မနီလာ၊ နိုဝင်ဘာ ၁၃

အာပေါင်အာရင်းသန်သန်ဖြင့် ရှေ့မကြည့် နောက်မကြည့် ပြောပုံချင်း တူညီသော သမ္မတ ဒေါ်နယ်ထရမ့်နှင့် သမ္မတ ရိုဒရီဂိုဒူတာတေးတို့နှစ်ဦးသည် နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်နေပါကြောင်း တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် ပြောကြားသွားသည်။

အဆိုပါ ဆွေးနွေးဝိုင်းတွင် ဖိလစ်ပိုင်နိုင်ငံအတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများအကြောင်းကို မစ္စတာထရမ့်အနေနှင့် ပြောကြားခဲ့ခြင်း ရှိ မရှိကိုမူ မသိရှိရသေးပေ။

အိုဘားမား အစိုးရလက်ထက်က မစ္စတာဒူတာတေး၏ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစစ်ပွဲကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီး အဆိုပါ တိုက်ခိုက်မှုများကြောင့် တရားစီရင်ခြင်း မခံရဘဲ သုတ်သင်ခံရသူ ၄၀ဝ၀ ခန့် ရှိခဲ့သည်။

မစ္စတာထရမ့်၏ အာရှခရီးစဉ်အပြီး သတ်လုနီးပါးရှိကာ ဖိလစ်ပိုင်ခေါင်းဆောင်နှင့် နောက်ဆုံး တွေ့ဆုံခဲ့ခြင်းဖြစ်သည်။ 

ဆွေးနွေးပွဲအပြီးနောက် ဖိလစ်ပိုင်ရှိ လူ့အခွင့်အရေး အခြေအနေများအပေါ် ဆွေးနွေးပြောကြားခဲ့ခြင်း ရှိ မရှိ မေးခွန်းကို ထရမ့်က မဖြေကြားခဲ့ပေ။

ဒူတာတေး၏ ပြောခွင့်ရအရာရှိက ပြောကြားသည်မှာ ယင်းခေါင်းစဉ်အကြောင်း မပြောခဲ့ကြဟူ၍ ဖြစ်ပါသည်။ 

မူးယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ပွဲအကြောင်း ပြောကြားရင်း အဆိုပါ အကြောင်းအရာကို ထည့်သွင်း ပြောကြားခဲ့ပါသည်ဟု အိမ်ဖြူတော် ပြောခွင့်ရအရာရှိ ဆာရာဆန်းဒါးစ်က ပြောကြားခဲ့ပြီး အသေးစိတ်ကိုမူ ထုတ်ပြန်ခြင်းမရှိပေ။

၂၀၁၆ တွင် မစ္စတာဒူတာတေး အာဏာရလာပြီးနောက် ဒုစရိုက်ဂိုဏ်းများကို အသည်းအသန် နှိမ်နင်းခဲ့ပြီး နှိမ်နင်းသည့် နည်းလမ်းများသည် အခြေခံ လူ့အခွင့်အရေးများကို မျက်ကွယ်ပြုထားသည်ဟု ဝေဖန်ခံထားရသည်။

မူးယစ်ဆေးဝါးဂိုဏ်းနှင့် ပတ်သက်သူများကို အစစ်အဆေးမရှိ ပစ်သတ်ခဲ့ကာ မူးယစ်ဆေးစွဲနေသူ ၃ သန်းလုံးကို ပစ်သတ်ရန်အတွက် ဝန်မလေးဟုလည်း ပြောကြားခဲ့သည်။ 

ငယ်ငယ်က လူတစ်ဦးကို ဓားဖြင့်ထိုးသတ်ဖူးသည်ဟု ပြောကြားခဲ့ပြီးနောက် ဒူတာတေး၏ ပြောခွင့်ရ အရာရှိက ဟာသပြောခြင်းသာဖြစ်ပါသည်ဟု ဆိုခဲ့သည်။ 

F-02